>quick way to hell for Paw Tar Gyi

>

ပေါတာကြီးတို့ ငရဲ မြန်မြန်ရောက်တဲ့နည်း
ဂျော်ဒီး
အောက်တိုဘာ ၂၀၊၂၀၁၀


“ဖွတ်ချက်…ဖွတ်ချက်… ဒုတ်..ဒုတ်..ဒုတ်..ဒုတ်”

ထော်လာဂျီသံ တညံညံကြားမှ… ဝေလေလေ အော်သံတွေ ကြွက်စီကြွက်စီ ကြားနေရလို့ စပ်စုဖို့ အိမ်ရှေ့ ထွက်ခဲ့တယ်…..။

ထော်လာဂျီ၂စီးနဲ့ လူတသိုက်ကို ကြည့်ရင်း …ဘယ်ရွာနဲ့ဘယ်ရွာ ဘောလုံး ချိန်းကန်ကြပါလိမ့် လို့ တွေးနေတုန်း ….

တူတော်မောင် သာဂိ…. မျက်နှာမသာမယာနဲ့ လူကြားထဲက ထွက်လာတယ်…..။ ပါးစပ်ကလည်း ….

“အမလေးဗျာ….စားလောက်.. သောက်လောက်….။ ဖွတ်ပါတီက မဲဆွယ်တာကလည်း …. လူတယောက်ကို ဆန်တပြည်နဲ့ ဖွတ်ပါတီ တံဆိပ် ရိုက်ထားတဲ့ စွပ်ကျယ် ၁ ထည် တဲ့။ တိုင်းပြည် ဘဏ္ဍာငွေတွေ ဘုံးထားတာမှ အားမနာ…”

“သြော်…အဲဒါ.. ဖွတ်ကောင်တွေ မဲဆွယ်နေတာလား ..။ အေးလေ… ဦးနုခေတ်တုန်းက မဲဆွယ်သလို လူတကိုယ် ကားတစီး … တိုက်တလုံးဆို.. ဟုတ်သေး”

“အဲဒါဘဲပေါ့…ဂျီးဒေါ်။ ဖွတ်ပါတီက တနပ်စား ..ကြံတယ် ဆိုတာ..။ ဆန်တပြည် ဆိုတော့…တနပ်ပဲ စားကြပေါ့”

“နေဦး …သာဂိ။ မျက်နှာလည်း ..မကောင်းပါလား …ငါ့တူ”

“စိတ်မကောင်းလို့… ဂျီးဒေါ်ရေ… စိတ်မကောင်းလို့..”

“ဒုက္ခော…ဘယ်လိုဖြစ်လို့… စိတ်မကောင်းရသတုံး”

“စိတ် လုံးဝ မကောင်းဘူး …ဂျီးဒေါ်..။ လက်ဘက်ရည်ဆိုင်မှာ စီအန်အန်သတင်းဌာနက လွှင့်တဲ့ ချီလီ မိုင်းလုပ်သား (၃၃)ယောက်ကို ကယ်ဆယ်တဲ့ သတင်းတွေ ကြည့်ပြီး … စိတ်မကောင်းဖြစ်လာတာ..ဗျ”

“ဆိုပါဦး ..ငါ့တူ”

“ချီလီသမတကြီးကလည်းဗျာ…တကယ် တော်တယ်…။ သူ့ပြည်သူတွေကို ဂရုစိုက်ပုံများ ..။ ကယ်ဆယ်ရေး တချိန်လုံးလည်း အနီးကပ်… အားပေးနေတာများ။ လူသား ဆန်လိုက်တာ…။ မြန်မာပြည်က ပေါတာကြီးနဲ့များ ကွာပါ့…ကွာပါ့”

“ဟဲ့… ချီသမတကြီးက….ပြည်သူတွေနဲ့ အနီးကပ်နေတယ်။ ဟုတ်လား …။ ကြား ….ကြားဖူးပေါင်..။ ရွေးကောက်ပွဲများ နီးလို့…မဲဆွယ်နေတာများလား ..”

“ဟာ..ဂျီးဒေါ်ကလည်း ….။ ကျနော်တို့ဆီက ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ ၀င်မယ့် အာဏာရ ၀န်ကြီးတွေများ မှတ်နေလို့လား …”

“သိပါဘူးဟယ်….။ တို့ဆီက အကြီးအကဲကြီးတွေ ဆိုရင်.. သူတို့ လာတဲ့လမ်းက လမ်းဘေး ဈေးသည်တွေဆို…ဆိုင်တွေ ရွေ့…။ လမ်းတွေ…ပိတ်ထား …။ လုံခြုံရေးတွေ ချထား ….။ ယင်ကောင်တောင်…. လမ်း ဖြတ်မပျံရဘူး …။ သူတို့ သမတကြီးတွေများ …. ပေါ့ဆလိုက်တာ…။ လုံခြုံရေးသတိကို မရှိဘူးနော်….။ တို့…. ပေါတာကြီးလို ထီးတော်မိုးတွေဘာတွေ မပါဘူးလား …”

“တော်ပါ ဂျီးဒေါ်ရာ… ဒီ ပေါတာကြီး ပေါတာလေးတွေကို…။ ချီလီ မိုင်း ကယ်ဆယ်ရေးကတော့… သတင်းထောက်တွေကိုလည်း သတင်း လွတ်လပ်ခွင့် အပြည့်အ၀ ပေးထားတာ…။ ဒီသတင်းကို…. တကမ္ဘာလုံးက…. စိတ်ဝင်တစားကို စောင့်ကြည့်နေလို့ ရတယ်..ဗျ.”

“ဟယ်…. အကုန် လွတ်လပ်ခွင့် ပေးထားတယ်..။ ဟုတ်လား …။ သူ မဟုတ်တာတွေ….. လုပ်ထားတာတွေ ပေါ်ကုန်မှဖြင့်ကွယ်…”

“ထပ်သရီး … ဂျီးဒေါ်..။ သတင်း အမှောင်ချထားတယ် ဆိုတာ….မဟုတ်တာ လုပ်တတ်တဲ့…. အာဏာရှင်တွေမှ လုပ်တာဗျ..။ ခုဆို….ချီလီ သမတကြီးနဲ့ တဖွဲ့လုံး ..။ ချီလီ တနိုင်ငံလုံး …. ပိုတောင် သိက္ခာ တက်သွားသေးတယ်…”

“ဟေ….ဟုတ်လား”

“နောက်ပြီး … နိုင်ငံတကာက ပေးတဲ့ အကူအညီ အကြံဥာဏ်တွေကိုလည်း …လက်ခံတယ်။ ၀ိုင်းဝန်းပြီး ကူညီ ကယ်ဆယ်လိုက်ကြတာ…။ သဘာဝ ဘေးအန္တရာယ်ကို…. လူသားတွေက အနိုင် ရလိုက်တဲ့…ပြယုဂ်ပဲ.. ဂျီးဒေါ်”

“အင်း ..နော်.. တို့ဆီမှာတော့ လူတွေ ဖောက်ချင်တိုင်း ဖောက်ထားတဲ့ ဆည်တွေက… မိုးကြီး လွန်းရင် ဖောက်ချကြ။ ရေတွေ ကြီးကြ…။ လူတွေ… သေကြ..။ ဒုက္ခတွေ…ရောက်ကြ..”

“ဂျီးဒေါ်ရယ်… နာဂစ်တုံးကလည်း … နိုင်ငံတကာ အကူအညီတွေက ကမ်းလှမ်းနေတာကိုလည်း ကာဆီး …ကာဆီး ..။ ဖြတ်စား လတ်စား ..လုပ်။ ကိုယ့်ပြည်သူ အချင်းချင်း ကူညီသူတွေကျတော့လည်း … ဖမ်းဆီး ထောင်နှစ်ရှည်တွေချ..။ အဲဒါတွေနဲ့ နှိုင်းယှဉ် ကြည့်လိုက်တိုင်း … ကျနော် စိတ်မကောင်း ဖြစ်ရလေပဲဗျာ။ ကိုယ့်တိုင်းသူ ပြည်သားတွေ ဒီလောက် ဒုက္ခ ပင်လယ် ဝေနေတဲ့ ကြားထဲက…. ၀မ်းနဲကြောင်း ပြဖို့… နေနေသာသာ..။ နာဂစ် ဖွဲ့စည်းပုံကြီး …အတင်း အတည်ပြုသွားသေးတယ်…”

“အမယ်…တို့အစိုးရမင်းများလည်း … နာဂစ်တုံးက ၀မ်းနည်းကြောင်း အထိမ်းအမှတ် လုပ်သွားပါသေးတယ်..”

“အမလေး …ဂျီးဒေါ်..။ နာဂစ်အပြီး …တရုပ် ငလျင်ဘေးမှာ သူတို့ ဆရာ ၀မ်ကျားသစ်ပေါင်တို့ လုပ်တာ အတု ခိုးပြီး မုန်တိုင်းတိုက်ပြီး ၁လလောက် အကြာမှာမှ…ရုတ်တရက်ကြီး ထပြီး …ဥသြတွေ ဆွဲလိုက်တာလေ..။ ဂျီးဒေါ်တို့တောင်… မီးလောင်တာ မှတ်လို့… အထုပ် အပိုးတွေ ဆွဲပြီး … ပြေးကြသေးတယ်လေ… ဟီး ..ဟီး”

“အေးပါဟယ်…။ အဲဒီ အာဏာရှင်တွေ…လုပ်လိုက်ရင်…. တလွဲချည်းဘဲ…။ သူတို့ အကုသိုလ်နဲ့ သူတို့ ငရဲ ရောက်မှာပါ…”

“ရောက်စမ်းပါစေဗျာ… မြန်မြန်လေး ..။ အော်…ဂျီးဒေါ်… သူတို့ ငရဲ မြန်မြန်ရောက်အောင်… ချီလီက မိုင်းတွင်း အပြိုကြီးထဲ ထဲ့ထားလိုက်ရင် မကောင်းဘူးလား ……ဟီး ..ဟီး”

“အေး ..အေး … ကောင်းတယ်..။ ချီလီ သမတကြီးနဲ့တွေ့ရင် ပြောလိုက်စမ်းပါ…”

(ဤတွင်….တခန်းရပ်)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts