>Ni Lwin Thwe (Dathanika) – Mother

>

အမေ
နီလွင်သွေး (ဒဿနိက)
အောက်တိုဘာ ၂၀၊ ၂၀၁၀

ဂေါ်ဂီရဲ့အမေဝတ္ထုထဲက
လဲသွားတဲ့သားရဲ့အလံကို
သားထံမှ ဆုပ်ကိုင်လျှက်
ချီတက်သွားတဲ့ အမေတယောက်လိုမျိုး
ကိုယ့်ခေတ်ကိုထမ်းပိုးထားတဲ့ လူငယ်တွေနဲ့
အဲဒီလူငယ်တွေကိုမွေးဖွားပေးတဲ့ အမေတွေ
ငါတို့ဗမာပြည်မှာ သိန်းသန်းကုဋေ ရှိတယ်။

ပထမကျောင်းသားသပိတ်မှ
တထောင့်သုံးရာပြည့် အရေးတော်ပုံ
မှိုင်းရာပြည့် အရေးတော်ပုံ
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအထိ
အဲဒီ အရေးတော်ပုံတွေထဲက
သမဂ္ဂနဲ့ ခွပ်ဒေါင်းအလံအောက်
ရဲရဲတောက်ခဲ့ ကျောင်းသားလူငယ်များ
အမှန်တရားမသေတဲ့
မကြွေတဲ့မျိုးဆက်
မျိုးဆက်သွေးသစ်
သမိုင်းဖြစ်တည်ခဲ့။

ကိုအောင်ဆန်းရဲ့အမေ
ဗိုလ်အောင်ကျော်ရဲ့အမေ
ကိုဗဟိန်းရဲ့အမေ
ကိုမင်းကိုနိုင်ရဲ့အမေ
ကိုကျော်ကိုကိုရဲ့အမေ
ကိုဒီငြိမ်းလင်းရဲ့အမေ
အထောင်အသောင်းသော ခွပ်ဒေါင်းတို့ရဲ့အမေတွေ
ဗမာပြည်မှာ ရှိနေတယ်။

ကျောင်းသားတွေ သွေးကြောင်မယ်ဆိုရင်မယ်ဆိုရင်
ခင်ဗျားတို့တရားရုံး နောက်ခံအလံ
မဆလ အလံတောင် ချိတ်နိုင်မှာမဟုတ်ဘူး ဆိုတဲ့
အဲဒီ အညတရသူရဲကောင်းတယောက်ရဲ့ အမေတောင်မှ
သားရဲ့အလောင်းကို ခွပ်ဒေါင်းအလံအုပ်ကာ သင်္ဂြိုဟ်ခဲ့
အဲဒီအမေတွေ အထောင်အသောင်း
ခွပ်ဒေါင်းတွေနေတဲ့ တိုင်းပြည်။

အမေ့သား ထောင်ကလွတ်ရင်
ခွပ်ဒေါင်းအလံနဲ့ လာကြိုမယ်ဆိုတဲ့
အညတရသူရဲကောင်းတယောက်ရဲ့ အမေတောင်မှ
အနီရောင်ကို ခွပ်ဒေါင်းပုံရွှေချည်ထိုးလို့
သားအိုးဝေ အိမ်အပြန်ကိုကြိုဖို့ပြင်ရင်းက
သေပွဲဝင်ခဲ့ရတဲ့
အညတရခွပ်ဒေါင်းမိခင်
ရှစ်လေးလုံးမျိုးဆက်ရဲ့ အမေတယောက်အကြောင်း
အဲဒီလို ဒေါင်းမိခင်တွေနေတဲ့တိုင်းပြည်။

ယုံကြည်တယ်
ဟော့ဒီ ဧရာဝတီမှာ
နီရဲတဲ့ခွပ်ဒေါင်း
ထောင်းသောင်းမက
နိုးထတော့မယ့် မနက်ဖြန်
ခွပ်ဒေါင်းအလံဆုပ်ကိုင်လျှက်
ဖောက်ပြန်တဲ့ စစ်အာဏာရှင်သုတ်သင်ရေးစစ်ပွဲ
တပြည်လုံးနွှဲမယ်နေ့ရက်
မနက်ဖြန်ဖြစ်လိမ့်မယ်။ ။

(ကိုမင်းအောင်နဲ့ ကိုမြင့်ဌေးဦးတို့ရဲ့အမေတွေလို အမေများသို့)

၁၀၊ ၁၆ ၊ ၂၀၁၀ (စနေနေ့)

သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts