>Anti & Pro Election Campaign moves from both side in Burma

>

စစ်အစိုးရရွေးကောက်ပွဲအတွက် နှစ်ဖက်စလုံးက လှုပ်ရှားမှုများ မြှင့်တင်ပြီ
မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၂၀၊ ၂၀၁၀
ယမန်နေ့က စစ်အစိုးရက သတင်းထုတ်ပြန်ရာမှာ သူတို့ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက လေ့လာစောင့်ကြည့်ခွင့် မပေးဘူး၊ မဲရုံဝန်းကျင်မှာတောင် ဓာတ်ပုံရိုက်ခွင့် မပေးနိုင်ဘူးလို့ ပြောလိုက်ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့တွေ၊ သတင်းဌာနတွေ ကိုယ်စား ပြည်တွင်းက သံတမန်နဲ့ ပြည်တွင်းက အစိုးရခွင့်ပြုတဲ့ မီဒီယာတွေကို သတင်းယူခွင့်၊ လေ့လာခွင့်ပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောလိုက်တယ်လို့ ဆိုပါတယ်။
ယနေ့ ထုတ်လွှင့်တဲ့ ကြေးမုံစာမျက်နှာမှာ “ငါတို့မဲပေးတယ်” ဆိုတဲ့ (I Vote) တီရှပ်တွေနဲ့ လူငယ်တွေ ရန်ကုန်မြို့ထဲ သွားလာနေတဲ့ သတင်းဓာတ်ပုံတွေကို ထည့်သွင်းဖော်ပြထားပါတယ်။ ဒါကတော့ ပြည်တွင်း ပြည်ပက ဒီမိုကရေစီအင်အားစုများက မြန်မာ့ဒီမိုကရေစီ အတိုက်အခံအင်အားစု အင်န်အယ်ဒီနဲ့ ထပ်တူ စစ်အစိုးရရွေးကောက်ပွဲကို ဆန့်ကျင်တယ်။ မဲမပေးဘဲ နေခွင့်ရှိတယ် (No Vote) လို့ လှုံဆော် တိုက်တွန်းနေတဲ့ လှုပ်ရှားမှုကို တန်ပြန်တဲ့ သဘောဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
          ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းမကျတဲ့ ၂၀၀၈ အခြေခံဥပဒေပေါ် အခြေခံတာဖြစ်တဲ့အပြင် ဒီမိုကရေစီနည်းလမ်းနဲ့ တရားမျှတမှု လုံးဝမရှိတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကြောင့် နိုင်ငံတကာက ဒီမိုကရေစီ အဖွဲ့အစည်းနဲ့ အသိုင်းအ၀ိုင်းများက လက်ခံနိုင်ခြင်း မရှိကြောင်း ပြောဆိုဝေဖန်လျက် ရှိနေပါတယ်။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနက် စစ်အစိုးရရဲ့ ပါတီ ကြံ့ဖွံ့ (ပြည်ခိုင်ဖြိုး) ပါတီ တခုတည်းကသာ အပြတ်အသတ်နဲ့ မဲဆန္ဒနယ် အားလုံးမှာ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မစတင်ခင်မှာဘဲ ပြိုင်ဘက်မရှိလို့ နယ်မြေ ၅၄ နယ်မှာ ကြံ့ဖွံ့တွေက အမတ်အဖြစ် အလိုအလျောက် ဖြစ်နေပြီလို့လဲ ဦးသိန်းစိုးက ပြောလိုက်ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ရွေးကောက်ပွဲအပြီးမှာ စစ်အာဏာပိုင်တွေက အဆင်သင့်ကြေညာရန်အတွက် အစိုးရအဖွဲ့ တခါတည်း အသင့်ဖြစ်နေပြီလို့လဲ ပြောနေကြပါတယ်။
           ယမန်နေ့ အောက်တိုဘာ ၁၉ ရက်မှာ ဂျပန်က မြန်မာသံရုံးမှာ ကြိုတင်မဲပေးတာကို လက်ခံခဲ့ရာ၊ ရွေးကောက်ပွဲဆန့်ကျင်သူ မြန်မာများက သွားရောက် ဆန္ဒပြကန့်ကွက်ခဲ့ကြပြီး ဂျပန်ရောက် မြန်မာ ၉၀ ကျော်က ကြိုတင်မဲ သွားထည့်ခဲ့ကြတယ်လို့ ပလောင်အမျိုးသားအစည်းအရုံး (http://www.pnsjapan.org/2010/10/blog-post_19.html)  အင်တာနက်ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ ပြည်ပက မြန်မာသံရုံးများအားလုံးမှာ ကြိုတင်မဲပေးဖို့ ရက်ချိန်းတွေ ထုတ်ပြန်ထားတာကြောင့် ပြည်ပက ရွေးကောက်ပွဲဆန့်ကျင်သူ မြန်မာဒီမိုကရေစီအင်အားစုတွေက သံရုံးရှေ့တွေမှာ သွားရောက်ကန့်ကွက် ဆန္ဒပြပွဲတွေကို နိုင်ငံတကာလှုပ်ရှားမှုအသွင်ဖြင့် တခဲနက် တပြိုင်တည်း တောက်လျောက် လုပ်သွားမယ်လို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ အချို့အာရှနိုင်ငံတွေမှာတော့ ကြိုတင်မဲပေးတဲ့ရက်ကိုတောင် ထုတ်ပြီး ကြေညာခြင်း မရှိဘူးလို့ သိရပါတယ်။
          ကြေးမုံအင်တာနက်စာမျက်နှာ – http://www.kyaymon.info/ က အင်န်အယ်ဒီပါတီ ခေါင်းဆောင် ဦးတင်ဦးရဲ့ အင်တာဗျုးစကားကို ကောက်နုတ်ပြီး ပြန်လည် တုံ့ပြန် တိုက်ခိုက်တဲ့ ဆောင်းပါးကို ထည့်သွင်းထားပါတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဦးတင်ဦးဟာ အဓိပ္ပါယ်မဲ့တဲ့ စကားတွေ ပြောနေတယ်။ ခေတ်နဲ့ စနစ်နဲ့ ဥပဒေနဲ့ မညီဘူးလို့ တိုက်ခိုက်ထားပါတယ်။
 ပြီးတော့ နောက်ဆောင်းပါးတခုမှာ အမေရိကန်က မြန်မာတွေဟာ “မျိုးဖျက်၊ မျိုးပျက် ကောင်းများ” ဖြစ်တယ်၊ မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်ရပ်မှန်တွေကို ထုတ်ဖော်တဲ့ အရုဏ်ဦးမှာဖူးသည့်ကြာရုပ်ရှင်က မြန်မာအနုပညာရှင်တွေကို မလိုမုန်းထားသူတွေဖြစ်လို့ ဗီဇာရုတ်သိမ်းတဲ့အထိ အမေရိကန်အစိုးရနဲ့ ပေါင်းပြီး လုပ်ကြံတယ်လို့ ဝေဖန် ရှုတ်ချလိုက်ပါတယ်။ သူတို့တတွေကို မျိုးချစ်စိတ်နဲ့ တွန်းလှန်ကြလို့လဲ တိုက်တွန်းထားပါတယ်။
          အောက်တိုဘာ ၁၉ ရက်နေ့မှာ အမေရိကန်ပြည်က မြန်မာကွန်မြူုနီတီတွေ စုစည်းကြပြီးတော့ အမေရိကားကို လာလည်တဲ့ စစ်ဝါဒဖြန့်တွေကို လုံးဝလက်မခံသလိုဘဲ စစ်အာဏာရှင်တွေရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ နောက်ပိုင်း ရလဒ်တွေကို လက်မခံဘူး၊ အသိအမှတ်မပြုဘူး၊ ဆန့်ကျင် ကန့်ကွက်တယ်၊ သပိတ်မှောက်တယ်လို့ သဘောထား ကြေငြာချက် ထုတ်ပြန်ဖို့ ပြင်ဆင်နေကြောင်း၊ အမေရိကန်တ၀ှမ်းက မြန်မာကွန်မြူုနီတီတွေ တစုတစည်းတည်း ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင် ရှုတ်ချတဲ့ ပွဲတွေ စတင်ကြဖို့ လှုံဆော်ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts