>Letters from Michiga – 30

>

မစ်ရှီဂန်မှပေးသောစာ အမှတ်(၃ဝ)
အောင်ဝေး
အောက်တိုဘာ ၁၈၊ ၂၀၁၀
“—နအဖရဲ့ ၂ဝ၁ဝရွေးကောက်ပွဲဟာ သူတို့ လိုလားတဲ့ ပါတီ၊ သူတို့ လက်ခံတဲ့ အင်အားစုက လွဲရင် ကျန်တဲ့ လူတွေ အကုန်သေအောင် လုပ်ထားတဲ့ ထောင်ချောက်ပဲ။ မြှုံးပဲ—”

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ ဒီရက်ထဲ ပြည်တွင်းက မီဒီယာ တချို့မှာ ရွေးကောက်ပွဲကို တကယ့် ပေတံတစ်ခု အနေနဲ့ ကို င်စွဲပြီး အရာရာကို ဝေဖန် သုံးသပ်နေတာမျိုး ကိုဒေါင်းကြီးတို့လည်း ကြားကြမှာ ပါ။

လတ်တလောမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLDနဲ့ တိုးတက် တော်လှန်တဲ့ မူလ လက်ဟော င်း တိုင်းရင်းသားပါတီ တချို့က လွဲရင် အုပ်စိုးသူ အလိုကျ နဂိုရှိရင်းစွဲ ပါတီတချို့ရယ်၊ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာတဲ့ ပါတီသစ် အများစုရယ်ဟာ ၊ ရွေးကောက်ပွဲ နိုင်ငံရေး ရေစီးကြောင်းထဲကို တစ်ဟုန်ထိုး ခုန်ဆင်းချလိုက်ကြတဲ့ အနေအထားမှာ ရှိပါတယ်။ သူတို့ ခုန်ချလိုက်တဲ့ ရေစီးကြောင်းဟာ ရေဆန်လား၊ ရေစုန်လား ဆိုတာကို တော့ ကာယကံရှင် သူတို့တွေ ကို ယ်တိုင်ကမှပဲ သိပါလိမ့်မယ်။

နအဖရဲ့ ၂ဝ၁ဝရွေးကောက်ပွဲဟာ သူတို့ လိုလားတဲ့ ပါတီ၊ သူတို့ လက်ခံတဲ့ အင်အားစုက လွဲရင် ကျန်တဲ့ လူတွေ အကုန်သေအောင် လုပ်ထားတဲ့ ထောင်ချောက်ပဲ။ မြှုံးပဲ။ ဒါပဲ ကိုဒေါင်း။ သူတို့ထောင်ချောက်ထဲ မဝင် ဝင်အောင် နအဖက အတင်းအဓမ္မ ခြောက်လှန့် မောင်းသွင်းနေမှာ ပဲ။

မြှုံးဝမှာ ရစ်သီရစ်သီ လုပ်နေတဲ့ မောင်တွေကို နအဖက မြှုံးထဲ မဝင်ဝင်အောင် အမျိုးမျိုး ခြိမ်းခြောက် ဖိအား ပေးနေမှာ ပဲ။

နအဖရဲ့ ရွေးကောက်ပွဲက ဘယ်နေမှန်း မသိသေးဘူး။ ခက်တာက ရွေးကောက်ပွဲကို စစ်မှန်တဲ့ ပေတံတစ်ခုလို သဘောထားပြီး၊ ပြည်တွင်းက တချို့ မီဒီယာတွေက အတိုက်အခံ အင်အားစုတွေ အပေါ်မှာ ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ်မှာ မသိမသာရော၊ သိသိသာသာပါ ဝေဖန် ထိုးနှက်လာတဲ့ အချက်ပဲ ဗျာ။

အတိုက်အခံ နိုင်ငံရေး အင်အားစုတွေရဲ့ အမြင်၊ လူထုကြီး တစ်ရပ်လုံးရဲ့ အမြင်မှာ ဒီ ၂ဝ၁ဝ နအဖရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေး၊ တစ်နည်းအားဖြင့် ရွေးကောက်ပွဲနိုင်ငံရေးဟာ ကျနော်တို့ တိုင်းပြည်ရဲ့ လက်ငင်းပြဿနာ အကျပ်အတည်းကို မှန်မှန်ကန်ကန် ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း မဟုတ်ဘူး၊ လုံးလုံး မဟုတ်ဘူး ဆိုတာ ပြတ်ပြတ်သားသား ရှိနှင့်ပြီးသားပါ။

ကိုဒေါင်းကြီး၊ တိုတိုပြောရရင် အတိုက်အခံ အင်အားစုက၊ လူထုက ဒီနအဖ၂ ဝ၁ဝ ရွေးကောက်ပွဲကို တစ်အချက်- မယုံကြည်ဘူး။ နှစ်အချက်- ဆန့်ကျင်တယ်။ ဒါပဲ။ ဒါ အတိုက်အခံ ဘက်က အကြွင်းမဲ့သဘောထားပဲ။ ဒါ လူထုခေါင်းဆောင်နဲ့ လူထုတစ်ထပ်တည်း ကျတဲ့ သဘောထားပဲ။

ဒီလိုအခြေအနေမှာ ၊ ပြည်တွင်းက တချို့ မီဒီယာတွေမှာ ရွေးကောက်ပွဲ မဝင်တဲ့၊ ဆိုလိုတာက ပါတီ မှတ်ပုံမတင်တဲ့ အဖွဲ့အစည်းတွေ အပေါ်မှာ ၊ ဒီမိုကရေစီစနစ်ကို လက်တွေ့ လိုက်နာ ကျင့်သုံးဖို့ ပျက်ကွက်နေတယ် ဆိုတာမျိုး၊ ဒီမိုကရက်တစ် မဆန်ဘူး ဆိုတာမျိုး စောင်းပါး ရိပ်ခြည်၊ လက်လွတ်စပယ် ပြောဆို ဝေဖန်လာတာ တစ်စွန်းတစ်စ ကြားလာရတာပါ။

ဒါကိုတော့ ကျနော် လက်မခံပါဘူး။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ကို သွားတဲ့ လမ်းတစ်သွယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ဒီလမ်းက မြန်မာပြည်မှာ ပိတ်နေတာ၊ ပိတ်သွားတာ ကြာလှပေါ့ ကိုဒေါင်းရေ။ အထူးသဖြင့် ကျနော်တို့ နိုင်ငံမှာ စစ်အစိုးရတွေက ဦးစီး ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီပန်းတိုင်နဲ့ ဘယ်လောက် လွဲချော်သွေဖည်ခဲ့တယ် ဆိုတာ သမိုင်းက သက်သေ ရှိပြီးသား မဟုတ်လား ကိုဒေါင်း။

၁၉၅၈မှာ ပထမအကြိမ် စစ်တပ် အာဏာသိမ်းတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရဟာ ၁၉၆ဝမှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ဆိုတာကို သူတို့လက် သူတို့ခြေ လုပ်ပေးပြီး၊ ၁၉၆၂မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ၊ ဒုတိယအကြိမ် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တာပဲ မဟုတ်လား။

ဘာထူးလဲ။ ဒီလိုပါပဲ။ ၁၉၈၈မှာ တတိယအကြိမ် စစ်အာဏာသိမ်းတဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင် နဝတအစိုးရ၊ ဒီစစ်အစိုးရက ကျင်းပပေးခဲ့ပြန်တဲ့ ၁၉၉ဝ မေလ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကရော ဘာထူးလဲ။ ဒီလိုပါပဲ။

ကိုဒေါင်း၊ တစ်ခဲနက် အနိုင်ရခဲ့တဲ့ NLDပါတီကို အာဏာ လွှဲမပေးတဲ့ အပြင်၊ NLDရဲ့ ဂန္ဒီခန်းမ ညီလာခံ အပြီးနဲ့ နောက်ပိုင်းနှစ်တွေမှာ နဝတစစ်အစိုးရက လူဖမ်းပွဲတွေ အကြီးအကျယ် လုပ်ခဲ့တာပဲ မဟုတ်လား။ အနိုင်ရပါတီနဲ့ မဟာ မိတ်အင်အားစုတွေကို နဝတက ဘက်ပေါင်းစုံကနေ နည်းပေါင်းစုံနဲ့ ဖြိုခွဲ နှိမ်နင်းခဲ့တာပဲ မဟုတ်လား။

၉ဝ ရွေးကောက်ပွဲရဲ့ အစစ်အမှန် ရလဒ်ကတော့ ၁၉၉၂မှာ ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထဲက အာဏာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သိမ်းပိုက်လိုက်တဲ့ အချက်ပါပဲ။ ဒါကို လည်း စတုတ္ထအကြိမ်မြောက် စစ်အာဏာသိမ်းပွဲလို့ မဆိုနိုင်ပေဘူးလား ကိုဒေါင်း။

ဒီလို မကောင်းခဲ့တဲ့၊ သမိုင်း မလှခဲ့တဲ့ အစဉ်အလာဆိုးကြီးကို ပြန်ကြည့်ရင်၊ ကျနော်တို့ နိုင်ငံက ရွေးကောက်ပွဲတွေ ဆိုတာ၊ တခြားဒီ မိုကရေစီနိုင်ငံတွေက ရွေးကောက်ပွဲတွေနဲ့ ဘာမှ မဆိုင်ဘူး ဆိုတာ တွေ့ရမယ်။ (ဒါတောင် ရွေးကောက်ပွဲတိုင်းဟာ ငြိမ်သက် အေးချမ်းတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို တစ်စုံတစ်ရာ အာမခံပါတယ် လို့ ကျနော်တို့ တစ်ထစ်ချ တရားသေ ယူဆထားတာ မဟုတ်သေးဘူးနော် ကိုဒေါင်း)

ကျနော်တို့ နိုင်ငံကရွေးကောက်ပွဲတွေ ကြည့်လိုက်ရင် သေချာတာက လူထုအတွက် လုံးလုံး အကျိုးမရှိတဲ့ အပြင်၊ ရွေးကောက်ပွဲတိုင်းဟာ စစ်တပ်က တစ်နည်းမဟုတ် တစ်နည်းနဲ့ အာဏာသိမ်းဖို့၊ သို့မဟုတ် တန်ပြန်အာဏာသိမ်းဖို့ ခြေကုပ်ယူ အသင့်ပြင်တဲ့ အနေအထား၊ သွေးတိုးစမ်း မီးကျည်လွှတ်ကြည့်တဲ့ အနေအထား၊ နိုင်ငံရေး အင်အားစုတွေကို အဆင်း ဘီးတပ် ပေးပြီး မသိမသာ ချောက်ထဲတွန်းချတဲ့ အနေအထားကလွဲလို့ တခြား ဘာရှိနိုင်ဦးမှာ လဲဗျာ။ ဒါ မဟုတ်ဘူးလား။

၅၈ အာဏာသိမ်း၊ ၆ဝ ရွေးကောက်ပွဲလုပ်၊ ၆၂ အာဏာထပ်သိမ်း။ ဒီလိုပဲ၊ ၈၈ အာဏာသိမ်း၊ ၉ဝ ရွေးကောက်ပွဲလုပ်၊ ၉၂ အာဏာထပ်သိမ်း။ ဒီသံသရာပဲ။ အခုကော ဘာထူးမှာလဲ။ ၂ဝ၁ဝ ရွေးကောက်ပွဲလုပ်၊ ပြီးရင် အာဏာ ထပ်သိမ်းဦးမှာ။ပဲ ”နဝတ” ကနေ “နအဖ” ပြောင်းသလို၊ ဒီတစ်ခါ “နအဖ”ကနေ နောက်တစ်ခု ပြောင်းဦးမှာပဲ။

ဒီတော့၊ နအဖရွေးကောက်ပွဲ ဘာလုပ်မှာလဲ။ ကျနော်တို့ လုပ်ရမှာက စစ်အာဏာရှင် စနစ် ဖြုတ်ချဖို့ပဲ။ ရွေးကောက်ပွဲဝင်ဖို့ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို ဘယ်လိုနည်းနဲ့ ဖြုတ်ချဖြုတ်ချ၊ ဒီစနစ်ကြီး အမြန်ဆုံး ပြုတ်ကျသွားဖို့ပဲ လိုတယ်။ ဒီအထဲမှာ ရွေးကောက်ပွဲနည်း မပါတာတော့ အသေအချာပဲ ကိုဒေါင်းကြီး။
အားလုံးကို သတိရလျက်-

အောင်ဝေး
သြဂုတ်၅-၂ဝ၁ဝ။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts