>2010 November Campaigns starts when only 20 days away

>



နိုဝင်ဘာရွေးကောက်ပွဲဝင် ပါတီများ ဂျာနယ်တွေထဲမှာ ကြော်ငြာထည်ြ့ပီ၊ ပါတီကို ထောက်ပံ့သူများအကြောင်း အသံထွက်
မိုးမခအထောက်တော် ရန်ကုန်
အောက်တိုဘာ ၁၆၊ ၂၀၁၀
ရွေးကောက်ပွဲဝင်ဖို့ ရက်ပေါင်း ၂၀ ကျော်ပဲ လိုတော့တဲ့ အချိန်မှာ အရွေးခံမယ့် နိုင်ငံရေးပါတီတွေက ပြည်တွင်းဂျာနယ်တွေထဲမှာ မဲဆွယ်ကြော်ငြာတွေ ထည့်သွင်းလာကြပါတယ်။ ယခင်အပတ်ကမှ ရန်ကုန်မြို့လယ်ခေါင်မှာ ပေါ်ပေါ်တင်တင်နဲ့ ပါတီရဲ့ မဲဆွယ်လက်ကမ်းစာရွက်ဝေတာတွေ၊ အော်လံနဲ့ အော်တာတွေ တွေ့လာကြရအပြီး တပြိုင်နက်တည်း၊ ယခင်အပတ်က ဂျာနယ်တွေမှာ မဲဆွယ်ကြော်ငြာထည့်လာတာ ဖြစ်ပါတယ်။
“တကယ်တမ်းက စစ်အစိုးရနဲ့ နီးစပ်ပြီး ရွေးကောက်ပွဲကို ထောက်ခံတဲ့ အာဘော်တွေ တင်တဲ့ သည်ဗွိုင့်ဂျာနယ်မှာ ပထမဆုံး တွေ့ရတာပါ။ အင်ဒီအက်ဖ် နဲ့ ကြံ့ဖွံ့တို့က မဲဆွယ်တာတွေ ထည့်တယ်။ စည်းကမ်းအရ မဲဆွယ်ကြော်ငြာဆိုတာကို စီးပွားရေးကြော်ငြာလိုပဲ အခပေးကြော်ငြာလို့ ထည့်ရမှာ၊ အယင်စာစောင်မှာ မတွေ့ခဲ့ရဘူး။ အခုစာစောင်တွေမှာတော့ အခပေးကြော်ငြာ (Paid Advertismnet) လို့ ရေးထားတယ်။” လို့ မိုးမခမိတ်ဆွေတဦးက ပြောပြပါတယ်။
စစ်အစိုးရက ဗြောင်ကျကျပဲ သူရဲ့ လက်ကိုင်တုတ် ကြံ့ဖွံ့အသင်းတဖြစ်လဲ ကြံ့ဖွံ့ (ပြည်ခိုင်ဖြိုး) ပါတီကို အစိုးရ ဘဏ္ဍာ၊ ငွေကြေးနဲ့ ပြည်သူပိုင် အစိုးရအရင်းအနှီးတွေ၊ အစိုးရ၀န်ထမ်းတွေကိုပါ အာဏာသုံး၊ ဖိအားပေးပြီး ရွေးကောက်ပွဲ မဲဆွယ်ရေး၊ အောင်နိုင်ရေးအတွက် အသာစီးနဲ့ ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။ အစိုးရအလိုတော်ရိ လုပ်ငန်းရှင်များ၊ အသိုင်းအ၀ိုင်းကလည်း ၀ိုင်းဝန်း ထောက်ခံ ပံ့ပိုးနေကြတာကို တွေ့ရပါတယ်။
“ကျနော်တို့ကတော့ ကြံ့ဖွံ့အသင်းဆိုတာ ပြည်တွင်းမှာကော ပြည်ပမှာပါ စစ်အစိုးရနဲ့ ထပ်တူ အာဏာရှင်တွေ ဖြစ်တယ်လို့ သိထားပြီးသား ဖြစ်တယ်။ အမေရိကန်အရေးယူပိတ်ဆို့ထားတဲ့ဆီမှာ စစ်အစိုးရခေါင်းဆောင်တွေနဲ့ ထပ်တူ ကြံ့ဖွံ့ခေါင်းဆောင်တွေလည်း ပါတယ်။ အခု ပါတီအသွင်ပြောင်းသွားရင် အဲသည်ပါတီကို ထောက်ခံတဲ့သူတွေ အသိုင်းအ၀ိုင်းတွေဟာလည်း စစ်တပ်အားပေးတွေအဖြစ်နဲ့ ပိတ်ဆို့ အရေးယူခံရဖို့ ကျနော်တို့က ဆက်ပြီး ဆောင်ရွက်ရမယ်”
လို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာအရေးလှုပ်ရှားသူတဦးက မိုးမခကို ၎င်းအမြင် ပြောပြပါတယ်။
ရွေးကောက်ပွဲတခု ဖြစ်လာရင် နိုင်ငံရေးပါတီတွေကို ငွေကြေး ထောက်ခံပံ့ပိုးတဲ့သူတွေ၊ လုပ်ငန်းရှင်တွေ၊ အသိုင်းအ၀ိုင်းတွေလည်း ရှေ့တန်းကို တက်လာကြပါတယ်။ သူတို့တတွေအကြောင်းကိုလည်း ပရိသတ်က ကြားသိလာကြပါတယ်။ ကြံ့ဖွံ့ပါတီကို ငွေကြေး၊ အရင်းအနှီး၊ အကြံဥာဏ်တွေ ပေးနေသူတွေ ပေါ်ထွက်လာကြသလို ကြံ့ဖွံ့ကို ပြိုင်မယ်ဆိုတဲ့ ပါတီတွေကို ထောက်ခံသူတွေလည်း ပေါ်ထွက်လာပါတယ်။
အခု အင်န်ဒီအက်ဖ်ကို ထောက်ပံ့ပေးနေသူတွေဆိုတာ ဒေါက်တာနေ၀င်းမောင်နဲ့ လုပ်ငန်းရှင် ဦးလှမောင်ရွှေတို့ ဖြစ်တယ်လို့ သတင်း ဖြစ်လာပါတယ်။ အဲဒါကို သတင်းဖြန့်သူက တသီးပုဂ္ဂလ၀င်ပြိုင်မယ့် ကြေးရေတတ်၊ ပညာတတ်၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြည်ပအကူအညီတွေ လက်ခံပြီး ဆောင်ရွက်ခဲ့သူ ဒေါက်တာဖုန်းဝင်းလို့ လည်း သတင်းတွေက ဆိုပါတယ်။
“တကယ်တမ်း စဉ်းစားကြည့်လိုက်ရင် ကြံ့ဖွံ့ကို ယှဉ်မယ့်ပါတီတွေကိုယ်တိုင်က အနှစ် ၂၀ လုံးလုံး ဘယ်လို ဖြတ်သန်းလာကြတယ်၊ ပြည်သူတွေအတွက် ဘယ်လို လုပ်ကိုင်နေတယ် ဆိုတာ ပြောပြစရာလဲ မရှိ၊ လက်ဆုပ်လက်ကိုင်လည်း မပြနိုင်။ အချင်းချင်း လက်ညိုးထိုးနေတာပဲ လုပ်နေတယ်”
လို့ ရန်ကုန်က ရွေးကောက်ပွဲလေ့လာသူ သတင်းဂျာနယ်သမားကို မိုးမခကို မှတ်ချက်ပေးပါတယ်။
လာမည့် နိုဝင်ဘာ ၇၊ ၂၀၁၀ မှာ စစ်အစိုးရ ရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပြီး ကျင်းပတဲ့ ရွေးကောက်ပွဲ စတင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီက စစ်အစိုးရ ရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေကော၊ ၂၀၁၀ ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းလမ်းမကျတဲ့ အတွက် သပိတ်မှောက်ထားပြီး ဖြစ်ပါတယ်။ အဓိက စစ်အစိုးရရဲ့ နိုင်ငံရေးပါတီ – ကြံ့ဖွံ့ပါတီကသာလျင် မဲဆန္ဒနယ် အားလုံးကို ၀င်မှာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts