>SPDC forces the civil servants to vote

>

ဝန်ထမ်းများ မဖြစ်မနေ မဲပေးရမည်ဟုဆို
ဝင်းမြတ်၊ ရန်ကုန်
အောက်တိုဘာ ၁၅၊ ၂၀၁၀ရန်ကုန်မှ ကြံ့ဖွံ့ မဲဆွယ်ဆိုင်းဘုတ် တခု (ဓာတ်ပုံ – မိုးမခ)

(ဆိုင်းဘုတ်ပေါ်မှ စာသားများကို ဖတ်လိုပါက ပုံကို တချက် နှိပ်ပါ)

ရန်ကုန်မြို့ရှိ အစိုးရဌာန အရာရှိကြီးတချို့က လက်အောက်မှ ၀န်ထမ်းများကို မဲပေးရမည့် မဲရုံ၊ မဲစာရင်း နံပတ်တို့ကို သွားရောက် ကြည့်ရှုရန်၊ ရွေးကောက်ပွဲတွင် မဲ မဖြစ်မနေ ပေးကြရန် ညွှန်ကြားထားကြောင်း သိရသည်။

ဝန်ထမ်းများက မိမိနေထိုင်သော ရပ်ကွက်မှ မဲစာရင်းနံပတ်နှင့် မဲရုံနံပတ်ကိုကူးယူ၍ အထက်အရာရှိများထံသို့ စုစည်း တင်ပြရကြောင်း ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ရုံးအုပ်တစ်ဦးက ပြောသည်။

`သဘောကတော့ မဲပေးဖို့ကို စိတ်ဝင်စားလာအောင်နဲ့ ကိုယ့်ဌာနက ၀န်ထမ်းတွေ မဲပေးဖို့ အာရုံစိုက်ပါတယ် ဆိုတာကို ၀န်ကြီးကို ဖားနိုင်အောင် လုပ်တာပါပဲ။ အစည်းအဝေး လုပ်ရင် MD က ဘာပြောလဲ ဆိုတော့ မဲမပေးဘဲ နေတဲ့သူဟာ အချောင်သမားတွေ တဲ့။ သူများ ခူးပြီး ခပ်ပြီးသားကို အချောင် စားချင်တဲ့စိတ် ရှိတဲ့သူတွေလို့ ၀န်ထမ်းတွေကို ပြောတယ်´ ဟု အဆိုပါ ရုံးအုပ်က ပြောသည်။

NLD ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေနိုင်သည့် အခွင့်အရေး ရှိကြောင်း စည်းရုံးလှုပ်ရှားခဲ့သည့် အတွက် ယခုကဲ့သို့ အရာရှိများက ဖိအားပေးခြင်းဖြစ်သည်ဟု ၀န်ထမ်း အချို့က နားလည်ထားကြသည်။

ထိုကဲ့သို့ ဖိအားပေးသော်လည်း မဲပေးရန် စိတ်ဝင်စားလာခြင်းမရှိဘဲ အလုပ်ပိုများ လုပ်ရသည်ဟုသာ ထင်မြင်ကြောင်း ၀န်ထမ်းများက ဆိုသည်။

အစည်းအဝေးများတွင်လည်း ရွေးကောက်ပွဲတွင် မဲပေးရေး၊ ဗိုလ်ချုပ်ကြီးများ၏ စေတနာကို နားလည်ပြီး ရွေးချယ်ရေး စသဖြင့် မကြာခဏ ပြောလေ့ရှိသည်ဟု ၀န်ထမ်းများက ပြောသည်။

အသက် ၄၂ နှစ်ရှိ ၀န်ထမ်း အင်ဂျင်နီယာ တစ်ဦးက ` ဘယ်သူ့ကို မဲပေးပေး၊ ဘယ်သူပဲ တက်လာ တက်လာ ၀န်ထမ်းဘ၀က ဒီအတိုင်းပဲ၊ တိုးတက်လာမှာ မဟုတ်ဘူး။ ခေတ်အဆက်ဆက် ဒီအတိုင်းပါပဲ။ အဲဒီတော့ သမိုင်းအမှားတွေ ရေးတဲ့နေရာမှာ ရောပြီး အားပေး အားမြှောက်နဲ့ တရားခံ အဖြစ် မခံနိုင်ဘူး။ ဘယ်သူတွေ ဘာပြောပြော မဲပေးဖို့ အစီအစဉ် လုံးဝမရှိဘူး´ ဟု သူ့အယူအဆကို ပြောသည်။

ရွေးကောက်ပွဲက သီတင်းပတ် သုံးပတ်ခန့်သာ လိုသော်လည်း လူအများစုက မည်ကဲ့သို့ မဲပေးရမည်၊ မိမိ မဲပေးရမည့် မဲဆန္ဒနယ်တွင် မည်သည့် အမတ်လောင်း ၀င်ရောက် ယှဉ်ပြိုင်မည် ဆိုသည်ကိုလည်း မသိကြသေးပေ။ တချို့မှာ သမ္မတ ရွေးကောက်ပွဲလား၊ ပါလီမန် ရွေးကောက်ပွဲလား ဆိုသည်ကိုပင် ကွဲပြားခြင်း မရှိကြောင်း တွေ့ရသည်။

မဲပေးပိုင်ခွင့်ရှိသူ ၃ သန်းကျော်ရှိသည့် ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း ကြံ့ဖွံ့ပါတီက ပိုစတာ ထောင်ခြင်း၊ လက်ကမ်း ကြော်ငြာ ဝေငှခြင်း စသည့် စည်းရုံးရေး လှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်နေရသည်။

အခြားသော အတိုက်အခံ ပါတီများကမူ့ များပြားလှသည့် စည်းကမ်း ကန့်သတ်ချက်များ၊ ငွေကြေး မလုံလောက်မှု၊ လူထုက ရွေးကောက်ပွဲကို စိတ်မ၀င်စားမှုများကြောင့် စည်းရုံးလှုံ့ဆော်သည်ကို များများစားစား မြင်တွေ့ရခြင်း မရှိသေးပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts