>Mar Mar Aye – 350

> “ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၅၀)

ဆိုနည်း ဘာကြောင့် ခွဲရတယ်
မာမာအေး

အောက်တိုဘာ ၁၀၊ ၂ဝ၁၀
“—-စာတူ အသံတူ အပိုဒ်တူ ဖြစ်နေရင် နောက်တကြိမ် ဒီစာ ဒီအသံ ဒီစာပိုဒ်ကို ဆိုရတဲ့အခါမှာ ဆိုဟန် ဆိုပေါက် ခံစားချက် ရသ၊ စာအခွဲ အတွဲက အစ မတူရအောင် ဆိုတဲ့ စနစ်ကို ပြောင်းတဲ့ အလေ့အကျင့် လုပ်ထားပါတယ်—-”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် – မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောပြနေဆဲ ရှိသေးတဲ့ ‘ရွှေမင်းဂံ၏ ဇာတ်ကြောင်းပြန်’ သီချင်းကို သားလို နေတဲ့ တေးထုတ်လုပ်သူ မောင်အေးချိုက အင်တာနက်ဆိုင်တဆိုင်ကနေ Email နဲ့ လှမ်းပို့ပေးလိုက်လို့ ချစ်ဆွေတို့ နားထောင်ရတာပေါ့။ တကမ္ဘာလုံး လက်လှမ်း မီစေတဲ့ ဒီပညာ ဒီစနစ်ကို တီထွင်တဲ့ သူတွေကို ကျေးဇူးတင်၊ မေတ္တာပို့ဖို့ မကောင်းဘူးလားရှင်။

ဂီတစာဆို သောင်းတင်ဌေးအကြောင်း ပြောမယ် ကြံတိုင်း မာအေးအတွက် သူရေးပေးတဲ့ ပထမဦးဆုံး သီချင်း လို့ မှတ်တမ်းဝင် ပြောပြချင်တာနဲ့ လူကြုံတိုင်း မှာခဲ့ဖူးပါတယ်။ ရလာတဲ့ ခုတခါမှာတော့ ‘အလွမ်းဆိုတာ ဘယ်လိုပါလိမ့်’ ဆိုတာမျိုး ပြောဖို့ ‘စ’ ဖြစ်တာက ‘အမေ့နို့ဖိုး တေးသရုပ်ဖော်’ ကောက်နုတ်ချက် ‘ငိုချင်း ပြောငို’ ဆိုပုံအလွမ်းနဲ့ပါ။ ဒါကလည်း သောင်းတင်ဌေး ရေးတာမို့လို့ အတော် အကိုက်ကျသွားတာနဲ့ ‘ရွှေမင်းဂံ၏ဇာတ်ကြောင်းပြန်’ ဓာတ်ပြားအစ ‘တခြမ်း’ကို လွမ်းခန်း ထပ်ဆက်ရအောင် ပျိုးထားခဲ့ပါတယ်။

မာမာအေး၏ ဓာတ်ပြားတချပ်

သြော် – မာအေးက ဓာတ်ပြားသီချင်း ဖြစ်နေလို့ ‘တခြမ်း’ လို့ ပြောမိသွားတယ် ရှင့်။ ချစ်ဆွေတို့ကတော့ မြန်မာသီချင်း ဓာတ်ပြားတွေကို မြင်ဖူးခဲ့မှာပါ။ ဒီခေတ်ကလေးတွေက အနိမ့်ဆုံး ကက်ဆက် ရီကော်ဒါကနေ ကွန်ပျူတာ အထိသာ သိနေကြလိမ့်မယ်။ ဒီတော့ ဓာတ်ပြား ဆိုတာ CD ခွေတို့၊ DVD အခွေတို့လို နှစ်ဘက် မျက်နှာ ပါရှိတဲ့ အ၀ိုင်းပုံစံ ဖြစ်တယ်၊ ၇ လက်မခွဲလောက် ဖယောင်းပြား ချိပ်ပြားတွေနဲ့ ပြုလုပ်ထားတယ်။ ဓာတ်စက်နဲ့ ဖွင့်ခဲ့ရတယ် ဆိုတာတွေ ပြောပြလိုက်ပါဦး။ မျက်နှာ နှစ်ဘက် ရှိပေမယ့် တဘက်၊ နှစ်ဘက်လို့ ပြောလေ့ မရှိဘူး၊ ဓာတ်ပြား တခြမ်း၊ ဟိုဘက်ခြမ်း ဆိုတာမျိုးသာ ပြောကြ သုံးခဲ့ကြတဲ့ အကျင့် မာအေးမှာ မပျောက်သေးလို့ ပြောဖြစ်တာပေါ့နော်။

နားဆင်ပြီးဖြစ်တဲ့ ‘ရွှေမင်းဂံ၏ဇာတ်ကြောင်းပြန်’ ပထမအခြမ်းက စာအရ ဇာတ်လမ်းကို ပြောပြတဲ့သူအနေနဲ့ မာအေး ဆိုခဲ့ရတာမျိုး ဖြစ်ပါတယ်ရှင်။

တောရိပ် တောင်ယံ ငှက်ပေါင်းစံတဲ့ ရွှေမင်းဂံ ရွာကလေးက အညတရ ဂီတ စောင်းသူမကလေးဟာ ရာဇာ ဘုရင့်သွေး အိမ်ရှေ့စံ ကိုယ်တော်လေးနဲ့ ချစ်ဘုံခန်းဝါ ဆောက်ကြတာကို အပြစ်ဆိုစိမ့်ငှာ အမိန့်တော်လွှာ ရောက်ခဲ့ပါသတဲ့။ ကျမရဲ့ ရင်ထဲမှာ ဖြေမရလို့ စောင်းသမလေးရဲ့ အဖြစ် သောကကို ငိုကာ ရှိုက်ကာ ပြောချင်ပါတယ် တဲ့။ ဒါဟာ မာအေး ယူလို့ ရတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီအဓိပ္ပာယ်မျိုး ထွက်လာစေမယ့် ခံစားချက်အသံနဲ့ စာလုံး အသီးသီးပေါ်မှာ ခံစား သီဆိုပေးခဲ့ပါတယ်။ နောက် ဓာတ်ပြားတခြမ်းကို နားဆင်ပါဦး။

ဘုရင့်နန်း အလယ်မှာ မျက်နှာငယ်မလေးခမျာ သူ့စောင်းကို ဘေးအသာချကာ နားစွင့်ရင်းနဲ့ မျက်ရည်မိုးကဖြာ၊ မေတ္တာဒီအရေးမှာ ဘ၀အားဖြင့် ခြားနားသီခေါင်၊ မြင့်မိုရ်တောင်တမျှ မိုးနဲ့မြေလွှာ၊ ဆင်းရဲချမ်းသာ ရွေးတော့ကာ ရင်ထဲမှာ ဖြေမဆည်နိုင်ရှာ၊ “သေချင်သေ ကြိတ်ကာ ချစ်ပါရစေဖျာ့” မလျှောက်ဝံ့သူ အသည်းမှာ မဖြေသာ ကြာခဲ့ပါပြီ သိင်္ဂီမှိုင်း – – – နွေသစ်ကိုင်းတွေ အပြိုင်းပြိုင်းနဲ့သာ လရောင်ဆမ်းပြန်တော့ သဲဖြူဖြူ လမ်းကမူ အကွေ့မှာ စောင်းအိုကိုပွေ့ လုံမေသူဇာ နောက်ကြောင်းပြန်ရ ရွှေမင်းဂံရွာ
(ရွှေမင်းဂံ၏ ဇာတ်ကြောင်းပြန် – နောက်တခြမ်း)

အခု ကြားလိုက်ရတဲ့ သီချင်းပိုဒ်ကတော့ “ရွှေမင်းဂံ၏ နောက်ကြောင်းပြန်” ဓာတ်ပြား နောက်တခြမ်းက စာကိုယ်အပိုဒ်ပါပဲ။ စောင်းသမလေးဟာ စောင်းကလေးကို ဘေးမှာ အသာချ အမိန့်တော် မှတ်သမျှ ခေါင်းငုံ့နားထောင်ရင်း မျက်ရည်တကျကျ ဖြစ်နေရှာတယ်။ ဆင်းရဲသူနဲ့ ဘုရင့်သား အနေအထားက မိုးနဲ့မြေလို ဝေးကွာခြားနေလေတော့ လာရာလမ်းကို ပြန်ခဲ့ရတော့မှာပေါ့ရှင်၊ သူ့သီချင်းစာက မျက်ရည် ကျနေပြီ ရှင့်။ ဘုရင့်ရှေ့မှာ ချုံးပွဲချငိုလို့မှ မရဘဲလို့ အဲဒီလို စဉ်းစားပြီး လိုအပ်သလောက် လွမ်းအောင်တော့ ဆိုခဲ့တာပါပဲ။

ဒီနေရာမှာ ဆိုပုံဆိုနည်းလေး တခု ပြောပြဦးမယ်။ ဗမာသီချင်း လောကမှာ များသောအားဖြင့် သီချင်းတပိုဒ်ကို နှစ်ခု ဆိုကြတီးကြလေ့ ရှိတာကိုး။ မာအေးကတော့ အဲဒီလို စာတူ အသံတူ အပိုဒ်တူ ဖြစ်နေရင် နောက်တကြိမ် ဒီစာ ဒီအသံ ဒီစာပိုဒ်ကို ဆိုရတဲ့အခါမှာ ဆိုဟန် ဆိုပေါက် ခံစားချက် ရသ၊ စာအခွဲ အတွဲက အစ မတူရအောင် ဆိုတဲ့ စနစ်ကို ပြောင်းတဲ့ အလေ့အကျင့် လုပ်ထားပါတယ်။

တခါတရံမှာ သောတရှင်တို့ရဲ့ နားသောတအာရုံမှာ ဒီသီချင်းထဲက ဒီနေရာလေးမှာ ဒီလို ဆိုပုံကလေး ရှိနေတယ် လို့ စိတ်ထဲက အသေအချာ လှေနံဓားထစ် မှတ်ထားမိတာမျိုး ရှိနေတတ်ပါတယ်။ အဲဒါကို ဆိုတဲ့သူက စိတ်ကူးတည့်သလို ဆိုပုံ ပြောင်းလှည့် ဆိုချလိုက်တဲ့အခါ အရင် ဆိုထားခဲ့တဲ့ ဆိုပေါက်ကို ချက်ချင်း သတိရ၊ ဒါက တမျိုးပါလား လို့ အာရုံကို နှိုးဆွလိုက်သလို ကိုယ့်ရဲ့ ဆိုပုံအပေါ် စိတ်ဝင်စားလာရအောင် မထင်တာမျိုး၊ မခံစားဖူးတာမျိုး၊ တခါဆိုရင် တမျိုး ကြိုးစားဆိုကြည့်လာရတာ လို့ ပြောချင်တာပါရှင်။

အခု ကြားခဲ့ပြီးတဲ့ ဓာတ်ပြား နောက်တခြမ်းက စာသား အတိုင်း အလိုက်တူတဲ့ နောက်တကြိမ် ထပ်ပြီး ဆိုတဲ့ အခေါက်ကို ပြန်ပြီး နားထောင်ကြည့်ပေးပါ။ “သေချင်သေ ကြိတ်ခါ ချစ်ပါရစေဖျာ့” လို့ အကြောင်းမလှတဲ့ စောင်းသူမလေးရဲ့ မဖွင့်ဟသာတဲ့ ရင်ထဲက အဖြစ် ဆိုဟန်ကလေး သူ ငိုကြွေး လွမ်းတေးသီနေတယ် ဆိုတဲ့ သဘော — – – စောကြောဝေဖန်ဖို့ရာ တခါ ပြန်လာပါဦးမယ်။


ဘုရင့်နန်းလယ်မှာ မျက်နှာငယ်မလေးခမျာ – – – xxx
(ရွှေမင်းဂံ၏ ဇာတ်ကြောင်းပြန် – နောက်တခြမ်း၊ ဒုတိယဆိုပုံ)

(ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြသည်။ နားဆင်လိုသူများ http://www.bbc.co.uk/burmese/programmes/2010/10/101007_mmaye.shtml သို့ သွားနိုင်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts