>Burmese in Singapore to pay respect to Burmese Opposition Leader U Tin Oo

>


စင်္ကာပူသို့ ဆေးလာကုသည့် သူရဦးတင်ဦးကို စင်္ကာပူမြန်မာများ စုပေါင်းဂါရ၀ပြုကြမည်
မိုးမခအထောက်တော် စင်္ကာပူ
အောက်တိုဘာ ၉ ၊ ၂၀၁၀
ယခင် ရက်သတ္တပတ်ခန့်က စင်္ကာပူနိုင်ငံသို့ လာရောက်ပြီး မျက်စိကုသမှုခံယူနေသော မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင်၊ အင်န်အယ်ဒီပါတီ ဒုဥက္ကဌ သူရဦးတင်ဦးကို စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစု အသိုင်းအ၀ိုင်းများက စုပေါင်း ပြီး ဂါရ၀ပြု အလေးအမြတ်ပြုကြမည့် အစီအစဉ်ကို လာမည့် တနင်္ဂနွေနေ့၊ တိုပါးယိုးဘုန်းတော်ကြီးကျောင်းတွင် နေ့ခင်း ၁ နာရီမှ ၂ နာရီ အတွင်း တွင် ကျင်းပမည်ဖြစ်၍ အားလုံးကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် စွမ်းဆောင်သူ၊ စွန့်လွှတ် စွန့်စား အနစ်နာခံသူ၊ ရိုးသားဖြောင့်မတ်ပြီး ရဲရင့် သတ္တိရှိသူ နိုင်ငံ့ခေါင်းဆောင်တဦးအဖြစ် မြန်မာပြည်သူများက တွေ့ဆုံ ဂုဏ်ပြု ဂါရ၀ပြုကြမည် ဟု ဖိတ်စာတွင် ရေးသားဖော်ပြထားသည်။
မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင်တဦးဖြစ်သော ဦးတင်ဦးသည် စစ်အစိုးရ၏ အကျယ်ချုပ်ဖြင့် ၂၀၀၃ ခုနှစ်မေလ ဒီပဲယင်းလုပ်ကြံမှုကြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၂၀၁၀ ဖေဖော်ဝါရီလ မှ အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အင်န်အယ်ဒီပါတီကို ဦးဝင်းတင်နှင့်အတူ လက်တွဲပြီး ဦးဆောင်မှုပေးနေသူ ဖြစ်သည်။ စစ်အစိုးရ၏ နိုဝင်ဘာရွေးကောက်ပွဲ နှင့် ၂၀၀၈ အခြေခံဥပဒေကို လက်ခံခြင်း မရှိကြောင်း ထုတ်ပြန်ထားသော အင်န်အယ်ဒီပါတီ၏ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ခေါင်းဆောင်တဦးအဖြစ် ပြည်ပသို့ ပထမခရီးအဖြစ် ထွက်လာခြင်း ဖြစ်သည်။
ဆေးကုသမှု ခံယူရန် စစ်အစိုးရကိုယ်တိုင်က တရားဝင်နိုင်ငံကူးလက်မှတ်ထုတ်ပေးထားသော အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဦးတင်ဦးသည် မျက်စိကုသမှုကို ခံယုထားဆဲဖြစ်ပြီး ဆေးစစ်ဆေးမှုများ ဆက်လက် ရယူနေဆဲ ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီရေး လိုလားသူများ၊ မြန်မာ့အရေးစိတ်ဝင်စားသူများနှင့် စင်္ကာပူရောက် မြန်မာနိုင်ငံသား အများအပြားက အတိုက်အခံခေါင်းဆောင် ဦးတင်ဦးကို တွေ့ဆုံ နှုတ်ဆက်ရန်၊ ကြိုဆိုရန်၊ သတင်းမေးမြန်း ဂါရ၀ပြုကြရန် စင်္ကာပူရောက်လာကတည်းက စိတ်အားထက်သန်စွာ ကြိုးစားလျက် ရှိကြသော်လည်း ဦးတင်ဦးကျန်းမာရေးကို ထောက်ထားပြီး အဝေးမှ စောင့်စားလျက် ရှိကြသည်ဟု သိရသည်။
“စင်္ကာပူ အာဏာရ အစိုးရကိုယ်တိုင်က စစ်အစိုးရနဲ့ နီးစပ်သူ ဖြစ်တယ်။ စင်္ကာပူရဲ့ ရဲတွေ ထောက်လှမ်းရေးတွေကလည်း မြန်မာတွေကိုကော၊ ဦးတင်ဥိးကိုပါ နောက်ကွယ်က စောင့်ကြည့်နေတယ်။ ၂၀၀၇ သံဃာ့အရေးအခင်း၊ ၂၀၀၈ ကန့်ကွက်ဆန္ဒမဲ ပေးခဲ့ကြတဲ့ လှုပ်ရှားမှုတွေနောက်ပိုင်းမှာ စင်္ကာပူအစိုးရက တက်ကြွသူ မြန်မာအတော်များများကို ပြည်ဝင်ခွင့်တွေ၊ ဗီဇာ သက်တမ်းတွေ တင်းကြပ်ထားတော့ မြန်မာတွေကိုယ်တိုင်လည်း အတော်ကို သတိထားနေရတယ်။ အခုလိုမျိုး မြန်မာမိသားစုတွေက သူတို့လေးစားကြည်ညိုထောက်ခံတဲ့ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင်တဦးကို တွေ့ဆုံ ဂါရ၀ပြုကြရမယ် ဆိုတာ အလွန်ကို ၀မ်းသာ ဂုဏ်ယူဖွယ် အခမ်းအနားပဲ လို့ ပြောချင်တယ်” ဟု မိုးမခမိတ်ဆွေတဦးက ပြောကြားသည်။
ဦးတင်ဦး မိသားစု စတင်ရောက်ရှိချိန်တွင် ဂျပန်နိုင်ငံက ၎င်း၏ သားက လာရောက်တွေ့ဆုံခဲ့သည်။ စင်္ကာပူမြန်မာများကလည်း အလှည့်ကျ ကိုယ်ထူကိုယ်ထ တာဝန်ယူပြီး ဦးတင်ဦးကျန်းမာရေးနှင့် အထွေထွေ ဝေယျဝစ္စများကို ၀ိုင်းဝန်း ကူညီ ဆောင်ရွက် စောင့်ရှောက်လျက် ရှိသည်။ လွန်ခဲ့သည် ရက်အနည်းငယ်က စင်္ကာပူနိုင်ငံသို့ လာရောက်ပြီး တရားဓမ္မများ ဟောပြောခဲ့သူ သဲကုန်းဆရာတော် အရှင်ဥာဏိဿရ ကိုယ်တော်ကြီးနှင့်လည်း ဓမ္မမိတ်ဆွေရင်းချာ တဦးဖြစ်သော ဦးတင်ဦးတို့ ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် စကားပြောခဲ့ကြပြီး ဖြစ်သည်ဟု သိရသည်။
“မြန်မာပြည်တွင်းမှာ ဆိုရင်လည်း စစ်အစိုးရ မျက်စောင်းနဲ့ စစ်တပ်အလိုတော်ရိတွေကြောင့် သာမန်မြန်မာပြည်သူတွေဟာ နိုင်ငံရေးခေါင်းဆောင်တွေကို တရင်းတနှီး နှုတ်ဆက်ခွင့်၊ အားပေးခွင့် မရကြဘူး။ အခု ဒီစင်္ကာပူမှာ ဆိုရင်လည်း စစ်အစိုးရရဲ့ မဟာမိတ် စလုံး အစိုးရရဲ့ မျက်စိအောက်မှာ ကျနော်တို့ မြန်မာတွေကိုယ်တိုင်လည်း အနည်းနဲ့ အများ အကန့်အသတ်လုပ်ခံထားရသလိုမျိုး ခံစားရတယ်။ ဒါပေမယ့် မြန်မာပြည်တွင်းမှာလိုပဲ ပြည်ပက မြန်မာတွေအားလုံးကလည်း အတိုက်အခံခေါင်းဆောင် ဦးတင်ဥိးကို သောင်းသောင်းဖျဖျ တညီတညွတ် တသွေးတသားတည်း ထောက်ခံပြီးသား၊ ချစ်ခင် လေးစား ကြည်ညိုပြီးသားပါ လို့ ပြောလိုက်ချင်ပါတယ်” ဟု ထိုမိတ်ဆွေက မိုးမခသို့ ပြောသည်။
ဖိတ်စာမှာ အောက်ပါအတိုင်းဖြစ်သည်။
Dear members of Burmese community, Singapore

You are cordially invited to the respect-paying ceremony of Thura U Tin Oo. This event is organized to pay tribute to his renowned integrity, honesty, sacrifices and dedication to the democratic cause of our motherland.

Venue: Toa Payoh Burmese Buddhist Temple
Date: 10 Oct 2010, Sunday

Time: 1:00 pm ~ 2:00 pm

Needless to say, Thura U Tin Oo (83 years old) is one of the all-time greatest and finest people’s leaders of Burma. Let’s come together to pay respect to the respectful person. Let’s take this rare opportunity of honouring the honourable person.

Best Regards
Wunna
(On behalf of the organizers)
Contact: (065) 9227 6490


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts