>Maung Lu Yay – Blessing in Burma 8

>

မင်္ဂလာနှင့် နိုင်ငံရေး ၈
မောင်လူရေး
အောက်တိုဘာ ၉၊ ၂၀၁၀
ပုတ္တဒါရဿ သင်္ဂဟမင်္ဂလာ ။
ကြွေးသစ်ချကာ သားနှင့်မယား ၊ မြှောက်စားချီးမြှင့် ဝတ်ကုန်စေဟု လင်္ကာဖွင့်သည် ။
မြတ်စွာဘုရားရှင်သည် မိဘတို့ကို ဗြဟ္မာဟု မိန့်ဆိုလေ၏ ။ ဗြဟ္မဏဝါဒ၌ ဗြဟ္မာသည် ဖန်ဆင်းရှင်ပင်ဖြစ်၏ ။ ဘုရားရှင်က မိဘတို့ကို ဖန်ဆင်းရှင်နှင့် နှိုင်းယှဉ်ခြင်းဖြင့် မိဘတို့၏အစွမ်းကို ခန့်မှန်းမိလောက်ပေပြီ ။
အာဏာပိုင်အဖွဲ့အစည်းသည် မည်သည့်အကြောင်းကြီးငယ်ရှိရှိ“မိဘပြည်သူအပေါင်းတို့ခင်ဗျား“ဟု တသ လေ့ရှိသည့်အတိုင်း မိဘပြည်သူသည် ဖန်ဆင်းရှင်ဗြဟ္မာဖြစ်သည့်အားလျော်စွာ သူ့သားသမီး အာဏာပိုင် အဖွဲ့အစည်းကို ကမ္ဘာ့အဆင့်မီ သူဌေးကြီးများဖြစ်အောင် ဖန်တီးလေတော့သည် ။
အာဏာပိုင်အဖွဲ့အစည်း ဗိုလ့်ထက် ဗိုလ်လုပ်၊ ဗိုလ်အချုပ် အထူးကြီးများ ဘယ်မျှချမ်းသာသည်ကို ဘယ်ကွန်ပြူတာမျှ မတွက်နိုင်သေးချေ ။ မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်၊ တစ်ကလစ်မျှအချိန်ကလေးမှာပင် ပိုင်ဆိုင်မှုသည် မိုက်မိုက်ရိုင်းရိုင်းထွားကျိုင်း၊ လေတိုက်တိုင်းဖေါင်းကားနေရကား ဆော့ဝဲကုမ္ပဏီများ လက်မှိုင်ချ ကြရသောဟူ၏ ။
ဤသလို ဆင်ကြီးများကို မဆိုထားဘိ၊ ဆင်တဲဝ၌ ရပ်ခွင့်ရသော ကိုတေဇတို့၊ ဒေါက်တာ့ ဒေါက်တာခင်ရွှေတို့၊ ယုဇနလေးတို့၊ ကိုရင် မောင်ဇော်တို့လို သူဌေးပိစိကွေးလေးများသည်ပင်လျှင် ကိုယ်ပိုင်အာကာသယဉ်နှင့်၊ ကိုယ်ပိုင် ဘောအသင်းနှင့်၊ ကိုယ်ပိုင် ငွေတိုက်နှင့်၊ ကိုယ်ပိုင်သစ်တောကြိုးဝိုင်းနှင့်၊ လယ်ဆို ဧကသုံးလေးသောင်း၊ ချောင်းပိုင် မြစ်ပိုင်၊ အင်းပိုင် ဆည်ပိုင်၊ မြို့ပိုင် ဇုန်ပိုင် ဥယျာဉ်ပိုင်၊ ကာမပိုင် ဒါသပိုင်၊ ပိုင်ချင်သမျှ ပိုင်ချင်တိုင်း ပိုင်နိုင်ကြပေပြီ ။ မသုံးပါဘူးဆို တရက် သိန်းသုံးလေးရာ၊ ဖွန်ကြောင်စရိတ်ကိုက မြို့တည်နန်းတည်မည်ဆို တည်လောက်အံ့သောဟူ၏ ။
မိဘပြည်သူသည် မိဘတာဝန် အလွန်ကျေပွန်ဘိ၏ ။ သားကြီးသမီးကြီးများ မဆိုထားဘိ၊ ဦးစီးမှုး ပဲ့စီးမှုး ဗိုလ်ကြီး ဗိုလ်လေး မယက ခယက လောက်ကလေးတွေကိုပင် သူရို့တမြို့ တနေရာ တဌာနမှာ တာမဝန့်တဝန် လေး တနှစ်၊ နှစ်နှစ်လောက်ကျသည်ဆိုလျှင်ပင် ထိုမြို့၏မိဘပြည်သူများမှ သိန်းလေးငါးထောင်တော့ အိမ်နှင့်ယာနှင့် အလုပ်အကိုင်နှင့်တကွ ပေးလိုက်ကြသောဟူ၏ ။
အာဏာပိုင်အဖွဲ့အစည်းတော်တော်များများ၏ သားသမီးများဆိုလျှင် ပွဲစားကသော်၎င်း၊ ကားသမားကသော်၎င်း၊ နှစ်လုံး သုံးလုံးရောင်းသူကသော်၎င်း၊ ပြည့်တန်ဆာမကသော်၎င်း၊ အရက်ပုန်းချက်သူကသော်၎င်း  နိုင်ငံခြားထိ သူတို့ကျောင်းထားပေးသည့် အကြောင်း ပြောပြကြလေသည် ။ စိန်ဆိုလဲစိန်မို့ နားတွင် မာကျူရီမီးသီးဆွဲထားသည့်အလား ပါးတပြင်လုံး ဝင်းပြောင်နေအောင်ဆင်ပေးကြသည် ။
မိဘပြည်သူသည် မြှောက်စားချီးမြှင့်လွန်းဘိသည် ။ ဝတ်ကုန်လွန်းဘိသည် ။ သစ်ဆို တောလိုက်၊ ဂက်စ်ဆို မြောင်းလိုက်၊ ကျောက်ဆို မှော်လိုက်၊ အမိန့်ဆိုလည်း ငြိမ့်လိုက်သည်ပင် ။
ဘိုကေကို ဂျဲလ်နှင့်ပုံသွင်းသလို ကမ္ဘာကြီးကို ပုံသွင်း၍ ရမည်ထင်သည့် ဟိုး အမေရီးကားက အိုဗမာလို ကမ္ဘာကြီးရှေ့တွင် သူ့နှာခေါင်းလေးရောက်နေသည်ထင်သည့်သူမျိုး၊ မောင်မစူးမစမ်းတို့၊ ကိုကျော်ကျော်ဝင် (ဝင်းမဟုတ်)တို့လို အခုကနေ နောင်အနှစ် နှစ်ဆယ်ထိ စစ်အာဏာရှင်များ ဘယ်လိုကိုင်၊ ဘယ်လိုထိုင်၊ ဘယ်လိုလုပ်မည်ဆိုတာကို အနှီစစ်အာဏာရှင်များကိုယ်တိုင်ပင် ကောင်းကောင်းမသိ၊ သူရို့နှစ်ယောက်ထဲသာ ကျကျနနမြင်သိနေသလိုလို လမ်းညွန်ရေးသားနေကြသည့်သူမျိုးများနှင့် ရွေးကောက်ပွဲလုပ်တန်းကစားချင် သည်ဆိုတော့လည်း အိုးပုတ်တန်းကစားသကဲ့သို့ အဟမ်းပင် မလုပ်ချေ ။
 မိဘမှ တကယ့်အတိအကျ မိဘပင် ။
ဟောကြည့် – – – အခု — ဟယ်ရီပေါ်တာ အဲလေယောင်လို့ ဟယ်ရီကော်ပတာစီးပြီး တပ်ရံပေးရုံနှင့် အားမရ၊ ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းစံ၊ အမတ်ပေါင်းပါ ရံပေးပြန်ချေအုံးတော့မည် လတည်း ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts