>Mogok Sayadaw request unity among Burmese community – MoeMaKa Interview

>

 အမေရိကန်ရောက်မြန်မာများ ညီညွတ်ကြပါ လို့ ဆရာတော်ဦးဣသရိယက မေတ္တာရပ်ခံ
မိုးမခ
အောက်တိုဘာ ၅၊ ၂၀၁၀
စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်ပါဝင်သည့် မြန်မာစတိတ်ရှိုး ၊ အောက်တိုဘာ ၉ ၀ါရှင်တန်ဒီစီ မက်ထရို မှာ နောက်ဆုံးပွဲ ကျင်းပခြင်း မပြုဘဲ ရုတ်သိမ်းပါရန်၊ အမေရိကန်မြန်မာများ၏ ညီညွတ်ချစ်ခင်မှု တည်တံ့ခိုင်မြဲရေးကိုသာ ဦးစားပေးကြရန် အယ်ဘနီ၊ ရစ္စလီယာနယ်၊ ဓမ္မ၀ါဒီအောင်မြေ မင်္ဂလာကျောင်းတိုက် မိုးကုတ်ဆရာတော် ဦးသရိယ က မေတ္တာရပ်ခံလိုက်သည်။
မိုးကုတ်ဆရာတော် ဦးသရိယ သည် အဆိုပါစတိတ်ရှိုးအဖွဲ့ မြန်မာပြည်မှ လာရောက်လည်ပတ် ဖျော်ဖြေခွင့်ရရှိရန် အမေရိကန်ပြည်ဝင်ခွင့် ဗီဇာ ရရှိရေးအတွက် (ရဲလေး၊ မင်းမော်ကွန်းနှင့် ၀ိုင်းစုခိုင်သိန်း တို့အတွက်) စပွန်ဆာ ခေါ် အာမခံလက်မှတ် ထိုးပေးခဲ့သော ဆရာတော်တပါးကိုယ်တိုင် ဖြစ်သည်။ နယူးယောက်မြို့ရှိ ကိုကျော်နိုင် ဆိုသူက လာရောက်လျှောက်ထားခဲ့ပြီး၊ အမေရိကန်ပြည်ရှိ ဘုန်းတော်ကြီးအချို့က ဘုန်းတော်ကြီးကျောင်းရန်ပုံငွေ အလှူပွဲများ အထောက်အကူရနိုင်ရန် တိုက်တွန်းခဲ့ကြသဖြင့် မိုးကုတ်ဆရာတော် ဦးသရိယက ၎င်းမြန်မာအနုပညာရှင် ဧည့်သည်များအတွက် အာမခံ (စပွန်ဆာ) လက်မှတ် ရေးထိုးပေးခဲ့သည် ဟု ဆိုသည်။
ဆရာတော်နှင့် မိုးမခတို့ ယမန်နေ့ညနေတွင် တွေ့ဆုံမေးမြန်းခွင့် ရခဲ့ရာ စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ဇာတ်ကားကို အကြောင်းပြုပြီး အမေရိကန်ပြည်တွင်းရှိ အထက်ပါစတိတ်ရှိုးသွားလေရာ ဒေသတိုင်း မြန်မာများအသိုင်းအ၀ိုင်းအတွင်း ပျော်ပွဲရွှင်ပွဲ အားပေးလိုသူများနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူတို့အကြား အငြင်းပွားမှုများ၊ ဆန္ဒပြကန့်ကွက်ပွဲများ ဖြစ်ပွားရခြင်းတို့နှင့် ပတ်သက်ပြီး ဆရာတော်က ၎င်း၏ သဘောထားနှင့် မေတ္တာရပ်ခံချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။
မိုးကုတ်ဆရာတော် ဦးသရိယ နှင့် တွေ့ဆုံမေးမြန်းမှုများမှ ကောက်နုတ်ဖော်ပြရလျင် –
“ဆရာတော်ကိုယ်တိုင် အခု ၀ါရှင်တန်မက်ထရိုမှာ ပွဲစီစဉ်တဲ့ ကိုအာကာ၊ တီးဝိုင်းခေါင်းဆောင် ကိုမောင်မောင်လွင်နဲ့ အဆိုတော် မင်းမော်ကွန်းတို့ထံကို နှုတ်နဲ့ ဆက်သွယ်ပြီး ပြောဆို မေတ္တာရပ်ခံတယ်။ ပွဲစီစဉ်နေကြတဲ့ သားသမီးတွေရဲ့ မိဘတွေကိုလည်း ဆရာတော်ကိုယ်တိုင် မေတ္တာရပ်ခံလျက်ရှိပါတယ်။
ပွဲကျင်းပတဲ့ နေရာတိုင်းမှာ မိတ်ဆွေတွေအချင်းချင်း၊ ကွန်မြူနီတီတွေထဲမှာ မခေါ်နိုင် မပြောနိုင် ဖြစ်ကြတာ ၀မ်းနည်းစရာတွေ ဖြစ်ပါတယ်။ သံဃာတော်တွေကိုယ်တိုင်လည်း စိတ်မကောင်း ဖြစ်ကြရတယ်။ ပြန်ကြည့်လိုက်ရင် – ယူတီကာ၊ ဘတ်ဖဲလိုး၊ အယ်ဘနီ၊ အယ်လ်အေ၊ ဆန်ဖရန်၊ ဖို့ဝိန်းနဲ့ နယူးယောက်စတဲ့ မြို့တွေ၊ နယ်တွေမှာ ပွဲမကျင်းပဖြစ်တာတွေ၊ ပွဲကျင်းပဖြစ်တော့လည်း ဆန္ဒပြ ကန့်ကွက်ကြတာတွေ၊ အကျိုးအမြတ်မဖြစ်ဘဲ အရှုံးတွေနဲ့ ရင်ဆိုင်ကြရတာတွေ ဖြစ်ကြရတာကို တွေ့ရတယ်။ ပြီးတော့လည်း အသိမိတ်ဆွေ အချင်းချင်းတွေမှာ တယောက်က ပွဲကြည့်တဲ့သူ၊ တယောက်က ကန့်ကွက်တဲ့သူတွေ ဖြစ်နေကြရတယ်။ နှစ်ဖက်စလုံး မျက်နှာပျက်ကြရတဲ့ အဖြစ်နဲ့ တိုးကြရတယ်။
ဒီင်္လိုဖြစ်ကြရတယ် ဆိုတာက လူပုဂ္ဂိုလ်တွေကို နစ်နာထိခိုက်အောင် လုပ်ချင်လို့ မဟုတ်ဘူးဆိုတာကို သိကြရမယ်။ စစ်အစိုးရရဲ့ အဓမ္မခိုင်းစေမှုကြောင့် အခုလို မြန်မာ့သမိုင်းကို လုပ်ကြံပုံဖျက်တဲ့ ၀ါဒဖြန့် ရုပ်ရှင်ကားကို ရိုက်ကြတယ်။ အဲသည်ကားရိုက်တဲ့ အနုပညာရှင်တွေကို ပြည်သူလူထုက ထောက်ခံခြင်းမရှိဘူး၊ ဒါတွေကို သူတို့အနုပညာရှင်တွေ သိရှိသွားအောင် ပြည်တွင်းက ပြည်သူတွေကိုယ်စား ပြည်ပက မြန်မာ့အရေးလှုပ်ရှားသူတွေက ဆောင်ရွက်ကြတာ ဖြစ်တယ်။
ဒါကို အချင်းချင်း အထင်တွေလွဲကြ၊ အငြင်းတွေ ပွားကြရတယ်။ သာရေး နာရေး ဘာသာရေး အနုပညာရေး အတူတူ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်မိသားစု အသိုင်းအ၀ိုင်းတွေကြားမှာ ညီညွတ်ရေးတွေ ငြိမ်းချမ်းရေးတွေ ပျက်ပြားကြရတယ်။ မြန်မာအသိုင်းအ၀ိုင်းမှာ အခုလို မသာယာကြရင် သာသနာကလည်း ငြိုးငယ်ရတယ်။ ထွန်းကားမှာ မဟုတ်ဘူး။ အခုလိုမျိုး ဆရာတော်က မိန့်ကြားရတာက မုန်းလို့ ပြောတာ မဟုတ်ဘူး၊ မိမိတို့ မြန်မာကွန်မြူနီတီလေး ပျက်စီးသွားမှာ စိုးလို့ ပြောတာ ဖြစ်ပါတယ်။
အစတုန်းကတော့ မိမိကို စပွန်ဆာကိစ္စအတွက် လာရောက် လျှောက်ထားကြတယ်။ ဘုန်းကြီးအချင်းချင်းကလည်း မေတ္တာရပ်ခံလို့  မိမိတို့ မြန်မာအသိုင်းအ၀န်း စိတ်ချမ်းသာမှု သာယာမှုကို လိုလားပြီး လက်မှတ်ထိုးပေးခဲ့ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ အခုလိုမျိုး အရေးအခင်းဖြစ်ပေါ်လာတဲ့အခါမှာ ဆရာတော်ကိုယ်တိုင်ကော၊ မိမိဘုန်းတော်ကြီးကျောင်း ကိုယ်တိုင်ကပါ ဒီကိစ္စတွေမှာ ၀င်မပါတော့ပါဘူး။ ဘာမှ မပြောဘဲ ကိုယ်လုပ်စရာ ရှိတာတွေ လုပ်ကိုင်ပြီးသာ နေခဲ့ပါတယ်။ သို့သော်လည်း အခုအချိန်မှာတော့ မလွဲမရှောင်သာ ပြောရတော့မယ်။ အခုလိုမျိုး ပြောကြား မေတ္တာရပ်ခံရတာ ဖြစ်ပါတယ်။
အခုပြောတာက နှစ်ဖက်စလုံးကနေပြီး ညီညွတ်ရေးကို လိုလားပါတယ်လို့ ပြောနေကြလို့ မေတ္တာရပ်ခံနေတာ ဖြစ်ပါတယ်။ အားလုံးက ညီညွတ်ရေးကို လိုလားတယ်ဆိုရင် အခုလိုမျိုး ၀ါရှင်တန်ဒီစီမက်ထရိုဒေသမှာ ဒီလိုမျိုး စတိတ်ရှိုးကို ဇွတ်အတင်းတိုးပြီး လုပ်ကြလိမ့်မယ် မထင်ပါဘူး။ အားလုံးအနေနဲ့ ၂ ဖက်စလုံးက ညီညွတ်မှုကို ရွေးချယ်ကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်။
ဘုရားရှင်လက်ထက်တော်က သာကီဝင်မင်းတွေ အချင်းချင်း ရေအတွက်နဲ့ စစ်မက်တွေ ဖြစ်ပွားကြတယ်။ အဲသည်မှာ ဘုရားရှင်က ၀င်ရောက် ဖြေရှင်းတဲ့ နေရာမှာ ရေနဲ့ လူ – ဘယ်ဟာက ပိုပြီး အဖိုးတန်သလဲ ဆိုတဲ့ မေးခွန်းကို မေးခဲ့တယ်။ အဲသည်မှာ အသိဥာဏ်ပညာ ရှိတဲ့ သာကီဝင်မင်းများက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ကြတယ်ဆိုတာကို ပြောပြချင်ပါတယ်။
နောက်ပြီးတော့ စတိတ်ရှိုးထဲမှာပါတဲ့ အနုပညာသည်တယောက်က ဆရာတော့်ကို ဘယ်လို ပြောလာသလဲ ဆိုတော့ – “တပည့်တော်တို့မှာ သေနတ် ၂ လက်နဲ့ အထောက်ခံထားရတယ်” လို့ ဆိုလာတယ်။ စစ်အစိုးရဖက်ကသာ အနုပညာသည်တွေကို သေနတ်နဲ့ ထောက်ပြီး ခိုင်းတာ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ မှားယွင်းမှုတွေ ၀ါဒဖြန့်မှုတွေကို ဆန့်ကျင် ကန့်ကွက်ဆန္ဒပြနေတဲ့ အမေရိကန်က မြန်မာ့အရေးလှုပ်ရှားသူတွေကတော့ အနုပညာရှင်တွေကို သေနတ်နဲ့ ထောက်တယ် လို့ ဆိုတဲ့အချက်ကတော့ မမှန်ကန်ပါဘူး။ သူတို့တတွေက ငြိမ်းချမ်းစွာနဲ့ အကြမ်းမဖက်ဘဲ ဆန္ဒပြကန့်ကွက်နေကြသူတွေ ဖြစ်ပါတယ်။ အဲသည်လိုမျိုး အမေရိကန်ရောက် မြန်မာတွေက သေနတ်နဲ့ ထောက်လာပါတယ်လို့ ပြောတာမျိုးကိုတော့ ဆရာတော်က ဘ၀င်မကျပါဘူး။ ဟုတ်လည်း မဟုတ်ပါဘူး။
အခုချိန်မှာ အမေရိကန်ပြည်တွင်းကသာမက နိုင်ငံတကာက ဆရာတော်၊ သံဃာတော်တွေ၊ သံယာ့အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း ဆရာတော်ကို မေးမြန်း စုံစမ်းလာကြပါတယ်။ ဆရာတော်ကိုယ်တိုင်ကလည်း တပည့်တော်ကိုယ်တိုင် မိမိသဘောထားကို အများသိအောင် မေတ္တာရပ်ခံ ပြောကြားပါမယ်လို့ အကြောင်းပြန်ထားပါတယ်။ အခုလိုမျိုး ထုတ်ပြန်တယ် ဆိုတာက အပြည်ပြည်ဆိုင်ရာ သံဃာတော်တွေနဲ့အတူ  အားလုံးသိကြစေဖို့ ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။
နောက်ပြီးတော့ ဒီအရေးအခင်းဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး ဖြစ်ရတာမျိုး မဟုတ်ပါဘူး။ ဆရာတော်ကိုယ်တော်တိုင်လည်း အဖြစ်မခံနိုင်ပါဘူး။ ညီညွတ်ရေးကို အရပြန်လည် ယူနိုင်ကြမယ်လို့ မျှော်လင့်လို့ အခုလိုမျိုး ပြောကြားရတာ ဖြစ်ပါတယ်။ သူတို့အနုပညာရှုင်တွေ အမေရိကန်ပြည်ကို ရောက်လာကတည်းက ဆရာတော်ဆီ လာရောက်ပြီး တွေ့ဆုံခြင်း၊ မိတ်ဆက်စကားပြောဆိုခြင်း၊ မရှိပါဘူး။ ဆရာတော်တို့ရှိတဲ့ အရပ်ဒေသကို ၂ ကြိမ် လာရောက်တယ်လို့ ဆိုပါတယ်။ ဒုတိယအကြိမ်မှာ ပွဲသွင်းမည့်သူတွေကို ဆရာတော်အနေနဲ့ ပွဲမသွင်းဘူးလို့ ငြင်းလိုက်ပြီး ဖြစ်ပါတယ်။
ဆရာတော်က အဲသည်အချိန်ကတည်းက ပဋိပက္ခကို ရှောင်ရှားကြစေချင်ပါတယ်။ မိဘတွေက ဆန္ဒပြနေချိန်မှာ သားသမီးတွေက ပွဲဝင်ကြည့်နေကြတယ်။ လုပ်ဖော်ကိုင်ဖက်တွေက တဖက်နဲ့ တဖက် ကွဲပြားကုန်ကြတယ်။ အကျိုးမမြတ်မရဘဲ ငွေကြေးအရ ဆုံးရှုံးကြရတာထက် မိမိတို့ အမေရိကန်ရောက် မြန်မာအသိုင်းအ၀န်းတွေ ကွဲပြား ဆုတ်ယုတ်ကြရတာက ပိုပြီး နစ်နာရပါတယ်။ အဲသည်မှာ သံဃာတော်တွေကိုယ်တိုင်လည်း စိတ်မချမ်းသာဖြစ်ကြရပါတယ်။
အစက မူလရည်ရွယ်ချက်ဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေပွဲတွေလို့ ပြောနေကြတာတွေကလည်း အခုလိုမျိုး အခြေအနေတွေအရ မဖြစ်ကြတော့ဘူးလို့ ဆရာတော်က ပြောချင်ပါတယ်။ ၀ါရှင်တန်ဒီစီ မက်ထရိုဒေသက မြန်မာမိသားစုတွေ ကိုယ်တိုင်ကလည်း အမြင်ကျယ်ကျယ်၊ အသိပညာရှိရှိနဲ့ နောင်မှာ ဖြစ်ပေါ်လာမယ့် မလိုလားအပ်တဲ့ ရန်ငြိုး ရန်စတွေ၊ အာဃာတတွေကို ရှောင်ရှားနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ မိမိတု့ မြန်မာမိသားစုအတွင်း ညီညွတ်ချစ်ခင်မှုကို ရွေးချယ်ကြမယ်လို့ မျှော်လင့်ပါတယ်။ အဲသည်လိုသာ ဆိုရင်တော့ ဆရာတော်က သာဓုခေါ်မှာ ဖြစ်ပါတယ်။
ဆရာတော်က ကိုယ်တိုင် ဆက်သွယ်ပြီးတော့ စတိတ်ရှိုးအဖွဲ့သားတွေကိုလည်း မေတ္တာရပ်ခံထားတယ်။ ပွဲကိုလက်ခံထားတဲ့ Holiday Inn ကိုလည်း စာရေးသားထားပါတယ်။ ဒါက သည်ဖက်ကနေပြီး ငြိမ်းချမ်းစွာ မေတ္တာရပ်ခံနေတာ ဖြစ်ပါတယ်။ ဒါးထောက်ပြီး သေနတ်ထောက်ပြီး သူတို့ကို ပြောနေ ခိုင်းနေတာ မဟုတ်ပါဘူး။ ဒါကို လက်မခံကြရင်လည်း ဆရာတော်အနေနဲ့ သက်ဆိုင်ရာတွေကို စာရေးသား အကြောင်းကြားတာတွေ လုပ်နိုင်သလောက် တတ်နိုင်သလောက် လုပ်ရမှာ ဖြစ်ပါတယ်။
အခုလိုမျိုး ဆရာတော်က ပြောဆို တင်ပြတာဟာ မဖြစ်သင့်တာတွေ မဖြစ်ဘဲ ဖြစ်သင့်တာ ဖြစ်ရအောင် ပြောဆိုနေတာ ဖြစ်ပါတယ်။ ပျော်ပွဲ ရွှင်ပွဲတွေ မဖြစ်ရဘဲ မိသားစုတွေ စိတ်ဆင်းရဲကြရတယ်။ သံဃာတော်တွေလည်း စိတ်မချမ်းသာရဘူး။ ၀ါရှင်တန်ဒီစီ မက်ထရိုဒေသကလူတွေဟာ သည်လိုမျိုး ဆက်အဖြစ်ခံမယ် မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ ဆရာတော် အခုလိုမျိုး ပြောဆိုမိန့်ကြားတာဟာ မှားတယ်၊ လိုအပ်နေတယ်၊ ဆန္ဒာကတိ လိုက်မိရင် ထောက်ပြကြပါ။ ဆရာတော်ကို တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။ ဆရာတော်ကိုယ်တိုင် ရှင်းလင်း ပြောပြပါမယ်။
နောက်တခုက စစ်အစိုးရ ခိုင်းတာကို လုပ်ရတယ်ဆိုတဲ့ အနုပညာရှင်တွေကို တခုတော့ ပြောချင်ပါတယ်။ အဲသည်သမိုင်းအဖြစ်အပျက်တွေကို မိမိတို့ မမွေးသေးလို့၊ ငယ်သေးလို့ မသိလို့ပါလို့ မပြောကြပါနဲ့။ အနုပညာရှင်ဆိုတာ ပရိသတ်အတွက် ပိုပြီး သိအောင် နားလည်အောင် လုပ်ကိုင်ရပါတယ်။ ဖတ်ရှုလေ့လာ မေးမြန်းစုံစမ်းရပါတယ်။ မိမိကို အဖေတွေ အမေတွေက မွေးတယ်၊ မိမိမိဘတွေကို မိမိဘိုးဘွားတွေက မွေးတယ်။ ဒါကို မိမိတို့ သိရှိကြပါတယ်။ မေးမြန်းလို့လည်း ရပါတယ်။ စုံစမ်းမယ်ဆိုရင်လည်း စုံစမ်းလို့ရတဲ့ ကိစ္စဖြစ်ပါတယ်။
သည်လိုသာ ပြောမယ်ဆိုရင် ဆရာတော်တို့ရဲ့ ကျေးဇူးရှင် မြတ်စွာဘုရားသခင် မွေးတုန်းက မိမိတို့ မမွေးသေးပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ပေါ်ထွန်းခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို မိမိတို့ မေးမြန်း စုံစမ်း သင်အံရလို့ အသိဥာဏ်ပညာနဲ့ ဆင်ခြင် လေ့လာသိရှိကြရလို့ မိမိတို့ ကိုယ်တိုင် ယုံကြည် လေးစား ကြည်ညိုပြီးတော့ သာသနာ့ဝန်ထမ်း သံဃာတော်တွေအဖြစ် ကျင့်ကြံအားထုတ်တဲ့ အဖြစ်ကို ရကြတာ ဖြစ်ပါတယ်။
၁၉ ၄၈ မှာ မြန်မာပြည် လွတ်လပ်ရေး ရတယ်ဆိုတာကို မိမိတို့ သမိုင်းကို သင်ယူ လေ့လာမှတ်သားလို့ အမှန်အတိုင်း သိရှိကြရတာ ဖြစ်ပါတယ်။
၈၈ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း မိမိတို့ ဘိုးဘွား၊ မိဘ၊ ညီအကို မောင်နှမတွေ အားလုံး တညီတညွတ်တည်း ဆန္ဒပြခဲ့ကြတဲ့ အရေးတော်ပုံကြီး ဖြစ်ပါတယ်။ တပ်မတော်သားတွေ ကိုယ်တိုင် ပြည်သူတွေနဲ့ အတူ ပူးပေါင်းခဲ့ကြပါတယ်။ အခုလည်းပဲ ပြည်သူ့တပ်မတော်သားတွေ ရှိနေတုန်းပါပဲ။ ဒါတွေကို မသိချင်လို့ မရပါဘူး။ ရှောင်လွဲလို့လည်း မရဘူးဆိုတာကို သိစေချင်ပါတယ်။
ဆရာတော်အနေနဲ့ သည်မျှလောက် ပြောကြားချင်ပါတယ်”
 ဟု မိုးမခသို့ မိန့်ကြားသွားသည်။
ယခုမိုးမခလက်ခံရရှိထားသော ဆရာတော်၏ ဟောလီဒေးအင်းသို့ ပေးစာကို ပူးတွဲဖော်ပြလိုက်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts