>Burmese Embassy in Sirilank charging money and inspecting Burmese monks

>

သီရိလကာင်္ရောက် စာသင်သားမြန်မာသံဃာတော်များကို စစ်သံရုံးက ငွေတောင်းပြီး စစ်ဆေးမှုများလုပ်
သီရိလင်္ကာရောက် မြန်မာသံဃာတော်တပါး
အောက်တိုဘာ ၅၊ ၂၀၁၀
သို့ မိုးခမမိတ်ဆွေများ
ဦးဇင်းတင်ပြချင်တာကတော့ သီရိလင်္ကာရောက် မြန်မာစာသင်သားများ လက်ရှိရင်ဆိုင်နေကြရသည့် အခက်အခဲတွေ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ရဟန်းသံဃာများအပေါ် တနေ့တခြား ဖိနှိပ်မှု ဆိုးရွားလာနေမှုများကို တင်ပြချင်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ စစ်အုပ်စုက ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလနောက်ပိုင်းကစပြီး မြန်မာရဟန်းသံဃာများအားလုံးကို နည်းမျိုးစုံသုံးပြီး ဖိနှိပ်နေမှုများကို နေစဉ်နဲ့အမျှ ကြားလာကြရသည်မှာ မကြားချင်အဆုံး ဖြစ်လို့နေပါတယ်။ ယခုကဲ့သို့ စစ်အုပ်စုက နည်းမျိုးစုံနှင့် ဖိနှိပ်မှုများကို ပြုလုပ်နေသည်မှာ ပြည်တွင်းတွင်သာ မဟုတ်တော့ဘဲ ပြည်ပတွေအထိကိုပါ ပြန့်နှံ့လို့ လာနေပါတယ်။
ဖြစ်ပုံကဒီလိုပါ၊ Passport သက်တမ်းကုန်သည့် သံဃာတော်များ မြန်မာသံရုံးကို သွားပြီး သက်တမ်းတိုးကြတဲ့အခါမှာ ဒေါ်လာ တရာ ပေးပြီး လုပ်နေကြရပါသည်။ ယခင်က မပေးခဲ့ကြရပါ။ ဒီနေရာမှာ သိစေချင်တာကတော့ သီရိလင်္ကာမှာ နိုင်ငံခြားသား ရဟန်းသံဃာတော်များ ဗီဇာသက်တမ်း တိုးကြတဲ့အခါမှာ သီရိလင်္ကာအစိုးရက အခမဲ့ သက်တမ်းတိုး ပေးပါတယ်။ သို့သော် ကိုယ့်နိုင်ငံသံရုံးကို သွားတော့မှ ငွေကြေးတောင်းခံခြင်းခံနေရတာက ပြောချင်တဲ့ အဓိကအချက် ဖြစ်ပါတယ်။
နောက်ပြီးတော့ ကောင်းပြီ … မြန်မာသံဃာတော်တွေအနေနဲ့ မြန်မာသံရုံးမှာ Passport သက်တမ်းတိုးကြေး ဒေါ်လာ တရာ ပေးရတာကို ကိစ္စမရှိဘူးပဲထားပါဦး။ နောက်တချက်ကတော့ အဆင်ပြေ ချောမွေ့စွာနဲ့ ကိစ္စတခု ပြီးစီးသွားဖို့က အဓိကဆန္ဒ သာ ဖြစ်တယ် ဆိုရင်လည်း တပူပေါ် နောက်တပူဆင့်အောင် အခက်အခဲတွေ အကန့်အသတ်တွေနဲ့ ဖိနှိပ်ထားပြန်ပါသေးတယ်။
Passport သက်တမ်းတိုးဖို့  သွားတဲ့အခါ သက်ဆိုင်ရာ တက္ကသိုလ်မှ ထောက်ခံစာ (သို့) ကျောင်းသားကဒ် နှင့် “မကုတာရာမ” မြန်မာကျောင်းမှ နာယက ဆရာတော် တစ်ပါးပါး၏ ထောက်ခံစာယူခဲ့ရန်ဆိုပြီး မြန်မာသံရုံးက တောင်းဆိုနေခြင်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အထက်ပါ မြန်မာကျောင်းက လက်ခံတဲ့ ကျောင်းသားမဟုတ်ရင် ဒါမှမဟုတ်  စဉ်ဆက်မပြတ် ကျောင်းတက်နေတဲ့ သံဃာတော်များ မဟုတ်ရင် Passport သက်တမ်းတိုးမပေးဘူး ဆိုတဲ့ သဘောမျိုးဆောင်နေပါတယ်။
ပညာသင်ကြားနေကြရတဲ့ သံဃာတော်များအနေနဲ့ BA , MA ပြီးလျှင် ပြီးချင်း    Ph.D တန်းကို ဆက်ပြီး လုပ်ဖို့ဆိုတဲ့ကိစ္စဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါ။ အင်္ဂလိပ်စာ အခြေခံအားနည်းသူများအနေနဲ့ အင်္ဂလိပ်စာ ဆက်လက်လေ့လာရခြင်း ၊ မိမိလုပ်မယ့် Ph.D တန်းအတွက် သက်ဆိုင်ရာ စာပေအချက်အလက်များကို စုဆောင်းရခြင်း စတာတွေကို လုပ်ကြရပါတယ်။ အဲဒီအချိန်အတွင်းမှာ ဘယ်က္ကသိုလ်ကမှ ကျောင်းသားကဒ်ထုတ်မပေးထားပါ။
အထက်ဖော်ပြပါ ကန့်သတ်ချက်များဟာ မြန်မာပြည်က လာတဲ့ အမိန့်လား သို့မဟုတ် မြန်မာစစ်သံရုံးရဲ့ လုပ်ဆောင်ချက်များလား ဆိုတာကတော့ မြန်မာစစ်သံရုံးကလွဲလို့ သိနိုင်လိမ့်မည်မဟုတ်ပါ။
စစ်အုပ်စုနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များကို အသိပေးချင်တာကတော့ စာသင်သား သံဃာတော်များအနေဖြင့် ယခုကဲ့သို့ ပြည်ပတွေကိုထွက်ပြီး ငွေအကုန်အကျခံကာ ပညာသင်ယူနေကြချင်း မှာ မိမိတို့ တတ်သည့်ပညာနဲ့ စီးပွါးရေး လုပ်စားဖို့မဟုတ်ပါ။ သာသနာတော်ကြိးကို ထိန်းသိမ်းစောင့်ရှောက်ရင်း မိမိတို့ တတ်သိနားလည်ထားသမျှ အများပြည်သူအတွက် အကျိုးပြုသွားကြရန်ဖြစ်ပါတယ်။
ဒါကိုလည်း ပြည်တွင်းမှာ ဆင်းဆင်းရဲရဲနဲ့ စာသင် စာချ လုပ်ဆောင်နေကြတဲ့ သံဃာတော်များ ၊ ပညာဒါန ကျောင်းများကို ဖွင့်လှစ်ပြီး အခမဲ့ပညာသင်ပေးနေကြတဲ့ သံဃာတော်များက သက်သေခံလျှက်ရှိပါတယ်။
နအဖ စစ်အုပ်စုရဲ့  ယခုလို သံဃာတော်များအပေါ် နည်းမျိုးစုံနှင့် ဖိနှိပ်နေမှုများဟာ သာသနာတော်ကြီးကို မြှင့်တင်နေတာမဟုတ်ပဲ သာသနာတော်ကြီးကို နည်းမျိုးစုံနှင့် ဆုတ်ယုတ်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts