>11th Burmese Literary Talk at Bay Area Success

>

ဆန်ဖရန်ဘေးဧရိယာ ၁၁ကြိမ်မြောက် စာပေဟောပြောပွဲ အောင်မြင်စွာ ကျင်းပ
မိုးမခဓာတ်ပုံသတင်း
အောက်တိုဘာ ၃၊ ၂၀၁၀
ယမန်နေ့ညနေက အမေရိကန်ပြည်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာရောက် မြန်မာမိသားစုများနှင့် BADA အဖွဲ့၏ နှစ်စဉ်ကျင်းပနေကျ မြန်မာစာပေဟောပြောပွဲကို ဧည့်သည်စာရေးဆရာများဖြစ်ကြသော နယူးယောက်မြို့က မောင်စွမ်းရည်၊ အိုင်အိုဝါခေတ္တရောက် ဒေါက်တာခင်မောင်ညို နှင့် မီချီဂန်က ကဗျာဆရာအောင်ဝေးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။  မြန်မာစာပေချစ်မြတ်နိုးသူ ဘေးဧရိယာရောက် မြန်မာမိသားစုများ ၁၀၀ ကျော် တက်ရောက် အားပေးကြသည်ကို တွေ့ရသည်။
  အခမ်းအနားတွင် ဘေးဧရိယာရှိ ဘာသာရေးနှင့် လူမှုရေးလှုပ်ရှားသူလူငယ်များက ၎င်းတို့ ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်း လုပ်ငန်းများအကြောင်း ရှင်းလင်းမိတ်ဆက် ပြောကြားကြသည်။ ဆန်ဖရန်ဘေးဧရိယာရှိ ပရိုဂျက်ဟက်ပ်ဘားမား၊ ရတနာဂုဏ်ရည်နှင့် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ (ဆန်ဖရန်ချပ္ဗတာ) တို့က မိတ်ဆက် ပြောကြားကြသည်ကို တွေ့ရသည်။ ဘေးဧရိယာရှိ မြန်မာမိသားစုအသိုင်းအ၀န်းများအတွက် လစဉ်ပုံနှိပ်စာစောင်တခု ထုတ်ဝေတော့မည် ဖြစ်ကြောင်းကိုလည်း စာပေ၀ါသနာရှင် လူငယ်များကိုယ်စား စာရေးဆရာ ထိန်လင်းက ထုတ်ပြန်ကြေညာလိုက်သည်။

           

ဘေးဧရိယာရှိ မြန်မာဂီတပညာသည်တဦးဖြစ်သူ မဆုဝေက မြန်မာသီချင်းကြီး သီချင်းခန့်များဖြင့် ပရိသတ်ကို မြန်မာ့စောင်းဖြင့် သီဆိုဖျော်ဖြေခဲ့ရာ အားလုံးက အထူးသဘောကျ နှစ်ချိုက်သည်ကို တွေ့ရသည်။ မြန်မာကလေးငယ်များကလည်း မြန်မာကဗျာများကို ရွတ်ဆိုပြီး ပရိသတ်ကို ဧည့်ခံခဲ့ကြသည်။
            စာပေဟောပြောပွဲတွင် စာရေးဆရာ၊ ကဗျာဆရာ၊ ဝေဖန်ရေးဆရာ မောင်စွမ်းရည်က လူထုဦးလှ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဂုဏ်ပြု ဟောပြောခဲ့သည်။ ဆရာက လူထုဦးလှ၏ မြန်မာစာပေလောကနှင့် မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု ခေတ်အဆက်ဆက်တွင် ကျေးဇူးကြီးမားပုံနှင့် ရဲရင့်တည်ကြည်ပြီး သူတော်ကောင်း စာနယ်ဇင်းဆရာကြီး အဖြစ် ရပ်တည်သူ လူထုဦးလှ၏ မနေမနား အလုပ်လုပ်ဆောင်မှုများ၊ မော်ကွန်းမှတ်တိုင်များအကြောင်း ကောက်နုတ်ပြောဆိုသွားသည်။
စာရေးဆရာ ကဗျာဆရာ အောင်ဝေးက လက်ရှိမျက်မှောက်အရေးတွင် စိတ်ဝင်စားစရာဖြစ်နေသော – ၀ လုံး များ အကြောင်း ဟောပြောရာတွင် – စစ်အစိုးရ၏ ရွေးကောက်ပွဲမှ နောက်ဆုတ်သွားသော စာရေးဆရာ၊ ကဗျာဆရာ ဝေမှူးသွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ မျိုးဆက်၊ မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှု အလံတော်ကို လက်ဆင့်ကမ်း ချီတက်သူ၊ ဝေနှင်းပွင့်သုံ၊ ၈၈ အရေးတော်ပုံကြီးတွင် ဆယ်ကျော်သက်ရွယ်အသက်ကို စွန့်လွှတ်တိုက်ပွဲဝင် ကျဆုံးခဲ့သူ ကျောင်းသူလေး ၀င်းမော်ဦး တို့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းနောက် မြန်မာပြည် လွတ်လပ်ရေးနှင့် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘ၀က ဘာသာပြန်ခဲ့သော ကဗျာဆရာ ၀ီလျံအားနက်ဟင်နလီ၏ အနိုင်မခံကဗျာကို နိဂုံးချုပ်အဖြစ် ဘေးဧရိယာရှိ မျိုးဆက်သစ်မြန်မာကလေးငယ်များနှင့် တွဲဖက်ရွတ်ဆိုရန် စီစဉ်ထားသော်လည်း အချိန်အကန့်အသတ်ကြောင့် မရွတ်နိုင်ခဲ့သည်ကို တွေ့ရသည်။
နောက်ဆုံးအစီအစဉ်အဖြစ် အမေရိကန် အိုင်အိုဝါတက္ကသိုလ် စာရေးဆရာအစီအစဉ်အဖြစ် ရောက်ရှိနေသူ မြန်မာပြည်က စာရေးဆရာ ဒေါက်တာခင်မောင်ညိုက ပရာဒိုင်းအကြောင်းကို ဆွေးနွေး ဟောပြောသွားသည်။ ဒေါက်တာခင်မောင်ညိုက လူအများစုမှာ မိမိတို့လက်ခံထားသော ဖြစ်စဉ်အတွင်းမှာပင် ဘောင်ခတ်ပြီး ယုံကြည်စွဲမြဲစွာ နေထိုင်ကြလေ့ရှိကြောင်း၊ အဲသည်သဘောတရားအတွင်းကို ကျော်လွန်ပြီး၊ ဖြစ်ပျက်ခြင်း၊ အပြောင်းအလဲဖြစ်ပေါ်ခြင်းကို ချက်ခြင်း လက်မခံနိုင်သော သဘာဝရှိကြောင်းကို လက်တွေ့လူ့သဘာဝအတွင်းက အဖြစ်အပျက်များ၊ ဟာသပုံပြင်များဖြင့် ပရိသတ်ပွဲကျအောင် ဟောပြောသွားသည်ကို တွေ့ရသည်။
ညနေ ၅ နာရီမှ စတင်သော စာပေဟောပြောပွဲကို သတ်မှတ်ထားသော အချိန်ထက် နောက်ကျပြီး ည ၁၀ နာရီ ခွဲမှ သာ နိဂုံးချုပ် အဆုံးသတ်နိုင်ခဲ့သည်ကို တွေ့ရသည်။ စာရေးဆရာမောင်စွမ်းရည်မှာ နောက်တနေ့ တနင်္ဂနွေ ၀ါရှင်တန်ဒီစီ ဧရိယာတွင် ကျင်းပမည့် ကွယ်လွန်သူ သခင်အုန်းမြင့်အမှတ်တရအစီအစဉ်ကို တက်ရောက်ရန် စာပေဟောပြောပွဲ မင်္ပြီးမီ ခရီးဆက်သွားခဲ့သည်။
ယနေ့ မနက်တွင် ဆရာ အောင်ဝေးနှင့် ဆရာ ဒေါက်တာခင်မောင်ညိုတို့ကို မေတ္တာနန္ဒ၀ိဟာရ ကျောင်းတွင် အိမ်ခံမြန်မာမိသားစုများက နေ့လည်စာဖြင့် ဧည့်ခံပြီး နှုတ်ဆက်စကားများ ပြောခဲ့ကြသည်။ ဆရာဦးအောင်ဝေးက သူအဆုံးမသတ်ရသေးသော နောက်ဆုံး ၀လုံး တလုံးဖြစ်သည့် ကဗျာဆရာဝီလျံအားနက်ဟင်နလီရေးသားပြီး သခင်အောင်ဆန်းဘာသာပြန် အနိုင်မခံ ကဗျာကို မြန်မာဆယ်ကျော်သက်ကလေးများနှင့် တွဲဖက်ရွတ်ဆိုခဲ့သည်။ 
 စာရေးဆရာ ၂ ဦးစလုံးက ပြည်ပရောက် မြန်မာမိသားစုများတွင် လူကြီးများကနေပြီး လူငယ်များ၊ ကလေးများထံသို့ လေ့လာဂုဏ်ယူ သင်ယူ မှတ်သားရမည့် မြန်မာ့ အမျိုးသားရေး၊ ဘာသာရေး၊ ဘာသာစကားကိုတို့ လက်ဆင့်ကမ်းပေးကြရန်၊ ကောင်းမွန်မှန်ကန်သော အမွေအနှစ်များ ပေးအပ်ကြရန်၊ ပြည်ပရောက် မြန်မာကလေး လူငယ်များကလည်း ၎င်းတို့ ကျွမ်းကျင်လိမ္မာသော အသိ အတတ်ပညာ အသစ်များဖြင့် မြန်မာ့အရေးကို ဆက်လက် ဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း တိုက်တွန်းသွားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts