>Mar Mar Aye – 349

>

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၄၉)

နောက်ဆုံးဆိုခဲ့တဲ့ ဓာတ်ပြားသီချင်း
မာမာအေး
အောက်တိုဘာ ၂၊ ၂ဝ၁၀

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် – မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – အရင်တပတ်က ငိုချင်း ဆိုင်းသံကလေး ကြားရတော့ မနက် အာရုဏ် မလင်းတလင်းလေးမှာ လူကြီးတွေနား အိပ်ကောင်းနေတုန်း ဗြုန်း ဆို သတိရပြီး လန့်လန့်ဖျတ်ဖျတ် ပြူးတူးပြဲတဲ ပွဲသိမ်းပြီ အမှတ်နဲ့ ထထိုင်လိုထိုင်၊ အနားဘေးဘီ ဟိုကြည့်သည်ကြည့် ဖြစ်မိတာတွေ ပြန်ပြီး သတိမရဘူးလား။ ငယ်ဘ၀တွေ ဆိုတော့ ဇာတ်စင်ပေါ်က စာရွတ်တာတွေ ဘာတွေကိုလည်း မခံစားတတ်ဘူးမို့လား။ ပဒေသရာဇ် အာဏာရှင် ၀န်ကြီးတွေ မတရားပြု အမှုဆင် ထောင်းချင်သလို ထောင်းကြလို့ အကြောင်း မကောင်းရှာတဲ့ ထိုထိုသတ္တ၀ါတွေ ကိုယ်စား ငိုဟယ် ရယ်ဟယ် သရုပ်ပြကြတဲ့ မင်းသား၊ မင်းသမီးတွေကို သနားပြီး သူတို့ မျက်ရည်ကျ၊ ကိုယ်လည်း လိုက်ကျတော့ ငိုက်ရုံမှမက မျက်တောင်ပါ စင်းကျ အိပ်ပျော်သွားရတော့တယ်။

အလွမ်းကိစ္စ ပြောမယ် ဆိုတော့ ကိုယ်ဘယ်က စ လွမ်းတာ ကြုံသလဲ တွေးကြည့်တော့ အဲဒီ “ငိုချင်း” ကို စပြီး သတိရတာ ရှင့်။ မြန်မာ့ဇာတ်သဘင် အစဉ်အလာတွေနဲ့ ကင်းကွာ ကင်းကွာလာတဲ့ အခါသမယကြီးမှာ ငိုတာကြီးကို တင်ပြလို့ ကောင်းပါ့မလား ဆိုတာလည်း သတိရသေးတာပေါ့။ ဒါပေမယ့် ပြက္ခဒိန် ကြည့်လိုက်တော့ ရွှေဝါရောင် သံဃာ့အရေးအခင်း ဖြစ်သွားတဲ့ နေ့နဲ့ ကိုက်သားပဲ လို့ ‘ငိုချင်း’ ဆိုပြဖြစ်တာပါ။ ချစ်ဆွေတို့ကို ဒါကြောင့်မို့ လွမ်းတဲ့အကြောင်း မမေ့နဲ့ဦးလို့ ပြောတာပါရှင်။ အရိပ်ပြရင် အကောင် ထင်တဲ့ BBC သောတရှင်တွေ မဟုတ်ပါလားနော်။

လွမ်းတဲ့ အကြောင်းရင်းခံတွေကတော့ အမျိုးမျိုး ခံစားကြည့်မိထားတယ် လို့ ဟိုနေ့က ပြောခဲ့ပါတယ်။ ခု နားထောင်ပြီးသွားတဲ့ ‘ငိုချင်းပြောငို’ မျိုးဟာ နောက်ပိုင်းဇာတ်ကြီးတွေမှာ လွမ်းတဲ့ အလွမ်းမျိုး ဆိုတာ သိရောပေါ့။ ‘အမေ့နို့ဖိုး’ သီချင်းဟာ မူလက ရိုးရိုး မြန်မာသီချင်း တပုဒ်ပါ။ “ကြားထဲမှာ ငိုချင်း ပုံစံ တပိုဒ် ထည့်စပ်ထားတယ် အမရေ၊ တေးသရုပ်ဖော်လေး လုပ်လို့ ရရင် ကောင်းမှာ” လို့ ဂီတစာဆို သောင်းတင်ဌေးက သီချင်းစာလေး လာပေးရင်းနဲ့ ပြောပါတယ်။ အဲဒီ အချိန်က ‘ကိသာဂေါတမီ’ တို့ ‘လမင်းသာချိန် နေကွယ်ချိန်’ လို့ ခေါ်တဲ့ ‘မြခြူသံ’ တေးသရုပ်ဖော်တို့ဟာ ရေပန်းစားနေတာကိုး ရှင့်။ အကြောင်းအရာက လက်ျာတော်ရံ အရှင် သာရိပုတ္တရာ ကိုယ်တော်ကြီး ပရိနိဗာန်ပြုခန်းပါရှင်။ အဓိကရ ရဟန္တာကြီး အမေ့ကျေးဇူး ဆပ်သွားပုံ လှည့်ကွက်ကလေးကလည်း သင်ခန်းစာ ယူစရာ ကောင်းလို့ ဇာတ်လမ်းတိုလေး ဖြစ်လာအောင် တပိုဒ်ပြီးတပိုဒ် ပြောပြလိုက် ဆိုပြလိုက်မျိုး လုပ်မယ် လို့ စဉ်းစားတယ်။ စကားပြောတွေ မာအေး ရေးပြီး ဆက်ကြည့်ခဲ့လို့ ရသွားတဲ့ တေးသရုပ်ဖော် ပုံစံလေး တပုဒ်လို့ ပြောရမယ် ထင်ပါရဲ့။

မာအေးရဲ့ အနုပညာလမ်း တလျှောက်မှာ ပညာလိုက်ကောက်ခွင့် ကြုံသမျှဟာ သူတပါး ဆန္ဒကို ဖြည့်စွမ်းပံ့ပိုးချင်တဲ့ စိတ်ကြောင့် ကြိုးစားလုပ်ဆောင်ကြည့်ရင်းက ဖြစ်လာတာမျိုး များပါတယ်။ ခုလည်း သောင်းတင်ဌေး ဆန္ဒ ပြည့်ဝစေချင်လို့ပါ။ ရဟန်းတော်များ ပါဝင်နေတဲ့ ဇာတ်မျိုးမို့ စင်ပေါ်မျာ ကပြဖို့ ခက်တာနဲ့ မာအေး ကိုယ်တိုင် ထုတ်လုပ်တဲ့ တေးအတွဲ ၂ အမေ့နို့ဖိုး ကက်ဆက်ခွေ ထုတ်တဲ့အခါ တဖက်စာ တေးသရုပ်ဖော်အဖြစ် တင်ဆက်ခဲ့တာ ၁၉၇၈ ခုနှစ်မှာပါရှင်။ ၁၉၇၇ ခုနှစ် ကတည်းက အေ၀မ်း မဟာမြိုင် စတူဒီယိုမှာ အသံသွင်းတာပေမယ့် သိမ်းထားခဲ့ရပါသေးတယ်။ ကိုယ်ပိုင် တေးသံသွင်း ဌာန ဖွင့်ဖို့ ရည်ရွယ်ချက် ရှိနေတော့ ဂီတဥပဒေ ကိစ္စ ပြဋ္ဌာန်းပေးနိုင်တဲ့ ကိစ္စတွေ လုပ်ဦးမှလို့ ရည်မှန်းထားတဲ့ အကြောင်းတွေ ရှိနေလို့ ဖြစ်ပါတယ်။ အဲဒီအကြောင်းကြောင်းတွေကို အလွမ်းတွေ လွမ်းပြီးတော့မှ လွမ်းပြရသေးတာပေါ့လေ။

အရင်တပတ်က ‘အလွမ်းစ’ ထားတာ၊ သားကို ချစ်တဲ့ အမေကြီးခမျာ ဘာသာမတူ အယူကွဲပြား ဘဘုရားရှင်နောက် တကောက်ကောက် လိုက်ပါသွားပြီး သားကပါ သပိတ်ပိုက် ဆွမ်းခံစားတာကို ဂျွမ်းသဒါလံအောင် မှားတယ်လို့ ရှက်ရှက်နဲ့ နာနာခံစား ငိုတဲ့ အလွမ်းမျိုးပါ။ ဒီခေတ်ထဲမှာလည်း ကိုယ့်ဘာသာကနေ တခြားဘာသာတွေကို ပြောင်းကြသူတွေ ရှိတာပါပဲ။ မာအေးတို့ အနီးဆုံး မိတ်ဆွေထဲကဆို ‘အကိုဝင်းဦး’တောင် ပါသေးတာပေါ့။ အမျိုးအရင်းခေါက်ခေါက် မဟုတ်သော်လည်း အနုပညာမောင်နဲ့နှမမို့ ‘အမယ်လေး’ လို့တော့ အော်မိပါတယ်။ နောက်ဆုံးအချိန်က ပေးလိုက်ခဲ့တဲ့ ‘အမျှ’ ကိုမှ သာဓု ခေါ်နိုင်ပါ့မလား မသိပါဘူးရှင်။ အခုဇာတ်မှာ အရှင်သာရိပုတ္တရာက သား ရှင့်။ ဘုရားရှင်တော်မြတ်က ပညာကြီးသော အရာမှာ ဧဒဒဏ်ထားတော်မူရလောက်အောင် တော်တဲ့ တတ်တဲ့ ပုဂ္ဂိုလ် ဆိုတော့ နှမြောတသ ငိုမှာပေါ့ရှင်။

ဗမာသံ စစ်စစ်တွေ အရေးများတဲ့ ဂီတစာဆို သောင်းတင်ဌေးလည်း ရင်ထဲ လှိုက်လှိုက် အငိုအရှိုက်တွေ ကြိုက်ပုံရပါတယ်။ သူ့သီချင်း အများဆုံး ဆိုသွားတာ တွံတေးသိန်းတန်ပါ။ မောင်မောင်ကြီးနဲ့ ဟင်္သာတထွန်းရင်တို့ရဲ့ ဓာတ်ပြားသီချင်းတွေလည်း ရေးပါတယ်။ မာမာအေးရဲ့ နောက်ဆုံးဓာတ်ပြားသီချင်း၊ မောင်ဘတင့် ထုတ်ဝေမယ့် ‘ရွှေမင်းဂံ၏ ဇာတ်ကြောင်းပြန်’ ဟာ မာမာအေးအတွက် ပထမဆုံး သောင်းတင်ဌေး ရေးပေးတဲ့ သီချင်းပါ။ ဒီနေ့ အစပိုင်းလေး လွမ်းကြည့်နိုင်မှာ ဖြစ်ပါတယ်။

xxx ရှေးပဝေ တရံနှောင်းပေမယ့် ဆွေးမဖြစရာအကြောင့်းရယ်က xxx အခြေအမြစ်ကို စစ်ရင် ပဒေသရာဇ်လက်ထက်ချိန်ခါ ဘုရင်တပါး အိမ်ရှေ့စံ သားတော်နဲ့သာ စိုးမိုးအုပ်ချုပ် နေလာချိန်မှာ၊ ဟိုအဝေးမှာ မင်းဂံဘုတ်ရွာ တောတောင်ညိုရိပ်တွေနဲ့ စေတီ ပုထိုး ဂူကျောင်းတွေ ရှိတာ၊ ရှုခင်းစုံတဲ့ ရွှေမင်းဂံရွာ၊ အညတရ စောင်းသမလေး သူ့ရဲ့ ဖြစ်အင် ပြေးမြင်မိ အသည်းဘ၀င်တုန်စရာ ဘုရင့်သားတော်နဲ့ ချစ်ကြိုးယှက်ဖြာ၊ ချစ်ရည်လူးကာ မြူးပျော်ချိန်မှာ ဘုရင့်ရွှေနားတော် ပေါက်ကြားပြန်တော့ ရှေ့တော်သွင်းစေ အမိန့်တော် ရောက်လာ xxx
(ဖြေသော်လည်း မပြေ၊ ဒီအကြောင်းခြင်းရာ၊ ရင်ထဲမရွှင် ဘ၀င်အသည်းက နာ)၂ xxx အကြောင်းမလှတဲ့ စောင်းသမ ဇာတ်လမ်း၊ ငိုရှိုက်ခါ ပြောရရင်ဖြင့် သည်သို့သည်နှယ် သောကကြုံသူပါ xxx
[ရွှေမင်းဂံ၏ ဇာတ်ကြောင်းပြန်]

ကဲ – တတ်နိုင်သလောက် သီချင်းလေး တပုဒ်နဲ့ပဲ ကျေနပ်လိုက်ပါဦး။ နောက်တပတ်ကျရင်တော့ စောင်းသမလေးနဲ့ အိမ်ရှေ့စံဘုရင့်သွေး ဘာဖြစ်ကြသေးသလဲ ပြောရသေးတာပေါ့။

(ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။ http://www.bbc.co.uk/burmese/programmes/2010/09/100930_dmmaye.shtml တွင်လည်း နားဆင်နိုင်သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts