ဆောင်းလူ

Saung Luu – My name is Maung Ba Nyunt (Essay)

ကျနော့်နာမည် မောင်ဘညွှန့်
ဆောင်းလူ
ဇွန် ၄၊ ၂၀၁၃


ဒီအောက်က ကဗျာရှည်ကြီးကိုရေးတုန်းက ဘာစိတ်ကူးရယ်လို့မယ်မယ်ရရ မရှိခဲ့ပါဘူး …။ ရေးချင်လို့ရေးချလိုက်တာပါပဲ … ။ ခုတော့ ကဗျာထဲက ပါခဲ့တဲ့သူတွေလည်း ဟိုရောက် ဒီရောက် .. ဟိုလွင့် ဒီလွင့်နဲ့ .. ဟိုတစ .. ဒီတစ …
ကျနော် မောင်ဘညွှန့်ရဲ့ကဗျာထဲက လူတွေက .. ကျနော်ရဲ့ရဲဘော် ရဲဘက်တွေလို့ ပြောရမှာပါပဲ …။ ကဗျာထဲ မပါပဲ ကျန်ခဲ့သူတွေလည်း ရှိပါတယ် …။ မောင်ဘညွှန့်ရဲ့ပေါ့လျော့မှုပါပဲ …။ 
လွန်ခဲ့တဲ့ လေး ငါး ခြောက် ခွန် .. ရှစ် ကိုး ဆယ်နှစ်လောက်က … ဒီလူတွေ ဒီလူတွေ တကယ်ပဲ မောင်ဘညွှန့်နဲ့ အတူ ရှိခဲ့ကြတဲ့သူတွေပါ ..။ တချို့လည်း အာဂန္ဓုပေါ့ …။ 
တကယ်ပါပဲ ကျနော်တို့ မြေကြီးကို နာနာရိုက်ခဲ့ရပါတယ် .. ။ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကိုင်းကျွန်းဥယျာဉ်လေး တခုအတွက်ဆိုပါတော့ …။ ကိုယ့်အသားမဟုတ်တိုင်းကို တကယ်ပဲနာနာရိုက်ခဲ့ကြတာပါ။ 

နောက်ဆုံးပေါ် ခရော်နီကယ်
………..

ဟော့ဒီမှာဗျာ သိတဲ့အတိုင်းပဲ
ဒီတစ်နှစ်ရဲ့
ပူစပ်ပူလောင်နိုင်လှတဲ့ တန်ခူးလေကလည်း
စစ်ပြေငြိမ်း ရုပ်သိမ်းတော့မယ်…။

ခင်ဗျားတို့မှတ်မိကြလား …
ဟိုးအရင်… နှစ်စွန်းစွန်းတွေက
ပန်းပေါင်းစုံပွင့်ဖူးဖို့အတွက်
ကိုယ့်အသားမဟုတ်တိုင်း
မြေကြီးကို နာနာရိုက်ခဲ့ကြတာလေ …။

…………
မှတ်မိနေပါသေးတယ် …။ ကျနော်တို့ရဲ့ တာဝန်ခံအယ်ဒီတာကြီး … ။ သူ့ရဲ့ ညရင်ကွဲကဗျာတပုဒ်နဲ့ တင် ကြွေဆင်းခဲ့ရတာပါ။ အဲ့တုန်းကတော့ တကယ့်ကို အာလေး လျှာလေးနေတုန်းပါပဲ .. ။ 
နောက်ဖက်ကန်းစွန်းတောပေါ်မှာတင်ထားတဲ့ စလောင်းတိုင်ကြီးအောက်မှာ .. လရောင်ကို မော်ကြည့်ရင်း ညရင်ကွဲကို ရွတ်ခဲ့ဖူး တယ်ထင် ပါတယ်။ သူ့ရဲ့မဟေသီကို ခေါ်တဲ့အသံ .. မရေ … ဆိုတာလေးကို ကျနော်တို့နားထဲမှာတော့ မားရေ …လို့လည်း ကြားမိပါတယ်။ ချစ်တတ် လွန်းတဲ့သူတွေပါပဲ။ ခုတော့ ဦးခင်လွန်းရော .. အန်တီမီသော်ရော ..နယူးဇီးလန် ကျွန်းနိုင်ငံငယ်လေးတခုဆီမှာပါ …။ အမှတ်တရပါပဲ..။ 

အဲ့ဒီတုန်းကဗျာ…
အာလေး လျှာလေးနဲ့
ဘ၀နံရံပေါ်ရေးချ ရွတ်ပြခဲ့တဲ့
ညရင်ကွဲ ..
ကဗျာရူး စာရူး ကျုပ်တို့အတွက်တော့ တမူထူးတာပေါ့ …။

……….
ကျနော် မောင်ဘညွှန့်တို့ဆီမှာ အဲ့တုန်းက စာဖတ်ဝိုင်းရှိတယ်…။ စာဖတ်ဝိုင်းဆိုတာက ဒီလို…။ နောက်တပတ် ဒီစာထဲက ပါတဲ့အကြောင်း အရာကို ဆွေးနွေးကြမယ် ..။ စာဖတ်ထားဆိုပြီး မိတ္တူစာရွက်တွေ ဝေထားကြတာပဲ။ မှတ်မှတ်ရရ …။ အဲ့နေ့က ၀ိုင်းဆွေးနွေးနေကြတာက … ဆရာအောင်သင်းရဲ့ကံ့ကူလက်လှည့် .. ။ သွက်တဲ့သူတွေ ချက်တဲ့သူတွေကတော့ အပြန်အလှန် ခွန်းတုန့်သံတွေနဲ့ပေါ့ …။ သူကတော့ နဲနဲထူးတယ်ဗျ ..။ သူ့ဦးလေးလည်း ပါတယ်။ သူ့တူကို မယုံတာလည်းပါမှာပေါ့ ..။ ကျနော့်ထက်တောင် အသက်ငယ်ပါတယ်။ သူ့ဦးလေးက သူ့ကိုသိုင်းဝတ္တုတွေပဲ ဖတ်တဲ့ကောင်လို့ထင်တာ …။ ဒါပေမယ့် ငနဲလေးက စစ်နဲ့ ငြိမ်ချမ်း ၁၃ တွဲကို ဖတ်တယ်တဲ့ဗျာ …။ ကိုဖြိုးလည်း ခုဘယ်နိုင်ငံ ရောက်နေလဲမသိတော့ဘူး …။ 
တကယ်ပါပဲ ကျနော်တို့ကတော့ စာအကြောင်း ပေအကြောင်းတွေ ဖတ်ပြီးဆွေးနွေးနေကြပေမယ့် (အမှန်က လူကြီးတွေက လူငယ်တွေကို မြှင့်တင်တာပါ) ကျနော်တို့မှာတော့ ဗမာစာ စာလုံးပေါင်း သတ်ပုံတောင် မှန်အောင် မပေါင်းတတ်ခဲ့ကြဘူး …။ 

အဲ့ဒီမှာပဲ …
သိုင်းဝတ္တုတွေအစား
စစ်နဲ့ငြိမ်းချမ်းရေး (၁၃) တွဲ
ကျွတ်ကျွတ်ဝါးစားလိုက်တဲ့
လူငယ်လေးတစ်ယောက်ရဲ့ဘ၀ …။

ဘာသာစကား ပေါင်းကူးတံတားဆြိုပီး
အမွှမ်းတွေ အရွှန်းတွေနဲ့
မွေးသမိခင် ကိုယ့်ဘာသာစကားတောင်မှ
စာလုံးပေါင်းမှန်အောင် မပေါင်းတတ်ခဲ့ရတဲ့ ဘ၀ …။

……….
ကျနော်တို့ဆီမှာ ၀န်ကြီးတပါးရှိတယ် .. စိုက်ပျိုးရေးဝန်ကြီး .. ဦးသန်းစိုးတဲ့ .. ခု နော်ဝေးမှာ။ သူက ၅၀ ကျော်အချစ်ပေါ့ .. ဒီဘက်ရောက်မှ အေးဆိုတဲ့ နာမည်စာလုံးလေးပါတဲ့ … အမျိုးသမီးတဦးနဲ့ထပ် အိမ်ထောင်ပြုတာပါ။ အဲ့ အန်တီကြီးက Social Action for Women (SAW) က ထင်တယ်။ မှားနေ သီးခံပါ။ 
၂၀၀၄ ခုနှစ်ထဲမှာ .. အဲ့ည မှတ်မှတ်ရရ .. ကျနော်တို့သတင်းစာက လည်း ဖောင်ပိတ်ရမယ်။ မင်္ဂလာပွဲကလည်းရှိတယ် …။ ကျနော်က လေးအောက်ဒီဇုင်း ကမျောက်ကချောက်ကာလ ..။ လာလုပ်ပေးနေတဲ့သူရှိတယ် … ကိုမောင်မောင်ဦး (လူ့ဘောင်သစ်) .. ရေးစီသံဂျာနယ်ရဲ့ဒီဇိုင်နာ …။ ခုတော့ အမေရိကားမှာ မိသားစုနဲ့အတူ ..။ ကျနော့်ရဲ့ လေးအောက်ဆရာရင်းပါပဲ။ လေးအောက်သင်ပေးတယ်။ အာလေးလျှာလေးဆေး ၀ယ်တိုက်တယ် ..ဟဲဟဲ ..။ သူနဲ့ ခုန ဦးခင်လွန်းတို့က မင်္ဂလာပွဲသွားတယ်ထင်တယ်။ ဒါမှမဟုတ် အာလေးလျှာလေးဆေး မှီဝဲနေတာလား မသိဘူး။ ကျနော်အမှတ်မှားတာလဲ ဖြစ်ကောင်းဖြစ်မယ် …။ 
အဲ့ညက ၀န်ကြီးမင်္ဂလာဆောင်မှာ ဆူနာမီကြောင့် ငလျှင်လှုပ်တယ် …။ အိပ်မက်ထဲမှာတော့ … ဒီဝန်ကြီး ကြမ်းလှချည်လားပေါ့ ..။ နောက်မနက်မှ ဆူနာမီဖြစ်သွားမှန်းသိတယ် …။ 
အဲ့အချိန် ကျနော်တို့က ဖရဲသီးစိုက်ထားတယ် …။ ဆူနာမီဖြစ်ပြီးစဆိုတော့ ၀န်ကြီးကပြောတယ် ..ဖရဲသီးတွေ … ငလျှင်ဒဏ်ခံထားတဲ့ မြေနဲ့ဆို ကြီးမှာမဟုတ်ဘူး .. တခုခုလုပ်ရမယ် …။ ၀န်ကြီးစကား ဘယ်လောက် တာသွားတယ် .. မှတ်လဲ .. ။ နောက်နေ့အကုန်လုံး ..နေပူကျဲတဲမှာ ဖရဲသီးအောက် ငှက်ပျောရွက်လေးတွေ လိုက်ခံရတယ် …။ အဲ့လောက်စွမ်းတာ …။ 
နောက် ၁ ရက် ၂ ရက်နေတော့ ကျနော်တို့အယ်ချုပ်ရဲ့ဘော်ဘော်တယောက်လာတယ် …။ သူက ဖရဲခင်းကြည့်ပြီး ..ကိုသန်းထွဋ် ..ခင်ဗျား ဖရဲခင်းက … ကျူပ် လ -ွ တ်လောက်ပဲရှိတယ်တဲ့ …။ သူကတော့ ၁၉၉၀ ပြည့်တုန်းက မေမြို့နယ် (ဇဝေဇ၀ါ) ကနေ တသီးပုဂ္ဂလအမတ်အဖြစ်အရွေးခံလိုက်ရတဲ့ ..၉၀ အမတ်လောင်းတဖြစ်လဲ .. လင်းပင်မင်းသားကြီးရဲ့မြစ်တော် .. ဦးပီတာလင်းပင်ပါပဲ …။ 

ဆူနာမီလှိုင်းအမှီ
မင်္ဂလာပွဲ ဆင်ယင်ကျင်းပခွင့်ရခဲ့တဲ့
ငါးဆယ်ကျော် အချစ်မှာ
စစ်ခင်းခဲ့ရတဲ့
ဟုတ်ကဲ့ အကိုကြီးနဲ့
ဟိုအရွယ်လောက်ပဲရှိတဲ့ ဖရဲသီးတွေခမျာ
ဆူနာမီဒဏ်ကို ကြိုသိနေကြတဲ့အလား …။

………….

ဆက်လက်ရေးပါဦးမည် …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts