>My Acedamy Sein – The General’s Daughers – The Stars Sisters

>

စစ်ဗိုလ်ချုပ်တို့၏ချစ်သမီးများ သို့မဟုတ် ကြယ်စင်ညီအစ်မများ
မိုင်အကယ်ဒမီစိန်
စက်တင်ဘာ ၃၀၊ ၂၀၁၀
ကိုရီးယားကားများ မဆိုးဘူးခင်ဗျ။ စစ်အစိုးရကို တဖက်လှည့်နဲ့ ရိုက်ပြထားသလား မှတ်တယ်။ ပြည်သူတွေ မပြောရဲ မဆိုရဲတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အိမ်တွင်းရေးတွေကို အိတ်သွန်ဖာမှောက် ရိုက်ထားတဲ့ ကိုရီးယားကားတကား အခုပြနေပြန်ပါပြီ။
စစ်အရာရှိတစ်ဦးရဲ့ သမီးတော် လေးယောက်ရဲ့ အကြောင်းပါတဲ့ ခင်ဗျား။ အကြီးဆုံးသမီး၊ သမီးလတ် အမွှာနှစ်ယောက်၊ (အကြီးစစ်သမီးက မွေးစားသမီး ထင်ပါရဲ့) အမွှာသမီးငယ်နဲ့ အထွေးဆုံးသမီးတော်တို့ရဲ့ အဖြစ်တွေပါ။ စုစုပေါင်း သမီး ၄ ယောက် မှာ အလတ် အမွှာအကြီးမကို မွေးစားသမီးလို့ ပရိသတ်တွေက ထင်ကြေးပေးထားကြပါတယ်။ ဒီတော့ သမီးအရင်း ၃ ယောက်ပေါ့ ခင်ဗျ။
အဖေကြီး စစ်သားဟောင်းကြီးက သူ့ရဲ့ သမီးတော်များကို ညဆယ်နာရီမှာ လူစစ်တယ် ခင်ဗျ။ ညဆယ်နာရီမှာ သမီးမိန်းခလေးများ အိမ်ပြန်ရောက်ရမည့်အချိန်လို့ ဆိုပါတယ်။ အကြီးမ အိမ်ထောင်သည်ကတော့ သည်အထဲ မပါဘူးပေါ့ခင်ဗျာ။ ဟော … ဆယ်နာရီလည်း လူစစ်တာပြီးရော၊ အမွှာထဲက အငယ်သမီး နတ်စ်မက အိမ်က ခိုးထွက်ပြီး ပိုက်ဆံရတဲ့အလုပ်တွေ လုပ်ပြပါတယ်။ အဲဒီအလုပ်တွေကိုတော့ နားမလည်ဘူး ခင်ဗျ။ နားလည်သလောက်ပြောရင် ယောင်္ကျားလေးများနဲ့ အဖော်လုပ်ပြီး ထိုင်ပေးရ၊ အရက်သောက်ပေးရ၊ ’က’ ပေးရ ဆိုပါတယ်။ အဖေစစ်သားကြီးရဲ့ စည်းကမ်းကလနား အောက်မှာ နေ နေတဲ့သမီးများ ဆိုပါတော့။
ဟော … အကြီး အိမ်ထောင်သည်မကတော့ ခင်ပွန်းသည်အလစ်မှာ နောက်ယောက်ျားတစ်ယောက်နဲ့ ဖောက်လွဲ ဖောက်ပြန် နေတာမျိုးကို ပြပါတယ်။ ခင်ပွန်းသည်ကလည်း အရက်သောက် မူးပြီး တွဲနေတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပဲ သူလည်း အပြိုင်ကြဲတယ်ပေါ့ခင်ဗျာ။
အငယ်ဆုံးကလေးကတော့ မိဘများရဲ့ အသည်းစွဲကလေးပေါ့။ ဆရာဆိုတဲ့သူနဲ့ အိမ်မှာ ကျူရှင် သင်ခိုင်းထားပါတယ်။ ဒီလိုနဲ့ စာသင်နေတာ မဟုတ်ဘဲ ရည်းစားစကား ပြောနည်းများ သင်ပေးကာ မိဘများရှေ့ ကျောင်းစာကောက်ကိုင်၊ အဖေကြီးဝင်လာရင် ဟန်ဆောင်ပြပါတယ်။ ဟော … သည်လိုနဲ့ အသက် ၂၀ ဆိုတဲ့ အဲသည်ကောင်မလေးက ကိုယ်ဝန်ရှိလာပြန်ပါရော။ စာလည်းမသင်၊ ဆရာ ဆရာ နဲ့ အဲသည်လို အမှားများ ကျူးလွန်နေတဲ့ အငယ်ဆုံးလေးအပေါ် မျှော်လင့်ချက်ကြီးနဲ့ စစ်သားကြီး သိသွားရင် ဘယ်လိုများ ခံစားကြမလဲခင်ဗျ။
ပြောရရင်တော့ တော်တော် အခြေအနေ ဆိုးပါတယ်။ အဖေလုပ်သူက စစ်သားဟောင်းကြီးပါ။ စစ်စည်းကမ်းအတိုင်း သမီးများကို ကြပ်ကြပ်မတ်မတ် ထိန်းသိမ်း ရှာပါတယ်။ မွေးစားသမီးလို့ ယူဆရတဲ့အမွှာအကြီးမကတော့ စစ်သမီး လုပ်ပါတယ်။ သူ့စကား နားထောင်တာဆိုလို့ ဒီသမီးပဲ ရှိပါတယ်။ ဒီတော့ အားလုံးခြုံ ရရင် ဒီဇာတ်လမ်းက မပြီးသေးပါဘူး။ အခုမှ စပြရုံသာ ရှိပါတယ်။ သမီးတွေ ပျက်စီးနေလိုက်တာ မြင်မကောင်းပါဘူး။ ရုပ်ရှင်မို့လို့သာ တော်တော့တယ် လို့ ဆိုသော်လည်း ဒီအခန်းတွေကို ရယ်စရာလိုလို ရိုက်ပြထားတာတော့ နားမလည်ဘူးခင်ဗျ။ အားကျအောင်လား ခင်ဗျာ။
ဥပမာ – မိဘကို ညာတာ၊ အိမ်က ခိုးထွက်တာ၊ ပိုက်ဆံရှာ ပြတာ၊ ယောက်ျားတွေနဲ့ နိုက်ကလပ်မှာ တွဲကပြတာတွေ စုံလို့ ပါပဲ။ အဲဒီထဲ ရယ်စရာစကား တခွန်းကတော့ မင်းသမီးက အိမ် ည ဆယ်နာရီ အရောက်ပြန်ဖို့ ဖင်တကြွကြွ ဖြစ်နေလို့ ဇာတ်လိုက်မင်းသားကနေပြီး “သြော် … သိပ် သနားစရာ ကောင်းတာပဲ။ အဖေလုပ်တဲ့သူက စည်းကမ်းကြီးလိုက်တာ …” လို့ ပြောတဲ့ အခန်းပါပဲ။ သူ မသိတာက ဆယ်နာရီ အိမ်တံခါးပိတ်ရင် ခိုးထွက်ပြီး နိုက်ကလပ် သွားမှာကိုပါ။ နောက်ပြီးတော့လည်း အငြိမ်းစားဖြစ်ဟန်တူသော စစ်သားကြီးက အလုပ်မရှိသဖြင့် အလုပ်လိုက်ရှာရပုံ၊ နောက်ဆုံး ညစောင့် အလုပ်ရခဲ့ပုံများကလည်း ဘယ်လို သင်ခန်းစာယူရမှာ လိုလို။ ပရိသတ်ကတော့ ရယ်ရမလိုလို၊ ငိုရမလိုလိုပါ။ ကြည့်လို့ တော့ ကောင်းပါတယ်။ အော် … (အဲဒီ ဇာတ်ကားထဲက) စစ်သားကြီးတွေရဲ့ သားသမီးများ ဒီလိုပါလားလို့ မျက်စိထဲ ကွင်းကွင်း ကွက်ကွက် မြင်မိကြောင်းပါ။
စစ်အစိုးရရဲ့ နေ့တစ်နေ့ဖြစ်တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ က “အာရုံဦးမှာဖူးသည့်ကြာ” ကို မကြည့်မနေရ မြန်မာ့ရုပ်မြင်သံကြားမှာ ပြည်သူတွေကို (ရိုက်ပြီး) ပြလိုက်ပါတယ်။ ဒါ ပထမဦးဆုံး ကြည့်မိတာပါ။ ရှိရှိသမျှ မြန်မာပြည်မှာ ထင်ပေါ်ကျော်ကြားနေတဲ့ ရုပ်ရှင်သရုပ်ဆောင်များစွာကို ဘုန်းပေါလအော သုံးကာ ရိုက်ပြထားပါတယ်။
ဒီအနုပညာသည်တွေအတွက် ပြည်သူတွေက ထမင်းရှင်လား၊ စစ်အစိုးရက ထမင်းရှင်လား ဆိုတာကို ပြသ လိုက်တဲ့ ကားတစ်ကားအဖြစ် မြင်မိကြောင်းပါ။ ပြည်သူတွေလည်း စိတ်မကောင်းပါဘူး။ ကိုယ်ချစ်ရတဲ့ အနုပညာသည်တွေ သည်လိုဖြစ်သွားတာ စိတ်ထဲပါလို့လား တကယ်မပါလား ဆိုတာတော့ မသိကြောင်းပါ။ ဖြစ်နိုင်ရင် သူတို့အနေနဲ့ တကယ် သိမှီလိုက်တဲ့ ပုဂ္ဂိုလ်ကြီးများကို မေးမြန်းပြီး လက်ခံသင့်ပါတယ်။
သို့သော်လည်းပေါ့လေ … ယခုခေတ် စစ်အစိုးရကျင့်သုံးနေတဲ့ မူဝါဒဖြစ်တဲ့ “ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက် …” ဆိုတဲ့ ၀ါဒအတိုင်း ပြည်သူအော့နှလုံးနာသော စစ်ဗိုလ်နောက်လိုက် အနုပညာသည်များ အဖြစ်ကနေ နောက်တော့လည်း မေ့သွားပြီး သူတို့ ကို ပြန် အားပေးကြမှာပါလို့ ထင်နေရင်တော့ မတတ်နိုင်ဘူးပေါ့ခင်ဗျာ။ မိုင်အကယ်ဒမီတော့ နာရီဝက်ထက် ပိုပြီး မကြည့်နိုင်ခဲ့ပါဘူး။ နောက် ဘာဖြစ်သလဲဆိုတာ သိချင်လောက်အောင်လည်း ဇာတ်လမ်းက ဆွဲဆောင်မှု မရှိပါဘူး။ သမိုင်းလုပ်ဇာတ်အမှားများကို ပါးစပ် ပြောပြောပြီး အတင်းပြောသလို ပြောကာ လူတွေကို ရိုက်သွင်းနေပါတယ်။
ပြောချင်တာ နောက်တခုကတော့ နောင်အနာဂတ်မှာ အဲသည်စစ်သားဟောင်းကြီးတွေနဲ့ သူတို့မိသားစုတွေ၊ အပေါင်းအပါတွေအကြောင်းကို နောက်ပေါက်တဲ့ အနုပညာသည်တွေနဲ့ အထက်ပါ ကိုရီးယားကားလို ရိုက်ကြမယ် ဆိုရင်လည်း မိုင်အကယ်ဒမီစိန်တို့ ပရိသတ်ကြီးကလည်း ငိုလိုက် ရယ်လိုက်နဲ့ ကြည့်ပစ်လိုက်ဦးမှာပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts