>Letters from Michigan – 23

>

မစ်ရှီဂန်မှပေးသောစာ(၂၃)
အောင်ဝေး
စက်တင်ဘာ ၂၇၊ ၂၀၁၀


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့မာပါစ။ ဒီတစ်ခါတော့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်ပြည့် မွေးနေ့နဲ့ ပတ်သက်တာလေး တစ်ခု ပြောပရစေ။

ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ် အခမ်း အနားတွေ ခြိမ့်ခြိမ့် သဲသဲ ကျင်းပကြတာ ကြားရ သိရတော့ ၀မ်းမြောက် ကြည်နူးရပါတယ်။ လွမ်းဆွတ် တမ်းတရပါတယ်။

ဒီအထဲမှာ ပြည်သူချစ်တဲ့ ရုပ်ရှင်မင်းသားကြီး ကိုကျော်သူက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ “ကျော်သူ ဓာတ်ခန်းဖွင့်ပြီ” လို့ တိုင်းပြည်ကို ကြေညာလိုက်တာလည်း ကြားရတဲ့ ခုနစ်ရက်သားသမီး အားလုံး ရွှင်လန်း ချမ်းမြေ့ ရတဲ့ သတင်းပါပဲဗျာ။

“ကျော်သူ ဓာတ်ခန်း ဖွင့်ပြီ” ဆိုတာကတော့ ကျော်သူတို့ နာရေးကူညီမှု အသင်းက သုခ ကုသိုလ်ဖြစ် ဆေးခန်းမှာ ဓာတ်မှန် ရိုက်တဲ့ အခန်း ဖွင့်လှစ်လိုက်တာကို ဆိုလိုတာပါ ကိုဒေါင်း။ ကျော်သူ့ စကားလုံး အသုံးအနှုန်းက ရိုးရိုးမဟုတ်ဘဲ တစ်မျိုးတစ်ဖုံ ဆန်းပြားနေလို့ တစ်လွဲတော့ မထင်လိုက်နဲ့ဦးဗျို့ ။

အခု ကျနော်ပြောချင်နေတဲ့ ကိစ္စကလည်း အဲဒီ စကားလုံး အသုံးအနှုန်း ကိစ္စပဲ ကိုဒေါင်းရေ။ ဇွန်လ တစ်လလုံး လိုလို ပြည်ပက ၀က်ဘ်ဆိုက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရ စာတွေ ကဗျာတွေ တစ်ဝကြီး ဖတ်ခဲ့ရပါတယ်။

အဲဒီအထဲက သြဇာရှိတဲ့ ၀က်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို ကျနော် ဘ၀င်မကျ ဖြစ်မိတာပါ ကိုဒေါင်းရာ။ ဒါ ကျနော်တစ်ဦးတည်း ခံစားရတာကို ပြောတာပါ။ ဆောင်းပါးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၅)နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့ ဆောင်းပါးပါ။ ဆောင်းပါးရှင်က သူ့ဆောင်းပါးထဲမှာ ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင် ခံနေရတဲ့ ကာလရှည်ကြီးကို စာနာထားပါတယ်။

ဒီကာလရှည်ကြီးကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ရင်ဆိုင် ဖြတ်သန်းခဲ့တယ်၊ အန်တု ကျော်လွှားခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြောက်တရား သတ္တိ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဇွဲစိတ် ဇွဲမာန်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွေး အခေါ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်ကောင်း ပီသမှု စတာတွေကို အကောင်းမြင် ကြည်ညိုတဲ့ စိတ်နဲ့ ရေးဖွဲ့ ထားတဲ့ ဆောင်းပါးကောင်း၊ ဆောင်းပါးမွန် တစ်ပုဒ်ပါ။

ဒါကို ကျနော် အသိအမှတ် ပြုပါတယ်။ မုဒိတာ ပွားပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာ ခေါင်းစဉ် တပ်ထားတာကိုတော့ ကျနော် ဘ၀င်မကျချင်ဘူး။ ကျနော် ပြောခဲ့ပြီးပါပြီ။ ဒါ ကျနော် တစ်ဦးတည်းရဲ့ ခံစားချက် အမြင်ပါ။ အများနဲ့တော့ ဆိုင်ချင်မှ ဆိုင်မယ်။ ဆိုင်ချင်လည်း ဆိုင်မယ်။ ကျနော် မသိဘူး။

ကိုဒေါင်းကြီး၊ ကျနော် ဘ၀င်မကျမိတဲ့ ခေါင်းစဉ်က ဒီလိုပါ။ “အထီးကျန် လူထုခေါင်းဆောင်” တဲ့။ ဆောင်းပါး ခေါင်းစဉ်က အဲဒီလို ကိုဒေါင်းရဲ့။ ကျနော် တစ်ဦးတည်း အနေနဲ့ကတော့ အဲဒီခေါင်းစဉ်ကို တစ်ခြမ်းတော့ လက်ခံပါတယ်။ “လူထုခေါင်းဆောင်” ဆိုတာ အကြွင်းမဲ့ ကျနော် လက်ခံတယ်။ ဒါပေမဲ့၊ ဒီ “ဒါပေမဲ့”က အရေးကြီးတယ် ကိုဒေါင်းရေ။ “အထီးကျန်” ဆိုတဲ့ စကားလုံးကို ကျနော် ဘယ်လိုမှ လက်ခံလို့ မရတာပါပဲ။

ကျနော်တို့ ခေါင်းဆောင်ဟာ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက ထောက်ခံတဲ့ လူထုခေါင်းဆောင် ဖြစ်တယ်ဗျာ။ တိုင်းပြည်နဲ့လူမျိုးက အတိုင်းမသိ ချစ်တဲ့ အမျိုးသားခေါင်းဆောင်ဗျာ။ ကမ္ဘာ တစ်ဝန်းလုံးက လေးစား ကြည်ညိုတဲ့၊ ထောက်ခံ အားပေးတဲ့ ခေါင်းဆောင်ဗျာ။ ဒါကို ဘယ်သူမှ ငြင်းကြမှာ မဟုတ်ပါဘူး။

ကိုဒေါင်းကြီး၊ ဒါပေမဲ့ ဒီလို ခေါင်းဆောင်တစ်ယောက်ကို အထီးကျန်ဖြစ်နေတယ် လို့ ဒီသဘောမျိုး ပြောလိုက်တာကိုတော့ ကျနော်က စောဒက တက်ချင်တာပါဗျာ။ ဆောင်းပါးရှင်ရဲ့ စေတနာကို ကျနော် နားလည်ပါတယ်။ သို့သော်လည်းဒီ “အထီးကျန်” ဆိုတဲ့ စကားလုံးကို သုံးထားတဲ့ အတွက် ကျနော် လက်မခံနိုင်ဘူး ဖြစ်နေတာပါ ကိုဒေါင်း။

တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျနော် ပြဿနာရှာနေတာလည်း မဟုတ်ပါဘူး။ ယုံပါဗျာ။ ကျနော်တို့ ခေါင်းဆောင်ဟာ ဘယ်တုန်းကမှ အထီးမကျန်ခဲ့ပါဘူး။ နေအိမ် အကျယ်ချုပ် ကျနေရသည်ဖြစ်စေ၊ အပြင်မှာ နေရသည်ဖြစ်စေ၊ အင်းစိန် အကျဉ်းထောင်ကြီးထဲ ရောက်နေရသည် ဖြစ်စေ၊ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တုန်းကမှ အထီးကျန် မဖြစ်ခဲ့ဘူး။

အထီးကျန်ဖြစ်တယ် ဆိုတာ ပြည်သူလူထုနဲ့ ကင်းကွာတာမျိုးကို ဆိုလိုတာပါ။ အထီးကျန်တယ် ဆိုတာ တစ်ကိုယ်တော် သီးခြား တစ်ယောက်တည်း ကင်းလွတ်နေတာမျိုးကို ဆိုလိုတာပါ။ ကျနော်တို့ ခေါင်းဆောင်က ဒီလို မဟုတ်ပါဘူး။ ပြည်သူလူထုစိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အမြဲ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စိတ်ထဲမှာလည်း ပြည်သူလူထု အမြဲ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ လူထုနဲ့ ဘယ်တုန်းကမှ မကင်းကွာခဲ့ပါဘူး။ ပြည်သူ လူထုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်တုန်းကမှ ကင်းကွာခဲ့တာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြောက်တရား သတ္တိတွေ၊ ဇွဲစိတ် ဇွဲမာန်တွေ၊ တိုက်ပွဲ အတွေး အခေါ်တွေ ပြည်သူလူထုရဲ့ ရင်ထဲ အသည်းထဲမှာ ထာဝစဉ် ကိန်းအောင်းနေပါတယ်။ တိုင်းရင်းသား ပြည်သူ လူထုကြီး တစ်ရပ်လုံးကလည်း ကိုယ်ရောစိတ်ပါ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ခဲနက် ၀န်းရံနေကြပါတယ်။

တိုင်းပြည်ကို ချောက်ထဲက ကယ်တင်နိုင်မယ့် သူဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ်။ ပြည်သူတွေကို စစ်ကျွန်ဘ၀က လွတ်မြောက်အောင် လုပ်ပေးနိုင်မယ့်သူဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ်။ ယုတ်စွအဆုံး တပ်မတော်ကိုလည်း အာဏာရှင် စစ်ဗိုလ်ချုပ်တွေ လက်ထဲက ဆွဲထုတ် ကယ်ဆယ်နိုင်မယ့်သူဟာလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ်။ အဲဒီလို တစ်တိုင်း တစ်ပြည်လုံးက၊ တိုင်းရင်းသား ပြည်သူ လူထုကြီး တစ်ရပ်လုံးက၊ တပ်မတော်သားတွေ ကိုယ်တိုင်က ယုံကြည် ကိုးစား၊ ကြည်ညို လေးစားတဲ့ ခေါင်းဆောင်မျိုးဟာ ဘယ်လိုလုပ်ပြီး အထီးကျန်ဖြစ်ရလဲ။

သမ္မတကြီးနယ်လ်ဆင် မင်ဒဲလားဟာ အကျဉ်းထောင်ထဲမှာ(၂၇)နှစ် နေခဲ့ရတာ၊ သူဟာ ဘယ်တုန်းကမှ အထီးကျန် မဖြစ်ခဲ့ပါဘူး။ သူ့နောက်မှာ ANC ပါတီ ရှိတယ်။ တောင်အာဖရိက ပြည်သူတွေ ရှိတယ်။ ကမ္ဘာ့ပြည်သူတွေ ရှိတယ်။

ဒီလိုပါပဲ၊ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင် ခံနေရတာ (၁၄)နှစ် ကျော်ပြီ။ ဒေါ်အောင်ဆန်းစုကြည် ဘယ်တုန်းကမှ အထီးကျန် မဖြစ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် နောက်မှာ NLD ပါတီ ရှိတယ်။ မြန်မာပြည်သူတွေ ရှိတယ်။ ကမ္ဘာ့ပြည်သူတွေ ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။
အားလုံးကို သတိရလျက်-

အောင်ဝေး
ဇွန် ၂၃ ၊ ၂၀၁၀။

[အမေရိကန် ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသူ ကဗျာဆရာအောင်ဝေး၏ “မစ်ရှီဂန်မှ ပေးသောစာ အမှတ် ၂၃” ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts