>LA – COBA – Fund Raising Event – Photos

>

ပြည်သူ့ဂုဏ်ရည် အယ်လ်အေ မိသားစုများ၏ ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ
မိုးမခအထောက်တော် – အယ်လ်အေ
စက်တင်ဘာ ၂၆၊ ၂၀၁၀
            စက်တင်ဘာလ ၂၅ရက် ၂၀၁၀ ညနေခင်း၌ အယ်လ်အေမြို့ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများမှာ ရန်ပုံငွေ ဈေးရောင်းပွဲကို မြန်မာများ စုစည်းရာ ဆုံရပ်ဖြစ်သည့် Monterey Park မြို့နယ်ရှိ အောင်ဇေ ခမ်းမမှာ ညနေ ၅နာရီမှ ည ၁၀ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရှိရပါသည်။ 

  ရန်ပုံငွေအတွက် မုန့်ဟင်းခါး၊ အာလူးပူရီ၊ ရွှေတောင် ခေါက်ဆွဲ၊ ဒံပေါက်၊ ရှမ်းခေါက်ဆွဲ၊ ရခိုင်မုန့်တီ၊ ရေမုန့်၊ မုန့်ဖက်ထုပ် စသော မြန်မာအစားအသောက်များနှင့်အတူ မြန်မာမဂ္ဂဇင်းစာအုပ်များကိုလည်း ရောင်းချ၍ ရရှိငွေများကို ပြည်သူ့ဂုဏ်ရည် ရန်ပုံငွေအဖြစ် လှူဒါန်း ခဲ့ကြသည်။ တသီးပုဂ္ဂလိက အလှူရှင်များမှလည်း သဒ္ဓါတရား ထက်သန်စွာ လာရောက် အလှူငွေ ထည့်ဝင်ခဲ့ကြကြောင်း သိရှိရသည်။ ဒေါ်လာ ၂၀၀၀ ကျော် ရန်ပုံငွေ ရှာဖွေနိုင်ခဲ့ကြောင်း ပြည်သူ့ဂုဏ်ရည် အယ်လ်အေမိသားစုများက ပြောကြားခဲ့ကြသည်။

  ဈေးရောင်းပွဲနှင့်အတူ ပွဲလာ ပရိသတ်များက ကာရာအိုကေ သီချင်းများလည်း သီဆိုခဲ့ကြသည်။ မအားလပ်သည့်ကြားမှ ပြည်သူ့ဂုဏ်ရည် (Arizona) မှ မိတ်ဆွေများလည်း လာရောက် အားပေးခဲ့ကြရာ မိတ်ဆွေများ ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီး ကုသိုလ်လဲ ရ၊ ၀မ်းလဲ ၀ သည့် အစီအစဉ် ဖြစ်ခဲ့သည်။
  ပြည်သူ့ဂုဏ်ရည် ရန်ပုံငွေ ဈေးရောင်းပွဲ၏ ရည်ရွယ်ချက်မှာ ပြည်တွင်းက ကိုယ်ကျိုးစွန့် အနစ်နာခံလျက် လူမှုရေး လုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသော လူ ပုဂ္ဂိုလ်၊ အသင်းအဖွဲ့များသို့ နှစ်စဉ် ဂုဏ်ပြု ကျေးဇူးတင် အသိအမှတ်ပြုခြင်း ဖြစ်ပါသည်။ ယမန်နှစ်က အင်တာနက်မှ အများရွေးချယ် မဲပေးစနစ်ဖြင့် ရွေးချယ်ရာတွင် ရန်ကုန်မြို့ နာရေးကူညီမှု အသင်းဥက္ကဌ ဦးကျော်သူ က မဲ အရေအတွက် အများဆုံးဖြင့် ၂၀၀၉ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုရှင် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ဦးကျော်သူ နှင့်အတူ စကာတင် အရွေးချယ်ခံရသူ လေးဦးအား စုစုပေါင်း ဂုဏ်ပြုငွေ ဒေါ်လာ တသောင်း တထောင် ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ၂၀၁၀ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုလွှာများကိုလည်း တင်သွင်းနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက www.citizenofburma.org ကို သွားရောက် ကြည့်ရှုနိုင်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts