>Mar Mar Aye – 348

>

“ပြောစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၄၈)

အလွမ်းတို့ရဲ့ အစ
မာမာအေး
စက်တင်ဘာ ၂၆၊ ၂ဝ၁၀(photo: bbc)
(ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါး ဖြစ်သည်။ မာမာအေး ကိုယ်တိုင် ဤ အသံလွှင့်ဆောင်းပါး အစအဆုံး ဖတ်ကြား ရွတ်ဆိုထားသည်ကို

http://www.bbc.co.uk/burmese/programmes/2010/09/100923_mma348.shtml တွင်လည်း နားဆင်နိုင်သည်။)


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။
မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံးမာအေးရဲ့ အသံလေး ကြားရတဲ့အခါအမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ဒီနေ့ မာအေး တကယ်ပြောချင်တာက မာအေးရဲ့ ကိုယ်ပိုင် အဆိုကျောင်းကလေးနဲ့ ဂီတကျောင်းသားတွေရဲ့ အကြောင်းပါ။ အဲဒီအတွက် ဇွန်လ ကတည်းက တပည့်လေး ‘အေးလွင်အောင်’ ဆိုထားတဲ့ ‘မိန်ရာသီ’ သီချင်းနဲ့ ကျင်းတူးထားခဲ့ပါတယ်ရှင်။ ပြောလာရာမှာကျတော့‘မြို့မအဖွဲ့’ ဆီ ရောက်လိုရောက်၊ ဇာဂနာ့အဖေ နန်းညွန့်ဆွေနဲ့ မောင်လေး ပြန်ခေါ်တဲ့ကိစ္စတွေဆီ ရောက်၊ ၃၇ ဂဏန်းတွေ သုံးခဲ့ကြတဲ့ အစ ရှာတွေ့မှ တားလို့ ရတော့တယ်ရှင်။ ဒါပေမယ့် မာအေး ပြောမယ့် စကား ထားလိုက်ပါဦးမယ်။ BBC ပရိသတ် နှစ် ၇၀ ကျော် ရပ်လာတဲ့ သောတရှင်ထဲက အလွမ်းသီချင်းလေးတွေ ကြားချင်တယ် ဆိုလို့ပါ။ ခုအချိန်မှာ ကိုယ်ကလည်း လွမ်းချင်နေတာနဲ့ အတော်ပါပဲ။ ပြောရင်းက ရောပြီး လွမ်းခွင့်ရတာပေါ့နော။ ဒီအရွယ်ကြီးနဲ့ လွမ်းနေရသေးသလားလို့ မေးမနေနဲ့ဦး။ ကြီးတာက ကြီးတာပဲ၊ လွမ်းတာက လွမ်းတာပဲ။ ဘာမှ မဆိုင်ဘူးလို့သာမှတ်။

မာအေးတို့ ချစ်ဆွေတို့တွေ အားလုံး တနည်းမဟုတ် တနည်းနဲ့တော့လွမ်းဖူးကြမှာပါပဲ။ ဒါပေမယ့် ‘လွမ်းတယ်’ ဆိုတာ ဘာလဲ၊ အဓိပ္ပာယ် ရှာကြည့်ဖူးတာ ရှိမယ် မထင်ပါဘူး။ မာအေးလည်းပဲ တခါမှ မစဉ်းစားဖူးပါဘူး။ လွမ်းတာတွေ တမျိုးနဲ့တမျိုး မတူတာကိုတော့သီချင်းတွေ ဆိုရင်း အဓိပ္ပာယ်ပေါက်ဖို့ စိတ်ကူး အသက်သွင်း အသံကို ဖန်ဆင်းတဲ့အခါ တွေ့လာပါတယ်။ ခံစားလို့ ရပါတယ်။

‘လွမ်း ဆိုတဲ့ စာလုံးကို မြန်မာအဘိဓာန်က ကြိယာယ အနေနဲ့ ‘ပြင်းပြင်းပြပြ’ တောင့်တသည်၊ တမ်းတသည် လို့ အဓိပ္ပာယ် ဖော်ပြထားပါတယ်။ မာအေးကတော့ “နာမ၀ိသေသန” အနေနဲ့ ဖော်ပြထားတဲ့ အဓိပ္ပာယ် ဖြစ်တဲ့ “ဝေဒနာကို ကြိတ်မှိတ် ခံစားရသော” ဆိုတာကို ကြိုက်ပါတယ်။ “ပြင်းပြင်းပြပြ တမ်းတရသော ရင်တွင်းဝေဒနာ တစုံတရာကို ကြိတ်မှိတ်ခံစားရခြင်းမျိုးဟာ – အလွမ်း” လို့ ပြောချင်တာပါပဲ။

မာအေးတို့ခေတ်က လူတွေက အလွမ်းကြိုက်ကြတယ်။ မာအေးလည်း အလွမ်းကြိုက်ပါတယ်။ အထူးသဖြင့် မိန်းမသားတွေပေါ့လေ။ ဘာကြောင့်ပဲ စိတ်ထိခိုက် ထိခိုက် မျက်ရည်လေး ကျလိုက်ပြီးမျ ပြောကြတာ များတယ် မဟုတ်လား။ လူတို့ဘ၀ ဆိုတာမှာလည်း ငိုပြီးဝင်လာ၊ ငိုပြီးပြန်သွားနဲ့ ဒီအ၀င် အထွက်ကြား လွမ်းစရာတွေကလည်း ကြို့ကြားကြို့ကြား ရှိသေးတာကလား။ တယောက်နဲ့တယောက် နည်းတာနဲ့ များတာသာ ကွာမှာပါလေ။

ချစ်ဆွေတို့ ဘယ်လို အလွမ်းမျိုး တိုးခဲ့သလဲ ဆိုတာ ကိုယ်တိုင် သိနိုင်တဲ့ အရာပါ။ မာအေးကတော့ လွမ်းသူတွေရဲ့ ကိုယ်စား လွမ်းပေးလို့ ရတဲ့ အနေအထားမျိုးမှာ ရှိတော့ ဘယ်လိုအရေးကို ဘယ်ပုံ ဆွေးအောင် လွမ်းတေးဖွဲ့သင့်သလဲ ဆိုတာမျိုး စိတ်ကူး ကြံဆ အသက်ဝင်အောင် ဆိုဆိုပြ လာရင်း အလွမ်းသီချင်းတွေ နှစ်ခြိုက်လာခဲ့တာပေါ့ရှင်။

လွမ်းရတဲ့ကိစ္စ ကိုယ်တိုင် နားမလည် မခံစားရဖူးခင်က ဇာတ်သဘင်ထဲမှာ အရင် မြင်လာ ကြားလာခဲ့တာလေ။ ချစ်ကြိုက်ညားကွဲ ဖြစ်မြဲ ဓမ္မတာမှာ အလွမ်း ဆိုတာ မပါမဖြစ် မို့လား။ ပရိသတ် မျက်ရည်ကို ချူနိုင်တဲ့ ပညာရှင်ကသာ သက်ဇိုး ရှည်တာပါ။ အလွမ်းသရုပ်ချင်းမှာလည်း ‘ပြဇာတ်နဲ့ နောက်ပိုင်းကဇာတ်ဟာ မတူကြပါဘူး’၊ ပြဇာတ်မှာလည်း လွမ်းကြတာ မာအေးတို့ ခံစား သီဆိုပုံမျိုးနဲ့ သရုပ်ပြတာ၊ နောက်ပိုင်းဇာတ်ကြီးကျတော့ အပြောလေးနဲ့ လွမ်းလိုက် ငိုလိုက်၊ အဆိုညှပ်ပြီး ဆိုလိုက် ငိုလိုက် ကျွမ်းကျင်မှ သဘောကျကြတာပါရှင်။

မာအေး ဇာတ်သဘင်မှာ ပါဝင်ဖူးတာက ကလေးပဲ ရှိသေးတာ။ ပညာပါတဲ့ ပြောငိုတို့ ဘာတို့ လက်တွေ့ ဘယ်ပါမှာလဲရှင်။ ပြီးတော့ ကာလပေါ်ဘက်ရောက်၊ ပေါက်မြောက်သွားတာကိုး။ အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းကြတဲ့သူတွေဟာ ပရိသတ်ထားရမှာ နေစမြဲပါ။ ခိုင်ခိုင်မာမာ ပေးထားတဲ့ နေရာမှာ ရပ်တည်နိုင်ဖို့ အရည်အသွေး အမျိုးမျိုး ထက်အောင် ကြိုးစားသိမ်းဆည်း ခံတပ်ကြီးကြီး ဆောက်ဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ်ပိုင်သီချင်းခွေတွေ ထုတ်ဝေနိုင်တဲ့အခါမှာ ကြားဆရာ ဇာတ်သဘင်အထာ ကျ မကျ၊ ပြောငိုမျိုး အဆိုစမ်းခဲ့ပါတယ်ရှင်။ ‘အမေ့နို့ဖိုး’ တေးသရုပ်ဖော်မှာ လက်ျာတော်ရံ အရှင် သာရိပုတ္တရာရဲ့ မယ်တော် သာရိပုဏ္ဏားမ အနေနဲ့ ဆိုထားတာပါ။ လိုက်စားတဲ့သူ အမွေခံမယ့်သူတွေ အတွက် ပညာတကွက်ပေါ့ရှင်။ ကြားချင်တဲ့ အလွမ်းတွေလည်း လာဦးမှာပါ။ မာအေးအဖို့တော့ “အလွမ်းရဲ့ အစ ငိုချင်းက” လို့ ပြောချင်ပါတယ်။

သံယောဇဉ် အထိနာတဲ့ အခင်းရယ်က၊ အမှန်ပြောရင် မိမာတာ အရင်းပါကွယ့်၊ (တလွဲမပုံ – အသည်းတုန်အောင် ချစ်ရတဲ့ သား)၂ xxx သားကြီး – – – အို သားကြီးသြရဿ၊ မေမေ့ အချစ်ဆုံး၊ မေမေ အမြတ်နိုးဆုံးကြီးရဲ့၊ သြော် – အမိုက်ဆုံးရယ်က မိဘနှစ်ပါးကို ပုန်ကန် xxx ဒင်း – မိဘနှစ်ပါးကို ပုန်ကန်ပြီးတော့ အိမ်တကာမှာ ‘အိုးတိုခွက်မဲ’ နဲ့ လိုက်တောင်းစားနေတာကို မရှက်တဲ့သား၊ အိမ်ပြန်မလာတဲ့သား၊ သုံးမကုန်တဲ့ စည်းစိမ် စွန့်ပြီးတော့ (ပြာပုံယက်တဲ့သား)၂၊ ဟင်! တအိမ်လုံး မွှေနှောက်ပြီးတော့ သုံးမကုန်အောင် စည်းစိမ်ရှိပါလျက်နဲ့ သူတောင်းစားဘ၀ကို မက်တယ်၊ ဟင် – ဒင်း သူတောင်းစားဘ၀ကို မက်တယ်၊ ရှင်ကြီးဂေါတမရဲ့ဂိုဏ်းသား၊ ဟင် – သားကြီး မင်း သူတောင်းစားဘ၀ကို မက်တယ်၊ ဘယ်တော့များမှ ဒီမိုက်တွင်းက လွတ်မလဲ၊ တသက်လုံး အမေကို ဒုက္ခပေးမယ့်သား၊ အမေကို ဒုက္ခပေးမယ့်သားနော် xxx သံယောဇဉ်အထိနာတဲ့အခင်းရယ်က (အမှန်ပြောရင်)၂ xxx မိမာတာအရင်းပါကွဲ့၊ တလွဲမပုံ (အသည်းတုန်အောင် ချစ်ရတဲ့သား)၂ မေမေ့ အချစ်ဆုံးသားကြီးယ် မင်းမေမေတို့အယူဝါဒကို မကြိုက်တော့ဘူးလား၊ မင်း – ရှင်ကြီးဂေါတမဆီကနေ ပြန်မလာတော့ဘူးလား၊ မိမာတာအရင်းပါ သားရယ်၊ အသည်းတုန်အောင် ချစ်ရတဲ့သား၊ ပြုရော့တာလား၊ အမယ်လေး – – ခုတော့ မင်း အယူတွေမှား xxx xxx xxx [ပြောငို]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts