>The funeral service for U Moe Hein (Thar Journal Kyaw)

>

လူသာဆုံးတယ် ကျန်တာမရှုံးတဲ့ သားဂျာနယ်ကျော်
ကျော်သူ
စက်တင်ဘာ ၂၅၊ ၂၀၁၀

ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် တဘဝ ခန္ဓာကိုစွန့်ပစ်၍ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့သည်။ ဆရာမိုးဟိန်း၏ ရုပ်ခန္ဓာအား ရွှေဂုံတိုင်အထူးကု ဆေးရုံကြီး (SSC)မှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)က သွားရောက် သယ်ဆောင်ပေးခဲ့ပါသည်။

ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ဖခင် ဂျာနယ်ကျော် ဦးချစ်မောင် + ဂျာနယ်ကျော် မမလေးတို့၏ သား ကဗျာဆရာ၊ စာရေးဆရာတဦးဖြစ်သည့်အပြင် မြင်းခြံမြို့ မဟာပရိတ္တစေတီတော်မြတ် တည်ထားရာတွင် အလှူရှင်များနှင့် ပူးပေါင်းဦးဆောင်ခဲ့သူတဦးလည်းဖြစ်သည်။ ထို့အပြင် မေမြို့စည်သာရပ်၌လည်း ဒဟတ်စံပြ ပရဟိတပျိုးခင်းကိုလည်း တည်ထောင်ထားသော ပရဟိတလုပ်ငန်းကို ဦးဆောင်မျိုးစေ့ချပေးခဲ့သူတဦးလည်း ဖြစ်သည်။ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ပရိယတ္တိသာသနာ့ တက္ကသိုလ်တွင်လည်း သံဃာတော်များအား အင်္ဂလိပ်စာကို ပညာဒါနအဖြစ် သင်ကြားပေးခဲ့သူတဦးလည်း ဖြစ်သည်။ ထိုသို့သော စာပေ၊ ပညာဒါန၊ ပရဟိတလုပ်ငန်း၊ သာသနာ ပြုလုပ်ငန်းများ လုပ်ဆောင်ပေးဆပ်ခဲ့သူ တဦးအနေနှင့် မရဏမင်းအား စိန်ခေါ်ခဲ့ပြီး ကမ္ဘာမြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သော လူသားများအား “မှာပါရစေ … ပြောပါရစေ” ဟု မှာတမ်းခြွေကာ မရဏမင်းဆီ ပျော်ပျော်ကြီးလိုက်သွားပြီ ဖြစ်တော့သည်။

“ မှာပါရစေ … ပြောပါရစေ ”

(၁)

ကိုယ်သေရင် မငိုနဲ့၊ ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့ လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့၊ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလို ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့၊ ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊ သံသရာကြီးမှာလည်ခဲ့သူ။

(၂)

ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီးသေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ –
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့၊
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာ ကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။

မိုးဟိန်း (သားဂျာနယ်ကျော်)

ယနေ့ ၂၅.၉.၂၀၁၀ (စနေ) နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာ အသင်းသူ/သားများတို့မှ မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို ကျင်းပပေးခဲ့ပါသည်။ ယင်း အခမ်းအနားတွင် ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ နိုင်ငံရေးလောကမှ လူပုဂ္ဂိုလ်များ၊ စာပေလောကမှ ကဗျာ ဆရာ၊ စာရေးဆရာများ၊ ပရဟိအဖွဲ့အစည်းများမှ လူမှုရေးသမားများ စုံညီစွာ လာရောက်ကြသည်။

လူသားများအတွက် လိုအပ်သော သာသနာရေး၊ ပညာရေး၊ အကျိုးပြု ကဗျာ/စာပေနှင့် ပရဟိတ လုပ်ငန်းများကို နောက်ဆုံးထွက်သက်အထိ ပေးဆပ်သွားသော ဆရာဦးမိုးဟိန်း (သားဂျာနယ်ကျော်) တယောက် “လူသာဆုံးတယ် ကျန်တာမရှုံး” ဟု ဆရာကပြောခဲ့သော်လည်း ဤကဲ့သို့ မြင့်မြတ်သော လူသားတဦး ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်းသည် “လူသာဆုံးတယ် ကျွန်တော်တို့အတွက်တော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုတရပ်ပင်” ဖြစ်တော့သည်။

ဆရာပြောခဲ့တဲ့အတိုင်း “ဟောဒီ ချစ်ရတဲ့မိခင်မြေကို ပြန်လာခဲ့မယ်မုချ” ဆိုတဲ့ စကားရပ်အတိုင်း ကမ္ဘာမြေပြင်ရှိ မြန်မာပြည်တွင်းမှာ ကျွန်တော်တို့ သက်ရှိထင်ရှား ရှိနေဆဲအချိန်၌ ဆရာပြန်အလာကို စောင့်စားလျှက် . . . . ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts