>Maung Lu Yay – Burmese Politics and Blessing – 5

>

မင်္ဂလာနှင့် နိုင်ငံရေး – ၅
မောင်လူရေး
စက်တင်ဘာ ၂၃၊ ၂၀၁၀
ဥပဒေ မင်္ဂလာ ။
တနည်းအားဖြင့် သတင်းဆာတွေမှာ ပါသည့်အတိုင်း ဥပဒေလိုက်နာ ဘေးကွင်းကွာမင်္ဂလာ ။
ဥပဒေ ဆိုသဟာ လူနှင့်ဆိုင်ရာကျင့်ဝတ်များပင်ဖြစ်သည် ။
ထိုလူနှင့်ဆိုင်ရာ ကျင့်ဝတ်များကိုကောင်းစွာသင်ကြား နားလည်စေတာသည် မင်္ဂလာ ။လုပ်ကိုင် ဖေါ်ဆောင်ပြီ ဆိုရင်တော့ မင်္ဂလာ့မင်္ဂလာ ဖြစ်ချေဘိသည် ။
ဥပဒေဟူသည် ရှောင်ရန်လည်း ရှိ၏ ။ ဆောင်ရန်လည်း ရှိ၏ ။ ရှောင်ရန်တချို့ကို
နမူနာပြပါမည် ။
ကျွန်ုပ်တို့ရွှေဝါပြည်တွင် သာရေး၊ နာရေး၊ ဘာသာရေးတို့နှင့်ပတ်သက်၍ ကူညီရေးအသင်း၊ ကူညီမည့်သူများစွာ ရှိသည်။ ထိုအသင်း၊ ထိုသူများကို နှောင့်ယှက်တားဆီး ကူညီစိတ်များ ပြုန်းတီးရေးအသင်းနှင့် ပြုန်းတီးစေသူများလဲ များစွာရှိကြသည် ။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများ ကိုယ်တိုင်ကပင် ဤအဖျက်အမှောင့် လုပ်ငန်းများကို စနစ်တကျ အားသွန်ခွန်စိုက်လုပ်နေပေသည် ။ မာဃလုလင်များကို ဆင်နှင့် လိုက်နင်းနေသည့် သဘောပင်။
နာရေးကူညီမှုအသင်းများ အနှောင့်ယှက် အဖျက်ဆီးခံနေရသည့် သတင်းများကြားရလေတိုင်း ရှက်ရွံ့နာကျင်ရသည် ။ မြန်မာဖြစ်ရတာ မြန်မာပြည်မှာ လူဖြစ်ရတာကို သိမ်ငယ်မိသည် ။ နာဂစ်ဖြစ်သောအခါ တတိုင်းပြည်လုံး ယူကျုံးမရဖြင့် တတ်နိုင်သမျှမြန်မြန် ကူညီရေးတွေက ကူကြကယ်ကြသည်။ မကူညီရေးတွေကလည်း ထိုသူများ ကို ဟန့်တားနှောင့်နှေးစေ၍ အသက်ပေါင်းများစွာကို တို ပစ်ခဲ့ကြသည်။ ဤမျှရိုင်းစိုင်းဆိုးဝါးသော စုပ်ပဲ့ယုတ် ကန်းသောအပြုအမူများ ကမ္ဘာ့မြေပြင်မှ ပျောက်ကွယ်သွားစေရာသည်။
 ဤကား ရွှေဝါပြည့် ရှောင်ရန်တွေထဲက အပုံတစ်သန်းပုံ တစ်ပုံသာဖြစ်ချေသေး၏ ။
မြတ်စွာဘုရားရှင် ဟောကြားသည့်တရားများသည် ရှောင်ရန်ထက် ဆောင်ရန်က ပိုများပေသည်။ ဆောင်ရန် များ မဆောင်နိုင်လျှင် အောင်ရန်ခက်သည့် အကြောင်းလဲ အောက်ပါအတိုင်း ဟောကြားထားလေသည်။
ဆောင်ရွက်ရမည့် ဝန်တာများ ချွတ်ယွင်းသူကို အကျင့်ကောင်းရှိသူဟု မဆိုနိုင် ။
အကျင့်မကောင်းလျှင်လဲ အကြံ မကောင်းနိုင်ပါ။
အကျင့်အကြံ မကောင်းလျှင် တည်တည်ငြိမ်ငြိမ် မရှိ။
တည်တည်ငြိမ်ငြိမ် မရှိက လမ်းမှန် ကမ်းမှန်မသိနိုင်။
လမ်းမှန်ကမ်းမှန် မသိနိုင်က ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ မရောက် နိုင်ပေသော … ဟူ၏ ။
ရဟန်းလဲ ရဟန်း ၊ မင်းလဲ မင်း ၊ ဝန်လဲ ဝန် ၊ အမတ်လဲ အမတ် ၊ လူလဲ လူ ၊ စစ်လဲ စစ် ၊ ရဲလဲ ရဲ သူ့ဟာနှင့်သူ စည်းကမ်းတွေ ရှိသည်။ ကိုယ်ကျင့်တရားတွေ ရှိသည် ။ ဥပဒေတွေ ရှိသည် ။ တာဝန်တွေ ရှိသည်။

          ကျွန်ုပ်တို့၏ တာဝန်မှာ “ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟု နှစ်ပေါင်း နှစ်ဆယ်နီးပါး တစ်နိုင်ငံလုံး ဝိုင်းဝန်းပြုစုထားသော ကျမ်းကြီး၏ အခန်း ၈ ၌ ဆိုထားသည့်အတိုင်းဖြစ်သည် ။

သို့ဆိုထားသဖြင့် အဲဒီနိုင်ငံတော်ကြီး ပေါ်ထွန်းစေရေး အခြေခံမူကြီးများကို စေ့ငု ကြည့်လိုက်သောအခါ အနှီကျမ်းကြီး၏ အခန်း  ၁ ၌ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး ဆိုသဟာကို တွေ့ရသည် ။ သို့သော် အခန်း ၉ ၌  နိုင့်ငံ့တာဝန် မကျေပွန်နိုင်သဖြင့် ဝမ်းနည်းမဆုံး နှလုံးကြေကွဲ သေပွဲဝင်ရအံ့သော နိုင်ငံသားများကိုလည်း အောက်ပါအတိုင်း တွေ့ရပြန်လေသည် ။
ထိုသူတို့မှာ-
သာသနာ့ဝန်ထမ်းများ ၊
ထောင်ဒဏ်ကျခံနေရသူများ ၊
လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူများ ၊
( အော် … နူရာ ဝဲစွဲ၊ လဲရာ သူခိုးထောင်းသာ ဖြစ်ချေဘိသည်  )
ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူများ ဖြစ်ကြသည် ။
၎င်းတို့သည် ပါတီစုံဒီမိုကရေစီ ထွန်းကားရေးအတွက် ဆန္ဒမဲပေးခွင့် မရကြတော့သဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး ထူထောင်ခွင့် ဆုံးရှုံးသွားရ ရှာတော့သည် ။
၎င်းတို့သည် ‘ငါသည် နိုင်ငံတော်သား တာဝန် မကျေပွန် ပါလား” ဟူသောစိတ်ဖြင့် သေဆုံးသွားပါက ဘဝကူးကောင်းရန်ပင် မလွယ်ချေ ။ နိုင်ငံတော်တစ္ဆေကြီးများ ဖြစ်နေနိုင်ရကား ဤအချက်ကို ကရုဏာရှေ့ထား နိုင်ငံတော်က ပြန်စဉ်းစားဖို့ နိုင်ငံတော်အား “ဝုရှ် …” လုပ်အပ်ပါသည် ။  “ဝုရှ်” ဟူသည် တရုတ်သိုင်းကားထဲမှာ လက်နှစ်ဖက်ဆုပ် ၊ ခေါင်းငုံ့၍ အလေးပြုသည့်ပုံ ဖြစ်ပါသည် ။ ( ဤကား စကားချပ်)
ရွှေဝါပြည်ကြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်ဖို့ ပါတီစုံဒီမိုကရေစီစနစ်ကြီး ထွန်းကားဖို့လိုပေသည် ။ ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားဖို့ ပါတီများ ကျယ်ပြန့်အားကောင်းဖို့ လိုပြန်သည် ။ ပါတီများ မြန်မြန်လေး ကျယ်ပြန့်အားကောင်းဖို့က  IT ကိုလည်း နာနာသုံးဖို့ လိုအပ်သည်။ အီးလ်အစိုးရကြီးတောင် ထူထောင်တော့မည်ဖြစ်ရာ မဖြစ်မနေ သုံးကိုသုံးရမည့် အခြေအနေကလဲ ဆိုက်နေပြန်သည်။ သို့သော် IT
ကို နာနာသုံးမိပြန်လျှင်လည်း  ကျမ်းကြီး၏ အခန်း(၁၀) ပါ နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိခြင်း ဥပဒေအရ ပါတီဖျက်သိမ်းနိုင်ခြေကလည်း ရှိနေပေသည် ။
အနှီဥပဒေကို ရှုပေဦး ။
“နိုင်ငံတော်အား လက်နက် စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း”
ဟုဆိုထားသည် ။
ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် တာစူနေသော နိုင်ငံတော်မှ နိုင်ငံရေးပါတီဝင် တဦးသည် ပါတီစည်းရုံးရေးအတွက် သော်လည်းကောင်း၊ ကိုယ်ပိုင်လူမှုဆက်ဆံရေးအတွက် သော်လည်းကောင်း IT ကို ကိုင်ပြီဆိုပါစို့ ။ အကယ်၍ ဖေ့စ်ဘွတ်ခ်လို လူမှုရေးဝက်ဆိုဒ်တစ်ခုခုဝင်ပြီး ဘုမသိဘမသိ ဖရင့်ဒ်တွေ ရမ်းသမ်း အက်ဒ် မိရင် ခက်ကချေတော့မည် ။ အနှီကျမ်းက သတ်မှတ်ထားသော ပုဂ္ဂိုလ်များနှင့် တဲ့တဲ့ကြီးသာ အက်ဒ်မိလို့ကတော့ဖြင့် တိုက်ရိုက်ကြီး ဆက်သွယ်ပါသည်ဆိုပြီး လူကထောင်ကျ၊ မရှိမဲ့ရှိမဲ့ ဖွတ်ကလိဒင်္ဂါးလေးဖြင့် ထောင်ထားရသော ပါတီလေးလည်း ဖျက်သိမ်းခံရပေအုံးမည် ။ အနို့ ထို့ပြင် လက်ဝယ်ရရှိထားသည့် နိုင်ငံရေးသမားဘဝ ဒုလ္လဘလေးလဲ ၉၀ ရွေးကောက်ပွဲရလဒ်လို ဒီတဘဝစာ အဟောသိကံ ဖြစ်သွားနိုင်သည်။ နိုင်ငံရေးလုပ်ချင်သေးလျှင် နောက်ဘဝ လူပြန်ဖြစ်ဖို့ ပါရမီ ထပ်ဖြည့်ရတော့မည် ။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်အောင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးဆိုသည့် အခြေခံမူကြီးကို တံတွေးစွတ် ထားသော “ဂဂြိုးဂဂျောင်” ဥပဒေတစ်ခုလည်း ရှိပေသေးသည် ။
၎င်းမှာ – ကျမ်းကြီး၏ အခန်း(၃) ၆၀ (ဂ)၌
“ယင်းအဖွဲ့တစ်ဖွဲ့ဆီက ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင် မြှောက်ရမည်”
ဟူ၍ ဖြစ်သည် ။ ပါတီစုံကိုလည်း အခြေခံရမည်၊ လွတ်တော် ကိုယ်စားလှယ်မဖြစ်သူကိုလည်း သမ္မတရွေးရမည်ဆိုသည်မှာ အမတ်ကြီးဦးပေါ်ဦး၏ ချီးသာယို၊ သေးမပါရဟူသောစကားလို ဘယ့်နှာကြီးပါလိမ့် ဟုသာ ဆိုရချေတော့မည်လတည်း ။
ဤ ဝိနယောစ သုသိက္ခိတ ဥပဒေ မင်္ဂလာကြီး ရှိမှသာ ငြိမ်သက်အေးချမ်းပေမည် ။
နို့မဟုတ်က တိုင်းပြည်သည် ကျောက်ကြမ်းလမ်းထော်လာဂျီမောင်းသကဲ့သို့
တဂျောင်းဂျောင်း ဖြစ်နေပေရော့မည် ။ ယခုတိုင်းပြည်ကို တဂျောင်းဂျောင်း
တဂျုံးဂျုံးနှင့် အုံးအုံးကျွက်ညံအောင် လုပ်မည့်သူတွေ ပေါ်လာချေပြီ ။
၎င်းတို့သည် ကျမ်းကြီး၏ အခန်း (ဂ) ၃၈၃ ပါ
“နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန်တာဝန်ရှိသည်-
 (က)    ပြည်ထောင်စုမပြိုကွဲရေး၊
 (ခ)     တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
 (ဂ)     အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆိုသဟာကို
မလိုက်နာကြချေ ။
၎င်းတို့သည် ၅-သိန်းတန် CDMA ဖုံးချင်းအတူတူ
နေပြည်တော်မှာ ချပေးသည့်ဖုံးကျတော့ တနိုင်ငံလုံး ဘယ်နေရာ မဆို
သုံးလို့ရအောင်လုပ်ထားပြီး ကျန် တိုင်းနှင့် ပြည်နယ် ဒေသကြီးအသီးသီးမှာ
ချပေးသည့် ဖုံးကျတော့ ကိုယ့်ရပ်ကိုယ့်ရွာလေးတွင်သာ
သုံးလို့ရအောင် လုပ်ထားကြသည် ။
 ဤသို့ “တရားမျှတ လွတ်လပ်ခြင်းနှင့် မသွေ” ဟူသော နိုင်ငံတော်သီချင်းနှင့် မလျော်ကန်သောအပြုအမူများကြောင့် တိုင်းနှင့်ပြည်နယ်ဒေသကြီး အသီးသီးတို့သည် တိုးတီး တိုးတီးနှင့် အငြိုးကြီးလာကြတော့မည် ဖြစ်ရာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲဖို့ စ လာပေတော့မည် ။
 တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲမှတော့ ပြည်ထောင်စု ပြိုကွဲဖို့အရေး မဝေးတော့ပေ ။
ပြည်ထောင်စု ပြိုကွဲလျှင်လဲ အချုပ်အခြာအာဏာဟူသည် နေလာ နှင်းပျောက် သလို ပျောက်သွားပေရော့မည် ။
အမှိုက်ကစ ပြသာဒ်မီးလောင်တော့မည် ။ နောင်တွင် CDMA ဖုံးကြောင့်
ဤပြည်မြန်ပြည်(ပြေ) ပြုန်းကိန်းဆိုက်ရ သည်ဟု ဥဒါန်း တွင်ရစ် နေပေလိမ့်ဦးမည်။ အမျိုးသားရေးသတိ ရှိကြပါကုန် ။
ဖြည့်စွက်ဥပဒေ တခု အဆိုတင်ကြည့်ပါမည် ။
ကျမ်းကြီး၏ အခန်း(၇) ၊ ၃၄၄ တွင် –
“မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ်
ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့ စောင့်ရှောက်ရေးတို့အတွက် ဥပဒေပြဌာန်းရမည်”
ဟု ဆို ထားရာ၊ ယင်းနှင့်တဆက်တည်း-
“တပ်မတော်သားများကြောင့် မသန်မစွမ်းဖြစ်သွားသော အရပ်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော အရပ်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးတို့အတွက် ဥပဒေပြဌာန်းရမည်”
ဟု အက်ဒ်ချင်ပါသည် ။
လတ်တလော ပဲခူးအဖြစ်အပျက်တခုတည်း ရည်ညွန်းသည်မဟုတ်ပါ ။ ( ဤကား စကားချပ် )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts