>Kyaw Thu – FFSS Yangon Activity (22nt September 2010)

>

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
စက်တင်ဘာလ ၂၂၊ ၂၀၁၀

လောကကြီးက မတရားဘူး

(၁) မောင်ရန်လင်း တယောက် မြောက်ဒဂုံမြို့နယ် နေအိမ်အနီးရှိ ရေအိုင်ထဲတွင် ဆော့ကစားနေသည်။ ငါးကလေးများအား လိုက်လံ ဖမ်းဆီးနေသည်။ ခဏအကြာ “အား” ခနဲ အော်သံနှင့်အတူ ရေအိုင်တခုလုံး ရဲရဲတောက် နီရဲသွားသည်။

ထိုအခါမှ မိခင်ဖြစ်သူသည် အပြေးအလွှား ရောက်လာကာ မောင်ရန်လင်းအား ပွေ့ချီ၍ ကြည့်ရှုမိတော့သည်။ မောင်ရန်လင်း ခြေဖဝါးတခုလုံး သွေးသံရဲရဲနှင့် ဟက်တက် ကွဲနေသည်ကို တွေ့ရသည်။ ပုလင်းကွဲကြောင့်လား၊ သံပြားကြောင့်လားတော့ မသိ။ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ရောက်လာတော့သည်။

ဒေါက်တာ ထူးထူးကျော်နှင့် သုခကုသိုလ်ဖြစ် ဆေးခန်းမှ သူနာပြုဆရာမများက ဝိုင်းဝန်း၍ ကူညီဖေးမ ကုသပေးတော့သည်။ ကွဲသွားသော ခြေဖဝါးမှ ဒဏ်ရာအား ထုံဆေးပေးကာ ဆေးထည့်၍ ချုပ်ပေးလိုက်သည်။ မောင်ရန်လင်းခမျာ နာကျင်လွန်း၍ ငိုရှာတော့သည်။ အငိုတိတ်အောင် ဝိုင်းဝန်း၍ ချော့မြူခြင်း၊ Pucci Cake မိသားစုမှ လှူဒါန်းထားသော ဘီစကစ်ထုတ်အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကပေး၍ နာကျင်မှုဒဏ်ရာ ပျောက်ကင်းအောင် “သတ္တိရှိတဲ့ ယောက်ျားလေးကွ၊ ဗမာ့သွေးကွ” ဟူ၍ အားပေးကာ ချော့မြူခဲ့ရသည်။ ဒဏ်ရာကို ချုပ်ပေးအပြီး ပိုးသတ်ဆေး ထိုးပေးကာ ဒေါက်တာ ထူးထူးကျော်နှင့် မောင်ရန်လင်း၏ မိခင်နှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးပေးခဲ့သည်။

(၂) တောင်ဒဂုံမြို့နယ်နေ ဦးကျော်ကျော်ဦးနှင့် ဇနီးဖြစ်သူတို့သည် တနေကုန် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားခဲ့ရသည့်အတွက် ပင်ပန်းနွမ်းနယ်မှုတို့ကို အနားပေးခြင်းဖြစ်သော အိပ်စက်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်မောကျတော့သည်။ နံနက် လင်းအားကြီး ၄း၀၀ နာရီခန့်တွင် “ဗွမ်း” ဆိုသော အသံကို ကြားမိသည်။ အိမ်အောက်မှ ငါးပွက်လေသလား၊ အိပ်မက်လေလားဟု ထင်မိကာ ပြန်လည်အိပ်စက်မိတော့သည်။

နံနက် ၅း၀၀ နာရီခန့်တွင် ခြေရင်းတွင် အိပ်နေသော မိမိတို့၏ တဦးတည်းသော သားငယ် ၉ လအရွယ် မောင်မျိုးကျော်ကျော်အား လက်ဖြင့် စမ်းမိသည်။ မရှိတော့ . . . သားငယ်လေး မရှိတော့။ အနီးနားတွင် ထ၍ ရှာမိသည်။ မရှိ။ အိမ်ပတ်ဝန်းကျင်တွင် ရှာမိသည်။ မရှိ။

မိမိတို့တဲအိမ်၏ ကြမ်းခင်းတွင် အပေါက်တခုရှိနေသည်။ ထိုအပေါက်ထဲသို့ ခြေထောက်ဖြင့် ထိုး၍ ရေအိုင်ထဲသို့ စမ်းကြည့်သည်။ ခန္ဓာကိုယ်တခုကို စမ်းမိသွားသည်။ အလျင်အမြန်ဖြင့် ထိုခန္ဓာအား ဝိုင်း၍ မကြည့်သော် သားငယ်လေး မောင်မျိုးကျော်ကျော် ဖြစ်နေတော့သည်။ တဦးတည်းသော သားငယ် ၉ လအရွယ် မောင်မျိုးကျော်ကျော်သည် အိပ်နေရင်း ထိုကြမ်းပေါက်မှ ရေထဲသို့ ကျသွားခြင်း ဖြစ်တော့သည်။ သားငယ်လေး အသက်မရှိတော့။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မောင်မျိုးကျော်ကျော်၏ ရုပ်အလောင်းအား သွားရောက် သယ်ဆောင်ရတော့သည်။ ကျန်ရစ်သူ မိဘနှစ်ပါးနှင့်တကွ ရပ်ကွက်သူ/သားများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)က ဝန်ထမ်းများ၊ အသင်းသူ/သားများ အားလုံး ကြေကွဲကြရသည်။

ထိုအကြောင်းအရာ နှစ်ခုအား စမ်းစစ်ကြည့်ပါက မိဘတို့၏ ပေါ့ဆမှု၊ အုပ်ထိန်းခြင်း ပေါ့လျှော့မှု ဟု အပြစ်တင် မရ။ လူကြီးမိဘများသည် စားဝတ်နေရေး ကျပ်တည်းမှု၊ ဘဝခရီးကြမ်းကို ရုန်းကန်လှုပ်ရှားရမှု … စသည်တို့ကြောင့် မိမိတို့၏ ရင်သွေးငယ်များအား အချိန်ပြည့် ဂရုမစိုက်နိုင်ခြင်း၊ အချိန်ပြည့် မကြည့်ရှုနိုင်ခြင်းတို့ကြောင့် ဖြစ်တော့သည်။

ထို့ကြောင့် မျိုးဆက်သစ် ရင်သွေးငယ်များ ဆုံးရှုံးရခြင်းများသည် မိခင် ဖခင်တို့၏ အပြစ်လား … ?
မိခင် ဖခင်တို့၏ ဂရုမစိုက်မှုကြောင့်လား … ?
စီးပွားရေး ကျပ်တည်းမှုကြောင့်လား … ?
ဆိုးဝါးလှသော ဘဝကို ရုန်းကန်လှုပ်ရှားနေရမှုကြောင့်လား … ?
ပတ်ဝန်းကျင်၏ ဆိုးကျိုးများကြောင့်လား … ?
မည်သို့ဖြစ်စေ … လောကကြီးကိုပဲ အပြစ်တင်လိုက်မိတော့သည်။

လောကကြီးက မတရားဘူး။

ပွဲဦးထွက် ကုသိုလ်

လှည်းတန်းလမ်း၊ ကမာရွတ်မြို့နယ်၊ ၈ ရပ်ကွက်၊ ၈ လွှာနေ ကွယ်လွန်သူ ဒေါ်မီမီအောင် အသက် ၃၉ နှစ်၏ ရုပ်အလောင်းအား ယနေ့ ၂၁.၉.၂၀၁၀ (အင်္ဂါ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက် သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် ကူညီပေးခဲ့ပါသည်။

ကွယ်လွန်သူ ဒေါ်မီမီအောင်၏ ရုပ်အလောင်းအား သယ်ဆောင်ရာတွင် အထပ်မြင့် ၈ လွှာ အဆောက်အဦမှ သယ်ယူရမည်ဖြစ်သည့်အတွက် ခန္ဓာကိုယ်အား ရေလုံဇစ်အိတ်ဖြင့်ထည့်ကာ ၂၀.၉.၂၀၁၀ (တနင်္လာ) နေ့တွင် စင်ကာပူ နိုင်ငံရောက် မြန်မာအလှူရှင်များမှ လှူဒါန်းပို့ဆောင်ခဲ့သော ရုပ်အလောင်းသယ်ဆောင်သည့် Body တင်ကဒ် (ထမ်းစဉ်) ဖြင့် ပွဲဦးထွက် စမ်းသပ် သယ်ဆောင်ခဲ့သည်။ ထိုသို့ Body တင်ကဒ် (ထမ်းစဉ်)ဖြင့် သယ်ဆောင်ရာတွင် အထပ်မြင့်မှ ချရခြင်း၊ လှေကား မတ်စောက်ခြင်း၊ လှေကား ကျဉ်းမြောင်းခြင်းတို့ကို ယခင်ကထက် များစွာအဆင်ပြေ ချောမွတ်ကြောင်း လက်တွေ့ သိရှိခဲ့ရပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အထပ်မြင့် တိုက်များမှ ရုပ်အလောင်းများကို သယ်ဆောင်ပေးရာတွင် ယခင်ကလို အဝတ်ဖြင့် ပတ်၍ ပွေ့ချီချရခြင်း၊ ပုဆိုးဖြင့်သိုင်း၍ သယ်ဆောင်ရခြင်း … စသည်တို့ကို လုပ်ရန်မလိုတော့ချေ။ စနစ်တကျ နည်းစနစ်မှန်မှန်ဖြင့် ရုပ်အလောင်းတို့ကို စည်းကမ်းတကျ သက်သက်သာသာဖြင့် သယ်ဆောင်သင်္ဂြိုဟ်ပေးခြင်းတို့ဖြင့် ပေးဆပ်နိုင်တော့မည် ဖြစ်ပါသည်။

Body တင်ကဒ် (ထမ်းစဉ်) အလှူရှင်များဖြစ်ကြသော စင်ကာပူနိုင်ငံရောက် မြန်မာ အလှူရှင် မနုနုခိုင်၊ မချိုချိုဝင်း၊ မအေးပွင့်သူ၊ မနှင်းသီတာနှင့် Peace Haven Funeral Service Pte, ltd., တို့အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ပွဲဦးထွက် ကုသိုလ်ယူမှုအတွက် အမျှ အမျှ အမျှ ပေးဝေငှလိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts