>Maung Lu Yay – 4th Blessing in Burma

>

မင်္ဂလာနှင့် နိုင်ငံရေး  ၎
မောင်လူရေး
စက်တင်ဘာ ၂၁၊ ၂၀၁၀
“တတ်ကောင်းတတ်ရာဟူသမျှကို ကြားမြင်သုတ ရှိပါစေ …” တဲ့ ။
ဒါ မင်္ဂလာစိတ်ထား ဖြစ်ဘိတော့ချေလတည်း ။
ကိုယ့် ရွှေဝါပြည့်အလံတော်သစ်ကြီး လေကစား ကြွားတလူလူဝေ နိုင်ဖို့ အဘယ်မည်သော ဝက်ဆိုက်မှ မပိတ်သင့်ပေ။  ဂက်စ်သိုက် ဖွင့်သလို ဖွင့်ထားသင့်ချေသည် ။ အချက်အလက်များ မြန်မြန်နှင့် များများရဖို့က အရေးကြီးသည် ။ သို့မှသာ မှန်မှန်နှင့် မှားမှားကို ခွဲခြား ရွေးချယ်သာပေမည် ။ တစုံတစ်ခုကို မှန်မှန်ကန်ကန် ပြည့်ပြည့် စုံစုံသိရှိဖို့ ဘက်ပေါင်းစုံ ကြည့်ခွင့်ရှိဖို့ လိုသည် ။ ထိုမှတဆင့် လမ်းကြောင်းပေါ်ပေါက်၍
ပန်းတိုင်သို့ ရောက်အောင်ကူညီ ပေးနိုင်မှုသည် ဗဟုသစ္စမင်္ဂလာ၏ ရည်ရွယ်ချက်ဖြစ်သည် ။
နိုင်ငံအုပ်ချုပ်မင်းလုပ်သူသည် ဒီမင်္ဂလာရှိမှ ဖြစ်မည် ။ နို့မို့ လူစိတ် အားနည်းသူများနှင့် မြိန်ရေယှက်ရေ ပေါင်းဖက်သဖြင့် တိုင်းပြည်တွင်း ကောင်းကွက်တွေနည်းပါး၊ ချာချူ ကြက်ဆူပင်တွေသာ မင်းမူ၍ တပူပူတဆူဆူ တဒူဒူ       ( တဒူဒူဟူသည် မိမိတာဝန်သာဖြစ်ကြောင်း စသည့်အမိန့်များကို ဆိုလိုသည် ) ဖြစ်နေပေရကား ဦးနှောက်တွေရော၊ ကျွန်းတွေရော၊ ကျောက်တွေရော၊ အငွေ့တွေရော ( ဂက်စ် )
အတွေ့တွေရော၊ ( ဂဲလ်စ် ) အင်း … မြေပေါ် မြေအောက် အရင်းအမြစ်တွေ အကုန်
ကမ္ဘာအနှံ့ ခြေဆန့်နေကြကုန်ပြီ။ စိမ့်ယို စီးယိုရုံတင် မဟုတ် ၊ ပွင့်အန်
ပေါက်ကျ ခုန်ထွက်နေကြကုန်ပြီ ။
သုံးလောက ထွဋ်တင် မြတ်စွာဘုရားရှင်သည် အကြားအမြင်နည်းသူကို သူယုတ်မာ၊
ကိုယ်လဲ အကြားအမြင်နည်း ၊ သူတပါးကိုလည်း အကြားအမြင်နည်းခြင်းမှာ ဆောက်တည်စေမယ် ဆိုလျှင် သူယုတ်မာထက် သူယုတ်မာဟု ဟောထားခဲ့သည် ။
တခါ သူယုတ်မာတို့နှင့် အဆက်အစပ်ရှိသောအရာများသည်
ကြောက်လန့်စရာဘေး = ဘယ ၊
မငြိမ်သက်မှု = ဥပဒ္ဒဝေါ ၊
စိတ်ဆင်းရဲခြင်း = ဥပသဂ္ဂ
တို့သာဟု မိန့်ပြန်လေသည် ။
ဘုရားရှင်သည် ဒီတရားတွေကို ဒီမင်း၊ ဒီစိုး၊ ဒီသူခိုးနှင့်  ဒီမိုး၊ ဒီရေ၊
ဒီအခြေအနေတွေကို ကြိုတင်ရှု၍ ကရုဏာရှေ့ထား မြန်မာပြည်သူ ပြည်သားများအတွက်
ဟောကြားထားခဲ့ဟန်တူလေသည် ။
ယနေ့ ရွှေဝါပြည်တွင် တိုင်းပြည်အပေါ် ကျေးဇူးရှိသူများကို လေးမြတ်ကြရကောင်းမှန်း မသိကြတော့ဘဲ တိုင်းပြည်အရေး မျှော်တွေးကြောင့်ကြသူများကို သွေးရူးသွေးတန်း ကျေးဇူးကန်း၊ ထိုးဆိတ်၊ သတ်ဖြတ်၊ ထောင်ချနေကြသည်မှာ အလွန်ပင် စိတ်ဆင်းရဲစရာကောင်းလှဘိတော့သည် ။
 မနေ့ကထိ နိုင်ငံရေးလုပ်လျှင် ဖမ်းဆီးရိုက်နှက်သတ်ဖြတ် ထောင်ချ ၊ ကနေ့ နိုင်ငံရေးလုပ်ဘို့ လူကြီးမင်းတို့ ကြွကြပါ ဆိုသဖြင့် မှတ်ပုံတင်ရ ၊ အာဂတိုင်းပြည်ဟုသာ ဆိုလိုက်ချင်ပါတော့သည် ။ ကိုယ့်နိုင်ငံအရေး လုပ်ဖို့ကိုပင် ယာဉ်မောင်းလိုင်စင် လျှောက်သလို နိုင်ငံရေးလိုင်စင် လျှောက်နေရသည် ။
အဲ … ယဉ်မောင်းလိုင်စင်လောက်လဲ အဆင့်အတန်းမရှိပြန်ချေ။ ဟိုက မောင်းမည်ဆိုလျှင် မောင်းခွင့်ရှိဖို့၊ မမောင်းဘဲလည်း နေလို့ရသည် ။ အခုက နိုင်ငံရေးလိုင်စင်လျှောက်ပြီးလျှင် ရွေးကောက်ပွဲဝင်ကိုဝင်ရမည် ၊ မဝင်နိုင်လျှင် လိုင်စင်ပြန်ရုပ်သိမ်းမည် တဲ့ ။
 ဤသည်ကား နိုင်ငံရေးလုပ်ခြင်းသည် ရွေးကောက်ပွဲဝင်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်ခြင်းဖြစ်သည် ။ တော်နေကြာ ပါတီနိုင်ငံရေးဆိုတာ အဲသလို ကိုယ်ကျိုးကြည့်သည်၊ ဒို့အကျိုးမရှိ ။ သေးသိမ်သည်၊ ကျဉ်းမြောင်းသည် ၊ အမျိုးသားနိုင်ငံရေးလောက် ရွှေတွင်းငွေတွင်း မ-ပယင်း မ-ဒုတ္ထာ ၊ အိမ်ခြံမြေ လယ်ယာ ကျယ်ကျယ်ဝန်းဝန်း မရ ။ အဲဒီတော့ အာဏာပြန်သိမ်း ၊ ကြံ့ဖွတ်က ‘ပါတီ’ ဆိုင်းဘုတ်ဖြုတ် ၊ ‘အဖွဲ့’ ဆိုင်းဘုတ် ပြန်တင် ဆိုသဟာတွေ တပတ် ပြန်ပတ်လာနိုင်သည် ။
တကယ်တော့ ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းသည် ကြံ့ဖွတ်၏ အမျိုးသားရေးဂုဏ်သိက္ခာကို အိုးမဲသုတ်နေခြင်းသာ ဖြစ်သည် ။
မဝေးသေးသောတချိန်က ကြံ့ဖွတ်သည် ဤလောက၌ ကျွန်တော် ကျမတို့သာ အမြတ်ဆုံး ၊ အမြင့်ဆုံး ၊ အမွန်ဆုံး ၊ အဟုတ်ဆုံး ၊ အဂွဒ်ဆုံး ၊ အသာဆုံး ၊ အတော်ဆုံး ၊ အကောင်းဆုံး။ သို့ဖြစ်ရကား ကျွန်ုပ်တို့သည် ယုတ်နိမ့်သော ပါတီနိုင်ငံရေးကို မလုပ် ၊ မြင့်မြတ်သော အမျိုးသားနိုင်ငံရေးကိုသာ လုပ် ‘စား’ သည် စသဖြင့် ညီလာခံ ကြီးများပင် မကြာမကြာခေါ်၍ မဟာစကြာဝဠာသိ အော်ခဲ့ကြသည် ။ အဲဒီမြင့်မြတ်သောအဖွဲ့ကြီး ချက်ချင်းဖျက် ၊ ယုတ်နိမ့်သောပါတီကြီး ချက်ချင်း ဖွဲ့ ၊ စုပ်ပဲ့သော နိုင်ငံရေး ချက်ချင်းလုပ်ဆိုတော့လည်း ‘ဟုတ်ကဲ့ပါ’ ဆိုဟယ် လိုက်ရတော့သည်သာ။
အော် … သူရို့ခမျာ အမျိုးသားရေးအတွက် ဖြေခက် အံကြိတ် မခံချင်စိတ်တွေ
တဖွားဖွားနှင့် ဘယ်ယားလို့ ဘယ်ကုတ်ရမှန်း မသိ ဖြစ်နေရှာရော့မည် ။
သူများတို့ ရွေဝါပြည်ကြီး ဘုရားစင်တွေပြို ၊ သံဃာစင်တွေမှောက် ဤမျှ
ကမောက်ကမဖြစ်နေရခြင်းမှာ ဗဟုသစ္စမင်္ဂလာကြီး ချုပ်ပျောက်နေမှုကြောင့် ဟုသာ နှလုံးသွင်းဆင်ခြင်တော်မူကြပါ ။
အဖွဲ့နှင့် ပါတီ၏ ကွဲပြားမှုကို ခွဲခြားပြနိုင်သူများကို Birthday Present
အဖြစ် သစ်တော တတောစီ ချီးမြှင့်ပါ မည် ။ ( ဤကား စကားချပ် )
ဘဝမှာ အရိပ်ရမယ့် ‘သိပ္ပမင်္ဂလာ’ ဆိုသည် ရှိဘိသည် ။
‘အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့ အသက်မွေးဖို့ အတတ်သင်လေ’ ဆိုသဟာဖြစ်၏ ။
ဒါပေသည့် သိပ္ပမင်္ဂလာကြီး စိတ်မချချင်စရာ ဖြစ်နေတာကတော့ အခက်မွေးဘို့
မတတ် မတတ် သင်နေရသည့် လက်ရှိ အခြေအနေဆိုးကြီးပင်ဖြစ်သည် ။ အနှီလို ပညာရေးကနေ သွန်းထုလိုက်သည့် တိုင်းပြည်၏ ပုံသဏ္ဍာန်ကိုလဲ လေဖြတ်ခံထားရသည့် လူမမာကြီးကို မျက်စိထဲမြင်ကြည့်လိုက်ရုံပင် ။
ရွဲ့တဲ့တဲ့၊ ဖယ်တယ်တယ်၊ လိမ်တိမ်တိမ်၊ စောင်းတောင်းတောင်း၊ ကိုင်းတိုင်းတိုင်း၊ ကုန်းတုန်းတုန်း၊ ငိုမလိုလို ပြိုမလိုလိုကြီး ။ ကျွန်ုပ်တို့ ရွှေဝါပြည်သည် တပိုင်းကြောင်၊ တခန်းပျက်၊ တဝက်ကျက်၊ တခြမ်းပုတ် ဖြစ်နေတော့သည် ။
ဗာလငပုတ် အဖမ်းခံရသော တိုင်းပြည်သည် မှောင်နှင့် မည်းမည်း ။
လငပုတ်ဖမ်းခံထားရသော ကောင်းကင်ကဲ့သို့ပင် လင်းလင်းချင်းချင်း မရှိဘိချေတော့သည် လတည်း ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts