>Magwe authorities detains Eleven’s reporter

>

မိုးရေလျှံမှုကို ဓာတ်ပုံရိုက်သော သတင်းထောက်
မကွေးတွင် ထိန်းသိမ်းခံနေရ

မိုးမခအထောက်တော် အမှတ် ဝဝ၂
စက်တင်ဘာ ၁၆၊ ၂၀၁၀


မကွေးမြို့တွင် မိုးရွာပြီးနောက်ပိုင်း ရေကြီးရေလျှံမှုကို ဓာတ်ပုံရိုက်သော သတင်းထောက်တဦး ထိန်းသိမ်းခံနေရကြောင်း Weekly Eleven သတင်းဂျာနယ် အင်တာနက် စာမျက်နှာတွင် ရေးထားသည်။

အစမ်းခန့် သတင်းထောက် ကိုအောင်သူငြိမ်း (၂၈ နှစ်) သည် ဓာတ်ပုံရိုက်ပြီး နောက်တနေ့ အင်္ဂါနေ့တွင် ထိန်းသိမ်းခံရသည်ဟု ဆိုသည်။

“ကင်မရာသိမ်းဆည်းပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းသည်ကို ခံဝန်မထိုးသောကြောင့် အဆိုပါ သတင်းထောက်အား မကွေးမြို့ အမှတ်(၁) မြို့နယ် ရဲတပ်ဖွဲ့စခန်းဝင်း အတွင်းရှိ မြို့နယ်မှူးရုံးတွင် ခေတ္တခေါ်ယူ ထိန်းသိမ်းထားသည်” ဟု http://news-eleven.com တွင် ရေးထားသည်။

“ခံဝန်ကလည်း နောက်နောင် ဒီလိုမလုပ်ပါဘူး ဆိုတာမျိုးတွေက သတင်းထောက် တစ်ယောက်အတွက် ဘယ်လိုမှ ထိုးစရာ အကြောင်း မရှိပါဘူး။ သတင်းထောက်ကတော့ သတင်းယူရမယ့် တာဝန်ရှိပါတယ်။ သတင်းဓာတ်ပုံ ရိုက်ရမယ့် တာဝန် ရှိပါတယ်” ဟု Weekly Eleven တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးက ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယခင်ကလည်း ထိုဒေသမှ ၎င်းတို့၏ သတင်းထောက်တဦး ၂ ရက်ကြာ ထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။

တခြားမြို့ကြီးများတွင် ရေကြီးမှုသည် သာမန်သတင်းသာ ဖြစ်ကြောင်း၊ သို့သော်လည်း မကွေးသည် သတင်းနှင့် ပတ်သက်ပြီး အကဲဆတ်သည့် မြို့ဟု ယူဆရကြောင်း တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောသည်။

“တိုင်းဒေသကြီး မြို့တော်တစ်ခုအနေနဲ့ ဒါမျိုးက လုံးဝ မဖြစ်သင့်ပါဘူး။ အဲဒီအတွက် ကန့်ကွက်ပါတယ်။ မနက်ဖြန်မှာ အကြီးတန်း အယ်ဒီတာတစ်ယောက် မကွေးကို စေလွှတ်သွားမှာပါ။ နောက်ရက်မှာလည်း အခုလိုပဲ ဆက် ထိန်းသိမ်းထားမယ် ဆိုရင် ဥပဒေ နည်းလမ်းတွေအတိုင်း ဥပဒေကြောင်း အရပဲ ဆက်လက် တုံ့ပြန် ဆောင်ရွက်သွားမှာပါ” ဟု သူက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts