>Kyaw Thu – FFSS Yangon Activity (12nd September 2010)

>

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
စက်တင်ဘာလ ၁၂၊ ၂၀၁၀

အတူပျံသန်းခြင်း (သို့) အတူပေးဆပ်ခြင်း

၁၂.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ အသင်းသူ/သားများ၊ အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများသည် ဈာပနလမ်းကြောင်း လက်ခံရာဌာနတွင် တယ်လီဖုန်း ခေါ်သံကို အားလုံး စူးစိုက်စွာဖြင့် အာရုံစွင့်နေကြသည်။

အကြောင်းမှာ ယနေ့သည် ၂၀၁၀ ခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပန ပို့ဆောင်မှုလမ်းကြောင်း ၁၀၀၀၀ (တစ်သောင်း) ပြည့်မည့်နေ့ဖြစ်သည်။ ထို တစ်သောင်းပြည့် ဈာပန လမ်းကြောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှစ်စဉ် ထူးထူးခြားခြား သင်္ဂြိုဟ်ပေးခြင်း အခမ်းအနားများကို ကျင်းပနေမြဲမို့ ယခု တစ်သောင်းပြည့် လမ်းကြောင်းတွင်လည်း ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထား၍ နိုင်ငံခြားမှ လှူဒါန်းထားသော နိုင်ငံခြားဖြစ် အခေါင်းနှင့် သင်္ဂြိုဟ်ပေးခြင်း၊ ရက်လည် ဆွမ်းကပ်သော နေ့ရက်တွင် သံဃာတော်များအား လှူဒါန်းရန် သင်္ကန်း၊ ယပ်၊ ဖိနပ် မှအစ ဝတ္ထုငွေနှင့် ကျန်ရစ်သူ မိသားစုအား အသင်းသူ/သားများ စုပေါင်းလှူဒါန်းထားသော ငွေတို့ဖြင့် ပေးအပ်ရန်၎င်း၊ ဂျပန်နိုင်ငံတွင် အသုံးပြုသော နိဗ္ဗာန်ယာဉ်ကြီးဖြင့် ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပေးခြင်းတို့အပြင် ယခု ၂၀၁၀ ခုနှစ်အတွင်းတွင် ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဝတ်ရွတ်အဖွဲ့၏ ပွဲဦးထွက် ဈာပန လမ်းကြောင်းလည်း ဖြစ်တော့သည်။

ယခု တစ်သောင်းပြည့် ဈာပန အခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ (ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်) ဓာတ်ပုံရိုက်သင်တန်းမှ အသင်းသူ/သားများအအတွက် “ဘဝနိဂုံး အဆုံးပုံရိပ်” ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲပါ တပါတည်း ကျင်းပခဲ့ပြီး၊ မော်တော်ယာဉ်အဖွဲ့မှ အသင်းသား ကိုစည်သူမှ ဈာပန ပို့ဆောင်ရေးအတွက် နာရေးရှင်များ ရပ်ကွက်တွင်းမှ နာရေး လိုက်ပါပို့ဆောင်ကြမည့် ဧည့်ပရိတ်သတ်များအတွက် BM ဟီးနိုးကား (၅) စီးပါ ပံ့ပိုးကူညီခဲ့သည့်အတွက် အလွန်စည်ကားစွာဖြင့် ကုသိုလ်ယူ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို တစ်သောင်းပြည့် ဈာပနလမ်းကြောင်းအား သာကေတမြို့နယ်၊ ဇေယျဝတီ (၅) လမ်းမှ ဆင်းရဲနွမ်းပါးသော မိသားစု (၄) ဦးသာ ကျန်ရှိသော အိမ်ငယ်လေးမှ ဖြစ်သည်။ ကျန်ရစ်သူ မိသားစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရှေ့ပြေးယာဉ်ဖြင့် သွားရောက်ကာ ဈာပန ပို့ဆောင်ရေးအဖွဲ့မှ ဦးအေးကြူ က အသင်း၏ အခမဲ့ ပံ့ပိုးကူညီ လှူဒါန်းမှုများကို ဦးစွာသွားရောက်၍ ရှင်းလင်းခဲ့သည်။ ကွယ်လွန်သူ မဇာခြည် အသက် (၃၂) နှစ်တွင် မိခင်၊ အမျိုးသားဖြစ်သူနှင့် ကလေးငယ် (၂) ဦးတို့သာ ကျန်ရစ်ခဲ့သည်။ လူမမယ် ကလေးငယ်သည် မိခင်ဖြစ်သူ မဇာခြည် သေဆုံးသွားကြောင်း မသိရှိသဖြင့် မိခင်ဖြစ်သူ၏ နို့ရည်အား သောက်သုံးရန် ကြိုးစားခဲ့ပုံကို နာရေးရှင်တို့၏ နေအိမ်တွင် ပြောကြား၍ သိရှိခဲ့ ရသည်။ ယခုနှစ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ တစ်သောင်းပြည့် ဈာပနာ အခမ်းအနားအတွက် အလှူငွေ ကောက်ခံခဲ့ရာ ၂၁၇၀၀၀/- (နှစ်သိန်း တစ်သောင်း ခုနှစ်ထောင်) ကျပ်တိတိကိုရရှိခဲ့ပြီး ယင်းအလှူငွေအား ကျန်ရစ်သူ ကလေးတို့၏ ရှေ့ရေးအတွက် အသုံးပြုရန် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ ကွယ်လွန်သူ၏ အမျိုးသားဖြစ်သူကို မှာကြား၍ ပေးအပ်ကူညီခဲ့သည်။ ထို့ပြင် ရက်လည်ဆွမ်းကပ်ရာ၌ သံဃာတော်အား လှူဒါန်းရန် သင်္ကန်း၊ ယပ်၊ ဖိနပ် တို့အားလည်း ပေးအပ်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/သားများသည် လူမှုရေးလုပ်ငန်း လုပ်ဆောင်ရာ၌ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိ။

ထို့အတူ ကျွန်ုပ်တို့ လူမှုရေးသမားများနှင့် ဂီတလူမှုရေး သူရဲကောင်းများကလည်း ခွဲခြားမှုမရှိ။

ထို့ကြောင့် ၂၀၁၀ ခုနှစ် တစ်သောင်းပြည့် ဈာပန အခမ်းအနားကို အများပြည်သူတို့အတွက် ကျွန်ုပ်တို့သည် အတူလက်တွဲ ပူးပေါင်းကာ အများပြည်သူအတွက် ပေးဆပ်ခဲ့ကြသည်။

သင် … ဘာကားစီးချင်လဲ ?
ဘာကား စီးစီး … နောက်ဆုံးတော့ မီးခိုးနဲ့ ပြာ

ပါသွားမှာက ကုသိုလ် နဲ့ အကုသိုလ်။

ကျော်သူ

မိဘမဲ့ HIV ကလေးငယ်များအတွက် ပြင်ဆင်မှု

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များထဲမှ ပန်းချီသင်တန်း တက်ရောက်ခဲ့သော မျိုးဆက်သစ်ကလေးငယ်များအား ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာအေး ဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ Morekha Art Gallery တွင် ပြသလျှက်ရှိသော ပန်းချီဆရာကြီး ၁၁ ဦးတို့ ရေးဆွဲပြသထားသည့် September Rain in Bagan ပန်းချီပြပွဲသို့ သွားရောက်လေ့လာ ပြသခဲ့ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များသည် ရေဆေး ပန်းချီဆွဲခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါ၍ ယခု သွားရောက်လေ့လာခဲ့သော September Rain in Bagan ပန်းချီပြပွဲတွင် ရေဆေးပန်းချီကား များသာဖြစ်သည့်အတွက် မျိုးဆက်သစ် ကလေးငယ်များအတွက် များစွာ အကျိုရှိခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များသည် မိဘမဲ့ HIV ကလေး များအတွက် ရန်ပုံငွေ အလှူငွေ ရှာဖွေပေးနိုင်ရန်အတွက် မိမိတို့ တတ်စွမ်းထားသော ပန်းချီပညာရပ် ဖြင့် ပေးဆပ်ရန် အသင့်အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ မကြာတော့မည့် နေ့ရက် အချိန် ကာလတွင် မိဘမဲ့ HIV ကလေးငယ်များအတွက် ပန်းချီပညာရှင် ကလေးငယ်များက လူလူချင်း စာနာ ထောက်ထားသော စိတ်ဓာတ်တို့ဖြင့် ဖေးမကူညီ ပံ့ပိုးပေးတော့မည် ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts