>U Win Tin Hospitalized …

>

အန်အယ်ဒီပါတီခေါင်းဆောင် ဦးဝင်းတင် ဆေးရုံတင်ထား
မိုးမခအထောက်တော် ရန်ကုန်
စက်တင်ဘာ ၁၂၊၂၀၁၀
        ယနေ့နေ့ခင်းက ဆရာဦးဝင်းတင် အလုပ်ပင်ပန်းပြီး ကျန်းမာရေးစိုးရိမ်ရသဖြင့် အာရှတော်ဝင်ဆေးရုံသို့ မိတ်ဆွေများက တင်ပို့ပြီး ဆေးကုသမှုခံယူနေရသည်ဟု ကြားသိရသည်။ ယခုသတင်းရေးနေချိန်တွင် ဆရာ့ကို အထူးကုဆရာဝန်ကြီးများက ၀ိုင်းဝန်းစစ်ဆေးပြီး ကုသပြုစုမှုများ ဆောင်ရွက်ထားသည်။ ဆရာ့ကို အောက်စီဂျင်ပေးထားပြီး ဆရာက သတင်းလာမေးသည့် ဧည့်သည်ပေါင်း များစွာနှင့် တွေ့ဆုံနေရသည်ဟု ဆရာ့မိတ်ဆွေ ဦးမောင်မောင်ခင်က မိုးမခကို ပြောသည်။
         ဆရာမိတ်ဆွေများ၊ အင်န်အယ်ဒီပါတီခေါင်းဆောင်များ၊ စာနယ်ဇင်းများက မိတ်ဆွေများက ဆရာဆေးရုံတက်နေရာသို့ ယခုအချိန်တွင် ရောက်ရှိပြီး သတင်းမေး၊ အားပေးစကား ပြောကြားနေသည်ဟု ဆိုသည်။ ဆရာ့၏ အသက်အရွယ်နှင့် လှုပ်ရှားဆောင်ရွက်မှုများမှာ ဆက်တိုက် မရပ်မနားရှိလှသဖြင့် ဆရာဝန်များ၊ သူနာပြုများက ခေတ္တ အနားယူစေလိုသော်လည်း ဆရာက “ကျနော့်မှာ လုပ်စရာတွေ အများကြီးပဲဗျ” ဟု ပြန်ပြောသည်ဟု သိရသည်။ အလွန်မောပန်းပြီး ရင်ကြပ်ခြင်း၊ နေထိုင်မကောင်း ဖြစ်ခြင်းများ ဖြစ်နေသည်မှာ ၃၊ ၄ ရက်လောက် ရှိနေပြီ ဟု ဆိုသည်။
      အင်န်အယ်ဒီပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ တပ်မတော်ခေါင်းဆောင်ဟောင်းတဦးဖြစ်သည့် ဦးတင်ဦးမှာလည်း ဆေးကုသစစ်ဆေးမှုများ ရယူရန် လိုအပ်နေသည်ဟု ကြားကြောင်း၊ အချို့က ပန်းလှိုင်ဆေးရုံမှာဟု ဆိုကြောင်း၊ အသက်အရွယ် ကြီးနေသော်လည်း မြန်မာပြည်၏ ဒီမိုကရေစီရေးနှင့် အမျိုးသားရေးအတွက် ရှေ့တန်းက မရပ်မနား ဦးဆောင်မှုပေးနေသူ လူကြီး ၂ ဦးအတွက် လူငယ်များက စိုးရိမ်သော်လည်း သူတို့ကမူ တိုင်းပြည်အတွက် အားသွန်ခွန်စိုက် အလုပ်ဆက်မလုပ်နိုင်မည့် အရေးကိုသာ စိုးရိမ်နေကြသည်ကို တွေ့နေရသည်။

        ၁၉၈၉  ခုနှစ်ကတည်းက ထောင် အနှစ် ၂၀ နည်းပါး နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့သူ အင်န်အယ်ဒီပါတီခေါင်းဆောင် ဦးဝင်းတင်သည် ၂၀၀၈ နှစ်နှောင်းပိုင်းတွင် အကျဉ်းထောင်မှ လွတ်မြောက်လာသည်။ ထောင်မှ လွတ်မြောက်ပြီး မကြာမီတွင် နှလုံးခုန် အကူစက်တလုံး ကို ထည့်သွင်းသည့် ဆေးကုသမှုကို ခံယူခဲ့ရသည်။ ယခင်မဆလအစိုးရက ခွင့်ပြုထားသည့် အငြိမ်းစားအိမ်ရာကို စစ်အစိုးရက ၎င်းထောင်ကျနေစဉ်အတွင် သိမ်းဆည်းခဲ့သဖြင့် ယခုအချိန်အထိ ဆွေမျိုးသားချင်းများ၏ အိမ်များတွင် ဧည့်စာရင်းတိုင်ပြီး လှည့်လည် နေထိုင်ရသည့် နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်သည်။ အိမ်ခန်းငှားယမ်းနေထိုင်ရန်အတွက်လည်း စစ်အစိုးရ၏ လိုက်လံနှောက်ယှက်မှုများကြောင့် အိမ်ခန်းပိုင်ရှင်များက မငှားယမ်းရဲကြပေ။ ပါတီရုံးခန်းသို့ နေ့စဉ် ရုံးတက်ခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများသို့ သွားရောက်ခြင်း၊ လုပ်ကိုင်ခြင်း၊ ပြောဆိုဆွေးနွေးခြင်းတို့ကို ဦးဝင်းတင်သည်  ၀တ္ထရားမပျက် ထောင်မှ ထွက်ကတည်းက အနားယူသည့် ရက်မရှိ ဆက်တိုက် လုပ်ကိုင်နေသု ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts