>Letters from Michigan – 21


>

မစ်ရှီဂန်မှပေးသောစာ(၂၁)
အောင်ဝေး
စက်တင်ဘာ ၁၂၊ ၂၀၁၀


မိတ်ဆွေကြီး ကိုဒေါင်း-

ကျန်းခံ့သာလို့မာပါစ။ ဥတုရာသီများလည်း သာပါစ။ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေတဲ့သူများအဖို့ မင်းကျင့်တရား (၁၀) ပါး နဲ့အညီ တိုင်းပြည်ကို မအုပ်ချုပ်ကြဘူး ဆိုရင် တိုင်းပြည်မှာ ရာသီဥတုတွေ ဖောက်ပြန် ပျက်စီးတာမျိုး၊ ဆန်ရေစပါး ရှားပါးတာမျိုး၊ သဘာဝဘေးအန္တရာယ်တွေ ကြုံရတာမျိုး အစရှိတဲ့ ဘေးဆိုး ကပ်ဆိုးတွေ ဆိုက်တတ်ကြောင်းကို၊ ဘယ်သူဖြစ်ဖြစ် သက်ကြီးစကား သက်ငယ်ကြား ဖြစ်ဖြစ်လောက်တော့သိကြတာပါပဲ။

ခက်တာက ကျနော်တို့တိုင်းပြည်မှာက ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ အစိုးရမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ နေရတာပဲ ကိုဒေါင်း။ ဝေးဝေးမကြည့်ပါနဲ့၊ နာဂစ်အဖြစ်ဆိုးကိုပဲ ကြည့်ပါ။ ကျနော် ဒါတွေ ပြန်မပြောချင်တော့ပါဘူး။ ခုမကြာခင်က နီးနီးကလေးမှာ ထမင်းတစ်နပ် အတွက် ဖတ်ဖတ်မောအောင် ရုန်းကန် လှုပ်ရှားနေရတဲ့ကြားက၊ တောသူ တောင်သားတွေ သာမက၊ မြို့နေ လူထုတွေပါ မကျန်၊ ရေရှားပါးပြတ်လပ်တဲ့ ဒဏ်ကို အလူးအလဲ ခံကြရပြန်တော့ကော ဒီအစိုးရက ဘာကူညီခဲ့သလဲ၊ ဘာလုပ်ပေးခဲ့သလဲ။ ဘာမှ မကူညီခဲ့ဘူး၊ ဘာမှလည်း လုပ်မပေးခဲ့ပါဘူး ကိုဒေါင်း။

ပြည်သူတွေ ဒုက္ခရောက်တာကို ပြည်သူ အချင်းချင်းကပဲ ကူညီကြရ၊ ယိုင်းပင်းကြရ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းကြရတာက ကျနော်တို့တိုင်းပြည် ဖြစ်နေပြီ။

ခက်တာက ဒီလောက် တာဝန်မဲ့တဲ့၊ ဒီလောက် လူစိတ် ကင်းမဲ့တဲ့ အစိုးရမျိုးကို ချီးကျူး ထောမနာနေကြ၊ ၀ိုင်းဝန်း ထောက်ခံနေကြ၊ မြှောက်ပင့် ဂုဏ်ပြုရေးသားနေကြတဲ့သူတွေပဲ ကိုဒေါင်းရေ။ လူများစုကတော့ မဟုတ်ပါဘူး။ လူနည်းစု လက်တစ်ဆုပ်စာလောက်ပါ။

ဒီလို ကမ္ဘာ့အမြင်မှာ၊ မြန်မာ့အမြင်မှာ တော်တော့်ကို မကောင်းဘူးလို့ သတ်မှတ်ထားတဲ့ အစိုးရမျိုးကိုမှ ကောင်းလှချည်ရဲ့၊ တော်လှချည်ရဲ့လို့မရှက်မကြောက် ဘုန်းတော်ဘွဲ့ ဖွဲ့နေကြတဲ့ သူတွေကိုတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မဖြစ်တော့ဘူး ကိုဒေါင်း။ န၀တ၊ နအဖခေတ် တစ်လျှောက်လုံးမှာ ဒီလိုအစိုးရ ဘုန်းတော်ဘွဲ့ ဖွဲ့ပြီး ကြီးပွား ကောင်းစားသွားတဲ့လူတွေလည်း ရှိခဲ့တာ မဟုတ်လား။

အထူးသဖြင့် န၀တ၊ နအဖ ဘုန်းတော်ဘွဲ့ရေးကြတဲ့သူတွေရဲ့ထင်သာ မြင်သာတဲ့ စင်မြင့်က အစိုးရသတင်းစာတွေမှာပါပဲ။ ဒီသတင်းစာတွေဟာ အစိုးရ ဘုန်းတော်ဘွဲ့ရေးသူတွေရဲ့ အဓိက ပလက်ဖောင်း ဖြစ်လာတာပါပဲ။

န၀တ၊ နအဖခေတ်မှာ စစ်အာဏာရှင်က သူကောင်းပြုတာကို ငမ်းငမ်းတက် ခံချင်ကြတဲ့ သူတို့ကိုယ် သူတို့စာရေးဆရာ၊ သတင်းစာဆရာလို့ ဆိုတဲ့သူတွေလည်း မိုးဦးကျပေါက်တဲ့ မှို တွေလိုပဲ ပေါလာလိုက်တာ ကိုဒေါင်းရေ။ မကြုံဖူးဘူးဗျာ။ ကျနော်တို့အထဲက စစ်မှန်တဲ့ စာပေသမား တချို့ ၊ စာနယ်ဇင်းသမားတချို့ တောင် အဲဒီအထဲ ပဲ့ပဲ့ပါသွားတာ နေ့ ချင်းညချင်းကြီးပဲ မဟုတ်လား ကိုဒေါင်း။

မတတ်နိုင်ဘူး။ အဘိဓမ္မာ မခိုင်မာတဲ့ သစ်ရွက်တွေကတော့ အကြွေမြန်တာပေါ့ဗျာ။ ဒါ မဆန်းပါဘူး။ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးကြတာပဲ မဟုတ်လား။

ကိုဒေါင်းကြီး၊ အဲဒီမှာ ခက်ပြန်တာက အဲဒီ န၀တ၊ နအဖဘုန်းတော်ဘွဲ့ ဖွဲ့ကြသူတွေက စစ်မှန်တဲ့ ပြည်သူ့စာပေသမားတွေ၊ စစ်မှန်တဲ့ လူထု စာနယ်ဇင်းသမားတွေကိုပါ ရှုတ်ချ တိုက်ခိုက်လာတဲ့ အထိ အတင့်ရဲလာကြပြီ။ ဒီလူတွေဟာ အစကတော့ မရဲတရဲ ခြုံခိုတိုက်ခိုက်ရာကနေ နောက်တော့ တဖြည်းဖြည်းနဲ့ဗြောင် ပေါ်တင် ထိုးနှက်လာတာ မဟုတ်လား။

ဒီလိုလူစားမျိုးတွေဟာ အုပ်စိုးသူရဲ့အကာအကွယ်ကို ရထားတယ်။ စာပေစိစစ်ရေးဆိုတဲ့ စာပေကင်ပေတိုင်ဌာနဟာ ဒီလူတွေရဲ့ခံတပ်ဖြစ်နေတယ်။ ကတုတ်ကျင်း ဖြစ်နေတယ်။ ဒီလူတွေက ဒီလို အနေအထားကနေ ကတုတ်ကျင်း နက်နက်တူးပြီး ကျနော်တို့ဘက်ကို ပစ်နေကြတာ ဆိုတော့၊ ကျနော်တို့ပြည်သူ့ဘက်သား စာပေသမားတွေ အနေနဲ့ ဒိလူတွေကို ပြန်ပြီး တုံ့ ပြန်ဖို့ဆိုတာ တကယ်တော့ မလွယ်လှဘူးပေါ့ဗျာ။

တကယ်တမ်း ကျနော်တို့ပြည်သူ့ဘက်သား ဒီမိုကရေစီသမားတွေဘက်က မခံမရပ်နိုင်ဖြစ်လွန်းလို့ ပြန်တုံ့ ပြန် ပစ်ခတ်မိတဲ့ အခါကျတော့၊ စစ်မှန်တဲ့ ပြည်သူ့ဒီမိုကရေစီ စာရေးဆရာ၊ ကဗျာဆရာတွေ၊ မကောင်းတဲ့ အစိုးရရဲ့ မတရားတဲ့ ဥပဒေတွေနဲ့အရေးယူတာ ခံရပြီး၊ နှစ်ရှည်လများ ထောင်သွင်း အကျဉ်းချခံကြရတာပဲ ကိုဒေါင်း။

ဘာပဲဖြစ်ဖြစ်၊ စစ်ကျွန်ခေတ်မှာ လူရာဝင်ချင်ကြတဲ့သူတွေက အစိုးရ ဘုန်းတော်ဘွဲ့ ဖွဲ့နိုင်ပေမဲ့၊ စစ်အဏာရှင်စနစ်ကို ဖြုတ်ချဖို့ကြိုးစားနေတဲ့ ပြည်သူ့ဘက်သားတွေကတော့၊ စစ်အစိုးရက ဘယ်လိုဖိအားတွေ ပေးပေး၊ ဘယ်လို ခြိမ်းခြောက်မှုတွေ လုပ်လုပ်၊ ဘယ်လို မက်လုံးတွေပေးပေး၊ နည်းနည်းမှ ဂရုစိုက်ကြတာ မဟုတ်ပါဘူး။

န၀တ၊ နအဖ ဘုန်းတော်ဘွဲ့ရေးကြတဲ့သူတွေ ကြီးပွား ကောင်းစားနေတဲ့ အချိန်မှာ န၀တ၊ နအဖ စစ်အာဏာရှင်ကို ဆန့် ကျင် တိုက်ခိုက် ရေးသားကြတဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ဘလော့ဂါဆရာ၊ ရုပ်ရှင်ဆရာ၊ ဂီတဆရာတွေ တချို့ ထောင်နန်းစံကြရတာပဲ။ တချို့ ချိုးနှိမ်ခံကြရတာပဲ။

ထောင်နန်းစံရတဲ့၊ ချိုးနှိမ်ခံရတဲ့ ပြည်သူ့ဘက်သား ဒီမိုကရေစီသမား စာပေနဲ့အနုပညာရှင်များကိုတော့ သမိုင်းက ကောင်းကောင်းကြီး မှတ်တမ်းတင်ပါလိမ့်မယ်။ ပြည်သူက ရဲရဲကြီး ဂုဏ်ပြုပါလိမ့်မယ်။

ပြည်သူ့ဘက်သား၊ တစ်နည်းအားဖြင့် (ဆရာဦးဝင်းတင်ပြောသလို) အရေးတော်ပုံတပ်သား စာပေနဲ့အနုပညာရှင် အများစုဟာ စစ်အာဏာရှင်ရဲ့ဖိနှိပ်မှု၊ ချုပ်ချယ်မှုကို သိုးကလေး၊ ဆိတ်ကလေးတွေလို လွယ်လွယ်နဲ့ခေါင်းငုံ့ခံ အရှုံးပေးနေတာ မဟုတ်ဘူး ဆိုတာကိုတော့ စစ်အာဏာရှင်တွေ ကိုယ်တိုင်က သိနေပါပြီ။

ဒါကြောင့်လည်း စစ်မှန်တဲ့ ပြည်သူ့ဘက်သား စာပေ အနုပညာရှင်တွေအပေါ် စစ်အစိုးရက ပိုပိုပြီး ဖိနှိပ်ချုပ်ချယ်လာနေတာပဲ မဟုတ်လား။

တကယ်တော့ ကြောက်တဲ့စိတ်၊ အငုံ့ စိတ် ဆိုတာ ပြည်သူတွေဘက်မှာ ရှိတာမဟုတ်ပါဘူး။ ဖိနှိပ် အုပ်ချုပ်နေတဲ့ အာဏာရှင်ဘက်မှာသာ ရှိနေတာပါ။ ဒီလို ကြောက်ကန်ကန်နေတဲ့ အစိုးရမျိုးကိုတော့ ကျနော်တို့သတိထား ရင်ဆိုင်ဖို့လိုတယ် ကိုဒေါင်းရေ။

အားလုံးကို သတိရလျက်-

အောင်ဝေး

ဇွန် ၁၁-၂၀၁၀။

[အမေရိကန် ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသူ ကဗျာဆရာအောင်ဝေး၏ မစ်ရှီဂန်မှ ပေးသောစာ အမှတ် ၂၁ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။ ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts