>LA will prostest Junta’s Actress while Oregon and Utica cancle their show

>

စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်ရဲ့ စတိတ်ရှိုးကို အယ်လ်အေမှာ နက်ဖြန်ဆန္ဒပြကန့်ကွက်မည်
အိုရီဂွန်နဲ့ ယူတီကာအရပ်များမှာ စတိတ်ရှိုး မကျင်းပဖြစ်တော့
မိုးမခအထောက်တော် ၀၀၂
စက်တင်ဘာ ၁၀၊ ၂၀၁၀
နက်ဖြန်မှာ ကျင်းပမယ့် အယ်လ်အေက မြန်မာစတိတ်ရှိုး ကို အယ်လ်အေသြဂနိုက်ဇာနှင့် မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများ စုဝေးဆန္ဒပြ ကန့်ကွက်ကြမည် ဖြစ်သည်။ ၎င်းတို့ အစီအစဉ်ကို သည်နေရာမှာ ကြည့်နိုင်သည်။ မြန်မာစစ်အစိုးရ၏၀ါဒဖြန့်ကား၏ သရုပ်ဆောင်သူတဦး ပါဝင်သည့် စတိတ်ရှိုးပွဲများ အမေရိကန်အနှံတွင် သြဂုတ်လဆန်းကတည်းက လိုက်လံကပြလျက်ရှိရာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတို့က ကန့်ကွက်ဆန္ဒပြလျက် ရှိသည်။
          ယခင်ပွဲများဖြစ်သည့် ဆန်ဖန်စစ္စကို၊ ဘတ်ဖဲလိုး၊ အယ်ဘနီ၊ မင်နီဆိုးတား၊ မြောက်ကယ်လိုရိုင်းနားတို့တွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဖို့ဝိန်းမြို့တွင် စတိတ်ရှိုးပွဲသွင်းရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြသည်ဟု ဆိုသည်။ နယူးယောက် စတိတ်ရှိုးပွဲတခုသာ အနှောက်အယှက် မရှိဟု သိရသည်။
 ယခု လာမည့် အစီအစဉ်များထဲတွင် အမေရိကားအရှေ့ခြမ်း ယူတီကာအရပ်တွင်၎င်း၊ အမေရိကားအနောက်ခြမ်း အိုရီဂွန်အရပ်တွင်၎င်း စတိတ်ရှိုးအစီအစဉ်များ မဖြစ်တော့ဟု သိရသည်။
          “ပွဲတွေကို မဖြစ်ဖြစ်အောင် ပွဲစီစဉ်သူတွေက လိုက်ညှိတယ်ပြောတယ်။ ပထမကတော့ အဲဒီသရုပ်ဆောင် မပါဘူးပေါ့။ အဲလိုညှိတယ်။ အယ်လ်အေမှာ အဲလိုညှိပြီး ပွဲလည်း အတည်ဖြစ်ကော အဲသည်သရုပ်ဆောင်က ဆိုမယ် ဖြစ်သွားတာမျိုးတွေ ရှိတော့၊ နောက်ပွဲတွေမှာ ဒါကို သေချာအောင် မေးတယ်လေ။ နောက်တော့ အဲသည်သရုပ်ဆောင်က ပွဲတိုင်းမှာ ကမှာပဲလို့ ပြောတယ်။ ဒီလိုဆိုရင်တော့ ပွဲကို မလုပ်နိုင်တော့ဘူး”
          ယူတီကာအရပ်ဖက်က စတိတ်ရှိုးပွဲ မဖြစ်တော့သည့်အကြောင်းကို မျက်မြင်တဦးက မိုးမခကို ပြောပြခြင်း ဖြစ်သည်။
          “နည်းအမျိုးမျိုးနဲ့ သည်စတိတ်ရှိုးပွဲတွေကို မဖြစ်ဖြစ်အောင် လုပ်နေတာကို တွေ့ရတယ်။ အိုရီဂွန်ဖက်မှာ ဆိုရင် ပွဲမှာ အဲသည်နအဖသရုပ်ဆောင် မပါဘူးပေါ့။ နောက်ပြီး ပွဲဝင်ငွေကို ကော်မရှင်တွေ ခွဲယူကြမယ်ပေါ့။နောက်တော့ ပွဲသွင်းဖို့ ဒေါ်လာ ၃ ထောင် လောက်ပဲ ပေးပါပေါ့။ ဒါမျိုးအထိ လိုက်ညှိတယ် ကြားတယ်။ ဒါပေမယ့် အိုရီဂွန်ဖက်က လူတွေက မလုပ်ဘူးလို့ ငြင်းလိုက်တယ် ပြောတယ်” ဟု မိုးမခမိတ်ဆွေတဦးက သတင်းပေးသည်။
          “အစက ဒီလိုနအဖ လက်ကိုင်တုတ် ဆိုတဲ့ မင်းသမီးမျိုးကို အဖက်လုပ်ပြီး ဆန္ဒပြတာ ကန့်ကွက်တာမျိုး စိတ်ထဲမှာ မရှိပါဘူး။ ပွဲကြည့်ချင်သူတွေကိုလည်း ဘယ်လိုမှ သဘောမထားဘူး။ နောက်ပိုင်းကျတော့ ပွဲစီစဉ်သူတွေကော၊ အဖွဲ့အစည်းတွေကော၊ ဟိုက ဒီက အမျိုးမျိုး ပြောလာတာတွေ ဖြစ်လာတယ်။ အဲသည်လိုမျိုးကတော့ သွေးရိုးသားရိုးလို့ မယူဆနိုင်တော့ဘူး။ ဒါကြောင့် ဒီလိုစတိတ်ရှိုးတွေကို ကျနော်တို့က အများကြီး စဉ်းစားရတယ်။ စောင့်ကြည့်ရတယ်” လို့ မိုးမခမိတ်ဆွေက ဆက်လက် မှတ်ချက်ပေးသည်။
          လာမည့် စက်တင်ဘာ ၁၉ တွင် မြန်မာနိုင်ငံရေးဒုက္ခသည် အများစုနေထိုင်ရာ ကော်လိုရာဒိုပြည် အော်ရိုရာမြို့တွင် အဆိုပါ စတိတ်ရှိုး ကျင်းပရန် ကြေညာချက် ထုတ်ထားပြီး ဖြစ်သည်။ ပထမ ဘုန်းကြီးကျောင်း ရန်ပုံငွေအတွက် ရုံသွင်းရန် ဖြစ်ပြီး ၀ိုင်းဝန်းဆွေးနွေးမှုများကြောင့် ဘုန်းကြီးကျောင်းရန်ပုံငွေ မဖြစ်တော့ဘဲ အခြားအဖွဲ့တခုက ရုံသွင်းရန် လွှဲပြောင်းရယူခဲ့သည်ဟု ဆိုသည်။
          “စစ်အစိုးရရဲ့ ၀ါဒဖြန့်လက်ကိုင်တုတ် အသေးအမွှားလေးတခုကိုတောင် မဆန့်ကျင်ရဲမှတော့ စစ်အစိုးရကိုယ်တိုင်ကြီးကို ဘယ်လိုလုပ် ဆန့်ကျင်ရဲတဲ့ စိတ်၊ ရှင်းလင်းပြတ်သားတဲ့ စိတ် ရှိနိုင်ပါ့မလဲ …” ဟု မိုးမခစာဖတ်ပရိသတ်တဦးက ရန်ကုန်မြို့မှ စာရေးသားပေးပို့ပြီး ၎င်းထင်မြင်ချက်ကို ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts