>Maung Aw – SPDC’s 2010 Election

>

လိမ်ညာဦးမယ့် ဒုတိယ ရွေးကောက်ပွဲ … (ဆွေးနွေးခန်း)

မောင်သြ

စက်တင်ဘာ ၈၊ ၂၀၁၀

ဘကြီးမိုးထံ မရောက်တာကြာပြီဖြစ်၍ နံနက်တိုင်း လမ်းလျှောက်ရာမှ စကားပြောရန် ဝင်ရောက်ခဲ့သည်။ အဆင်သင့်ပင် ခြံထဲတွင် ထိုင်နေသော ဘကြီးမိုးကို တွေ့လိုက်ရသည်။

ဘကြီးမိုး။ ။ လာဟေ့ … မောင်စိုး မင်းလည်း မလာတာ ကြာပြီ အတော်ပဲ၊ ၂၉.၇.၁၀ နေ့က ထုတ်တဲ့ နအဖ သတင်းစာက ကျော်မြင့်နိုင်ဆိုတဲ့ လိပ်ဖားရှင်တဦးရဲ့ဆောင်းပါး ဖတ်ပြီးရောပေါ့ကွာ။ ဆွေးနွေးကြရအောင် …။

မောင်စိုး။ ။ အား … ဘကြီးမိုးပြောတဲ့ ဆောင်းပါးကို မဆွေးနွေးမီ လိပ်ဖား ဆိုတဲ့အဓိပ္ပာယ်ကို ရှင်းစမ်းပါဦး ဘကြီးမိုးရဲ့။

ဘကြီးမိုး။ ။ မင်းလည်း ဒုန်းဝေးသကိုးကွဲ့။ လိပ်ဖားဆိုတာ ခြောက်ကောင် ဂျင်ဝိုင်းက လိပ်နဲ့ဖား မဟုတ်ဘူး။ ကိုယ့်ဘက် ကိုယ်ယက်တဲ့လိပ်၊ အာဏာရှင်ကို ဖားတဲ့ ဖား ကွ … ဟဲ … ဟဲ သိပြီလား၊ ဒီကောင်တွေက နအဖဆီက အခွင့်အရေးယူပြီး ဖော်လံဖား လန်ကြုတ်ဆောင်းပါးတွေ ရေးနေတာ ကြာပြီ။

မောင်စိုး။ ။ ရှင်းပါပြီဗျာ … ဒါနဲ့ စကားမစပ် ဘာကိစ္စ ဆွေးနွေးမှာတုန်း ဘကြီးမိုး။

ဘကြီးမိုး။ ။ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ဦးဆောင်ရေး ဆိုတဲ့ အချက်ကို မင်း ဘယ်လိုမြင်သလဲ …။

မောင်စိုး။ ။ ကျွန်တော်နားလည်တာက ဒီမိုကရေစီစစ်စစ် နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုရင်တော့ ပြည်သူက ရွေးတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်သားကိုယ်စားလှယ်ပေါ့ ဘကြီးမိုးရာ၊ အဓိက ပြည်သူ့ ကိုယ်စားလှယ်များကသာ ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်ဦးဆောင်ရမယ်၊ ပြည်သူ့ကိုယ်စားလှယ်၊ ပြည်သူ့ ခေါင်းဆောင်များက ဦးဆောင်ပါဝင်မှ ပြည်သူက ဆင်းသက်တဲ့ ပြည်သူ့အစိုးရ ဒီမိုကရေစီကျမှာပေါ့၊ တပ်မတော်ကတော့ ဒုတိယ အဆင့်ပေါ့ဗျာ၊ အာဏာရှင် တပ်မတော်ကသာ ဦးဆောင်မှုအခန်းက ပါဝင်နေရင်တော့ မျောက်ကား အထက် ဘုရားက အောက် ဖြစ်နေမှာပေါ့။

ဘကြီးမိုး။ ။ အေး … မင်းအယူအဆတွေ တိုးတက်လာပြီပဲ … ဟဲ ဟဲ ကြိုးစား ကြိုးစား၊ ငါလည်း အဲဒါပြောချင်တာ ကွ။ စစ်သည်အင်အား ၄၊ ၅ သိန်းလောက်ရှိတဲ့ တပ်မတော်အဖွဲ့အစည်းလေးက ကိုယ်စားလှယ်တွေထက် သန်း ၅၀ ကျော် ရှိတဲ့ ပြည်သူတွေထဲက ကိုယ်စားလှယ်တွေက ပညာတတ်၊ ပညာရှင်တွေ ဂုဏ်သိက္ခာရှိတဲ့သူတွေ၊ နိုင်ငံရေးအမြင်မှာ ထက်ထက်မြက်မြက် ရှိသူတွေက ပိုပြီး ဦးဆောင်နိုင်စွမ်းရှိကြမှာပေါ့။

တပ်မတော်ကို မပါရဘူးလို့တော့ မဆိုလိုပါဘူး။ တိုင်းပြည်ရှိရင် တပ်မတော်ဆိုတာ ရှိမှာပဲ။ ဒူးနေရာဒူး တော်နေရာ တော် သူ့နေရာနဲ့သူတော့ ရှိရမှာပေါ့။

မောင်စိုး။ ။ ကျွန်တော် လက်ခံပါတယ်။ ပြီးတော့ လွှတ်တော်တိုင်းမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ ၂၀၁၈ ခုနှစ် အခြေခံဥပဒေကြီးကိုက ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အာဏာရှင် သက်ဇိုးရှည်ရေးနဲ့ ရာသက်ပန် စစ်အုပ်ချုပ်ရေးကို ဇောင်းပေးနေသလို ဖြစ်နေတယ်။

ဘကြီးမိုး။ ။ အေး … မင်းသဘောထားကို ပြောကြည့်စမ်းပါဦး။

မောင်စိုး။ ။ ကျွန်တော်တို့ တိုင်းပြည်ကို နှစ်ပေါင်း ၅၀ နီးပါး၊ ၁၉၆၂ ခုနှစ်ကပဲ ဆိုပါတော့ဗျာ စစ်တပ်က အာဏာ လက်ကိုင်ပြီး အုပ်ချုပ်ခဲ့တာ ပထမ ၁၉၆၂ မှ ၁၉၈၈ ထိ ၂၆ နှစ်တိုင်တိုင် တပ်မတော်အစိုးရ။ နောက် တပ်မတော်မှ ဘောင်းဘီချွတ် မဆလ (ဦးနေဝင်း အစိုးရ)၊ နောက် ၁၉၈၈ စက်တင်ဘာလမှာလည်း (နဝတ) တပ်မတော်အစိုးရ အာဏာသိမ်း။ နောက် နအဖ တပ်မတော် ..။ ဒီမှာလည်း နအဖက ဘောင်းဘီချွတ် ကြံ့ဖွတ် ဝန်ကြီးချုပ် ဦးသိန်းစိန် အစိုးရအဖွဲ့။ ဦးသိန်းစိန်ဆိုတာကလည်း အသစ်ကျပ်ချွတ် ဘောင်းဘီချွတ် ဗိုလ်ချုပ်ကြီး လတ်လတ်ဆတ်ဆတ်နဲ့ ကြံ့ဖွတ် ဥက္ကဋ္ဌ ယူထားသူ၊ တပ်မတော်က ကျောထောက်နောက်ခံ ကြိုးဆွဲပြီး ဒီမိုကရေစီအင်အားစု အင်အယ်လ်ဒီအဖွဲ့နှင့် ၈၈ ကျောင်းသားအဖွဲ့အစည်းတွေကို နှိပ်ကွပ်ဖြိုခွင်းဖို့ ကျောသပ် လက်သပ် မွေးထားတဲ့ မင်းမဲ့စရိုက်နဲ့ လူသတ်သမားအသင်း၊ ဒါတင်မက ဘုရားသားတော် ရဟန်းသံဃာတော်များကိုပါ ရိုက်နှက်သတ်ဖြတ် ဖမ်းဆီထောင်ချခဲ့လို့ ပဉ္စ နန္တရိယ ကံထိုက်သူအဖြစ် ပြည်သူတွေက စက်ဆုပ်ရွံ့ရှာ မုန်းတီးနေသူ အာဏာလက်ကိုင်နဲ့ ကြံ့ဖွတ်ပါတီအတွက် စည်းရုံးနေသူ။

ဘကြီးမိုး။ ။ အေး … အေး မင်း ဆိုချင်တာက အခုလည်း တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်းကြီးတွေကို ဘောင်းဘီချွတ် အရပ်ဝတ်လဲပြီး ရွေးကောက်ပွဲ ဝင်။ နိုင်လည်းနိုင်၊ ရှုံးလည်းနိုင် ဆိုပြီး ပြည်သူကို မျက်လှည့်ပြဦးမယ် ဆိုတဲ့ သဘောပေါ့။

မောင်စိုး။ ။ မျက်လှည့်ပြရုံတင် ဘယ်ဟုတ်မလဲ၊ ဉာဏ်နီဉာဏ်နက်တွေနဲ့ ကလိန်ကျဦးမယ်၊ ကြည့်လေ … လွှတ်တော်ထဲမှာ ဘောင်းဘီဝတ်တပ်မတော်က ၂၅ ရာခိုင်နှုန်း အသေယူထားတယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ ဘောင်းဘီချွတ် တပ်မတော် (ကြံ့ဖွတ်ပါတီ) က အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် (နိုင်လည်းနိုင်၊ ရှုံးလည်းနိုင်) ယူထားဦးမယ်။

တပ်မတော်က ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ဖွတ်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်း (အတုအယောင်) တွေရဲ့ ကိုယ်စားလှယ်တွေ၊ အခြား လက်သပ်မွေးထားတဲ့ တပည့်တပန်း အဖွဲ့တွေနဲ့ ပေါင်းလိုက်ရင် တပ်မတော် ဦးဆောင်မှု လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မှာ ၈၀ ရာခိုင်နှုန်းလောက် ယူထားမှာ သေချာတယ်။ အတိုက်အခံအရပ်သား စစ်စစ်က ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်လိမ့်မယ်၊ ဒါက ကျွန်တော့်အမြင်ပါ။

ဘကြီးမိုး။ ။ မင်းအမြင်အရ တွက်ချက်ပုံအရဆိုရင် လွှတ်တော်ထဲမှာ တပ်မတော်နဲ့ ကြံ့ဖွတ်တွေပဲ လွှမ်းမိုးနေတယ်။ တပ်မတော် စစ်အုပ်ချုပ်ရေး သက်ဇိုးရှည်ဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကြီးကိုလည်း ထိလို့မရ၊ ပြင်လို့မရ ဖြစ်နေမယ်။ အခြား ကျန်တဲ့အရပ်သား ပါတီကိုယ်စားလှယ်တွေကလည်း လွှတ်တော်ထဲမှာ ပြောသာပြော မောရုံပဲ အဖတ်တင်မယ်။

ပြီးတော့ ရွေးကောက်ပွဲမကျင်းပမီကလည်း တပ်တော်နဲ့ ကြံ့ဖွတ်ပဲ။ ရွေးကောက်ပွဲပြီးတော့လည်း ကြံ့ဖွတ်နှင့်တပ်မတော်ပဲ အုပ်ချုပ်သွားမှာ ဆိုတော့ ငါ ထပ်ဖြည့်ပြောလိုက်မယ်၊ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်နှင့် ကြံ့ဖွတ်များ ပါဝင်ရေးလို့ ပြောရင် မှားမလား။

မောင်စိုး။ ။ ဘယ်မှားပါ့မလဲ ဘကြီးမိုးရေ … ဒါကြောင့် လွတ်လပ်ပြီး တရားမျှမှုမရှိတဲ့ ရွေးကောက်ပွဲရလာဒ်ကို အမြင်ရှင်းရှင်နဲ့ တိတိကျကျ ကြိုသိနိုင်မယ့် ပါတီခေါင်းဆောင်တွေဟာ ညီညီညွတ်ညွတ်နဲ့ အင်အယ်လ်ဒီရဲ့ သပိတ်မှောက်ရေးလမ်းစဉ်ကို လိုက်နိုင်ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံကြီးဟာ စစ်အာဏာရှင် စစ်ကျွန်လက်အောက်ဘဝက လွတ်မြောက်နိုင်မှာ သေချာပါတယ်။

ဘကြီးမိုး။ ။ အေး … ငါကတော့ ဆရာရွှေတိုင်ညွန့်ရေးတဲ့ ဇာတိမာန်သီချင်းထဲက စာသားလေးကိုပဲ ကောက်နုတ်ပြောလိုက်ချင်တယ်ဟေ့ …

“အောက်ကျမခံဘူးဟေ့ အမျိုးသားတို့ရေ

အောက်ကျမခံဘူးဟေ့ အမျိုးသမီးတို့ရေ

မြန်မာပေါင်း အကြောင်းသိ၊ အာဇာနည်တွေ၊ ရွှေမှန်ကင်းအချင်းတို့ရေ အာဇာနည်တွေ၊ တိုင်းပြည်လုံးပဲ နယ်လုံးပဲ ညီညွတ်ကြစေ …”

သရုပ်ဖော် – အောင်ထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts