>election guy

>

ရွေးကောက်ပွဲ ၀င်မယ့် လူကြီးလူကောင်း ရဲ့ အမျိုးသား နိုင်ငံရေး
ဂျီးဒေါ်လှိုင်
စက်တင်ဘာ ၇၊ ၂၀၁၀(သူနှင့် သာဂိ အပြန်အလှန် ပြောခန်းကို အသံထွက်ပြီး ဖတ်ရန် ဂျီးဒေါ်လှိုင်က အကြံပေးထားသည်။ ဖတ်ရ အဆင်ပြေကြစေရန် စကားသံအတိုင်း ရေးလိုက်သည်ဟုလည်း ဆိုသည်။)

တနေ့ တ၌ ဂျီးဒေါ် တယောက် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေလေ၏။ စကော တချပ်တွင် ဆန်များကို သွန်ထဲ့လိုက်ရင်း “ရွေးကောက်စရာကတော့ စပါးလုံး နဲ့ကျောက်ခဲပဲ ရှိမှာပါလေ” လို့ ညည်းတွေးလေး တွေးမိ ရှာ၏။ မျက်မှန် ထူထူကြီး အောက်မှ မျက်လုံးများသည် သူ့ရွေးကောက်ပွဲ အခင်းအကျင်းထဲမှ ကြွက်ချေး တချို့ တလေကိုလည်း မြင်မိအောင် မြင်လိုက်လေရာ သနားစိတ် ပိစိကွေးမျှ ပေါ်မိပေသေး၏။ ကြွက်ချေးလေးများကား သနားစရာ ကောင်းလှတော့၏။ သူတို့ ခမျာ စပါးလုံးတို့ ကျောက်ခဲ တို့လို အမာခံများ မဟုတ်လေရှာသဖြင့် စကော၏ တထောင့် တနေရာမှ အရွေး ခံရနိုးဖြင့် စောင့်ဆိုင်းနေရရှာလေ၏။

ထို စဉ် …”ဂျီးဒေါ်…ဂျီးဒေါ်” ဟူသော အသံပြဲကြီးဖြင့် တူတော်မောင် သာဂိ တယောက် အော်ကြီး ဟစ်ကျယ် ၀င်လာရာ..

“အမလေး.. သာဂိရယ်… ဘာတွေများ အလန့်တကြား အော်လာရသတုံး”

“ရွေးကောက်ပွဲ သတင်းဗျ… ရွေးကောက်ပွဲသတင်း…”

“တော်စမ်းပါ.. သာဂိရယ်..။ သတင်း မဟုတ်တာတွေ လာပြောမနေနဲ့..။ ငါ့ရွေးကောက်ပွဲနဲ့ငါ အလုပ် ရှုပ်နေတာ…။ နင်တို့လိမ်ဆင်တွေ စိတ် မ၀င်စားဘူး…”

“ဒီမှာ.. ဂျီးဒေါ်ရေ .. ကျနော်တို့ မြို့က ဖွတ် အမတ်လောင်း….. ဦးပြောင်ကြီး တယောက် …အသည်း ကွဲသွားတဲ့ သတင်း… ဗျ”

“ဟဲ့ … ပလုတ်တုပ်… သူ့ အသက် အရွယ်ကြီးနဲ့ ဘယ်လိုဖြစ်လို့ အသည်းကွဲရသတုံး.. စည်းရုံးရေး ဆင်းတုံး ဘယ်ရွာက လေးဂွနဲ့ ဆော်လိုက်လို့တဲ့လဲ… မထိတ်သာ မလန့်သာ..။ ဒီ… ဦးပြောင်ကြီး ကလည်း ..ဟိုတခါ ..သရက်သုံးပင် ညီလာခံ ဆိုလား…သွားသွား ငိုက်.. အဲလေ … တက်ကတည်း က… သူ့ကုန်စုံဆိုင် ၀ယ်သူ မရှိ ရတဲ့ ကြားထဲ…”

“သြော် .. ဂျီးဒေါ် ရယ်။ ဇာတ်လမ်းက အဲဒီ သရက်သုံးပင် ညီလာခံက စတာဘဲ။ ဦးပြောင်ကြီးက အဲဒီ ညီလာခံ တက်ရကတည်းက မြို့မိ မြို့ဖ ..မြို့ ခြေ မြို့ လက်..မြို့နားရွက် လုပ်နေတာ..။ သူ့ စိတ် ထဲ ..ဒီ ညီလာခံကြီး … သူ့တသက် မပြီးဘူး မှတ်ထားတာ…။

ညီလာခံ ဆိုတာကြီးက ရုတ်တရက် ပြီးသွားတော့ သူလည်း မျောက်သစ်ကိုင်း လွတ်…။ ဘာလုပ်ရမှန်း မသိတာနဲ့ …ညီလာခံတုန်းက သိခဲ့ ကျွမ်းခဲ့ ရတဲ့ လူကြီး လူကောင်းတွေ ဘောင်းဘီ ၀တ်သလို ၀တ်..ပြီး ပေါင်းရင်း သင်းရင်း…။ ညနေ ညနေ တုတ်တံကလေး တခု ကိုင်၊ အိတ်ကလေး လွယ်ပြီး.. အဲဒီ လူကြီးတွေ နဲ့ ..လိုက် လိုက် သွားရာက…ဂေါက် ရောဂါ ရပြန်ရော.. ..”

“ဟေ … ဂေါက် ရောဂါ ရပြီး.. အသည်း ကွဲ သွားတာလား”

“ဂျီးဒေါ်ကလည်း.. ဝေးလိုက်တာ…ဂေါက်ရောဂါ ဆို တာ…. ဂေါက်သီး ရိုက် တာဗျ..ဂေါက်ကွင်းကို သွားတဲ့ လူကြီးလူကောင်းတွေနဲ့အတူ လမ်းက ကေတီဗွီဆိုင်မှာ ၀င် ၀င် ကဲ ကြတာပေါ့ဗျာ။ အဲဒီ မှာ… ကေတီဗွီဆိုင်က ကာရာအိုကေမလေး နဲ့ ညိသွား ရော…”

“ဗုဒ္ဒေါ… ဒီလူကြီး သေခါနီးကြီးက … ဟုတ်ပါ့မလား သာဂိရယ်။ သူ့ မှာ သားကြီး မယားကြီးနဲ့ပါ ဟဲ့။ နေဦး… နင်တို့ ပြောတဲ့ ရွေးကောက်ပွဲ အတွက် ကေတီ ဗွီ ဆိုင်ကို စည်းရုံးရေး ဆင်းတာ ထင်ပါတယ် ဟယ်..”

“သြော်.. ဂျီးဒေါ်ရယ်.. ကျားကိုက်ပါတယ် ဆိုမှ. အပေါက်ကလေးနဲ့လား တဲ့..။ ခု ခေတ်ကြီးက.. မီဒီယာခေတ်.. ဂျီးဒေါ်ရဲ့ မီဒီယာခေတ်.. ။ သူ ညဉ့်နက်သန်းခေါင် ကေတီဗွီ သွားပြီး ကာရာအိုကေ မလေး နဲ့ ကဲနေတာတွေ ဘယ်သူက ဓာတ်ပုံရိုက် လိုက်သလဲ မသိ။ လက်ကိုင်ဖုန်းတွေနဲ့ အချင်းချင်း ပုံတွေ ပို့နေကြတာ သူ့ဓာတ်ပုံက တမြို့ လုံးကို ပွ နေဘီ.. ဟီး..ဟီး။ စည်းရုံးရေးဆင်းနည်း တမျိုး ပေါ့.. ဟီး ဟီး..ဟီး”

“အံ့ ဖွယ်သုတ ပါလားကွယ်”

“နောက်ဆုံးတော့ … မြို့ထဲ သူ့သတင်းတွေ ပျံ့နေလွန်းလို့ သူတို့ အဖွဲ့က ဦးပြောင်ကြီး မသိအောင်.. တိတ်တဆိတ် စီစဉ် … ကာရာအိုကေမလေးကို ငွေပေးပြီး နယ်နှင်လိုက်ရသတဲ့..။ ဒါတောင် သူတို့ အဖွဲ့က လူတွေက ကောင်မလေးကို သိန်း ၂၀ ပေးမယ် လို့ အစည်းအဝေးဆုံး ဖြတ်ချက် ချထားပေမယ့် ကောင်မလေးကတော့ ၁၀ သိန်းပဲ ရသွားသတဲ့….။ အခုတော့ ဦးပြောင်ကြီး အသည်းတွေ ဟက်တက် ကွဲနေရှာ သတဲ့… ဂျီးဒေါ်ရေ..”

“ကောင်မလေး သနားပါတယ်ကွယ်”

“အေးလေ ဗျာ… ။ အဲဒီလူ.. မြို့ မျက်နှာဖုံးစွပ်… ဖွတ်ကောင်ကြီးဗျ..။ တခါက .. ကျနော် သူ့ကို မေးဖူးတယ်။ ခင်ဗျား.. ပါတီ ထောင်မှာလား လို့ ဆိုတော့… ပါတီ နိုင်ငံရေးထက် အမျိုးသား နိုင်ငံရေးပဲ လုပ်မယ်တဲ့… အလကား… လူလိမ်ကြီး”

“ဟဲ့ … သာ ဂိ ရယ်။ ဒီ တခါ … နင် … ဝေးသွားဘီ….။ ဟုတ်တယ်လေ … ဂေါက် ရိုက်တယ်..။ ကေတီ ဗွီ သွားတယ်…။ ကာရာ အိုကေမလေးတွေ နဲ့ .. ကဲ တယ်။ အဲ ဒါ … အမျိုးသား ….. နိုင် ငံ ရေး မဟုတ်လို့ … ဘာတုံးးးး”

“ဂိန်”

[တိုက်ဆိုင်မှုရှိလျှင် ထိုသူ့ကို ရည်ရွယ်ပါသည်]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts