>Mar Mar Aye – 345

>

“ပြောစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၄၅)

ဂီတနှင့် ဖြည့်ဆည်းမှု
မာမာအေး
စက်တင်ဘာ ၃၊ ၂ဝ၁၀
၂၀၁၀ တောင်ပြုန်းပွဲတွင် တွေ့ရသော အနယ်နယ်အရပ်ရပ်မှ ရိုးရာ ထိန်းသူများ၊ ယခုတပတ် အစီအစဉ်တွင် ဒေါ်မာမာအေးက တောင်ပြုန်းမင်းညီနောင် သီချင်းအကြောင်း ပြောပြထားသည်။ (ဓာတ်ပုံ – မိုးမခ)


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံးမာအေးရဲ့ အသံလေး ကြားရတဲ့အခါအမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ဒီကနေ့ ခါတိုင်းလိုပဲ ဆုတောင်းခဲ့တာ မလုံလောက်ဘူး ထင်တယ်ရှင့်။ မာအေးတို့ကို မျက်စေ့ပွင့် နားပွင့်စေအောင် ကိုယ့်မိခင်ဘာသာနဲ့ ဆောင်ရွက်ပေးခဲ့တဲ့ BBC မြန်မာပိုင်း အစီအစဉ် စခဲ့တာ နှစ် ၇၀ ပြည့်တာ ဒီနေ့ စက်တင်ဘာလ ၂ ရက်နေ့ တဲ့။ BBC လက်ဟောင်းကြီးတွေအသံ ပြန်လည် နာခံရဖို့ အထူး စီစဉ်နေတဲ့လေ။ မာအေးက ၇ နှစ် သမီးပဲ ရှိသေးတော့ ကိုယ့်ထက် BBC ၀ါရင့်ကြီးတွေရော BBC မြန်မာပိုင်း အစီအစဉ်ရော အနောဒိဿ သြဒိဿ မေတ္တာ ပို့သလိုက်ပါတယ်ရှင်။ အသက်ရှည် ကျန်းမာ ဣစ္ဆိတာ ချမ်းသာရွှင်ပြ နိဗ္ဗာန်ရကြပါစေသောဝ်။

ကဲ – ကဲ – နှုတ်ဆက်တဲ့ မင်္ဂလာ အားလုံးကို ပေးပြီးပြီ ဆိုတော့ ကိုယ့်ကိစ္စကိုယ်ဆက်ပြောဦးမှ။ နတ်တို့အကြောင်း သိကောင်းစရာတွေကို စထားတာမို့ ဖြတ်မချရဲပါဘူး။ နတ်လိုမှ ဂြိုဟ်မသတဲ့နော။ တကယ်လလည်း စာနဲ့ပေနဲ့ ရာဇ၀င်တော်ကြီးတွေမှာပါ တရားဝင် ပါနေတဲ့ ပုပ္ပါးတို့ တောင်ပြုန်းတို့က နတ်မိသားစုတွေကြောင့် ဒီကနေ့အထိ ကျော်ကြား လှုပ်ရှား ပြန့်ပွးခဲ့တာလို့ ယူဆနိုင်ချေ ရှိပါတယ်။

တကောင်းပြည်သား ပန်းပဲဆရာ မောင်တင့်တယ် တဖြစ်လဲ ပုပ္ပါးတောင်ပိုင် ‘မင်းမဟာဂီရိ’ အမည်ရှိတဲ့ နတ်မင်းမှာ ကြင်ယာဇနီး ရှုမငြီးတဲ့ နှစ်မများ၊ သားများသာမက တူမလေးပေါက်စန ‘ရွှေနဲသခင်မ’ အထိ နတ်မိသားစု ကြီးပါတယ်။

တောင်ပြုန်းအရှင်သခင် ကိုယ်တော်ကြီးနဲ့ကိုယ်တော်လေးတို့မှာလည်း ဖခင်နဲ့ မိခင် မိသားစုတွေတင်မက ဦးရီးတော် ကိုဗျတ်ဝိ နဲ့ ကိုယ်တော်တို့ရဲ့ အထိန်းတော်တွေပါ တထောကြီး နတ်စာရင်းမှာ တွေ့ရပါတယ်။ အဲဒီ ရွှေဖျဉ်းညီနောင်ရဲ့ အဖြစ်သနစ်ကို ဂီတစာဆိုလင်းခေးလုင် မှတ်တမ်းတင် ရေးဖွဲ့ခဲ့တဲ့ သီချင်းတွေလည်း ကျန်ရစ်ခဲ့ပါတယ်။ နားဆင်ကြဦးပေါ့။ နားဆင်တဲ့အခါမှာသာ အတော အခုလေးတွေကို ဂရုစိုက် နားထောင်လိုက်ဖို့ မမေ့ပါနဲ့။ ပြောပြစရာ ရှိလို့ပါရှင်။

xxx အနုရုဒ္ဓါ ဒေ၀ရာဇာ၊ ခေါ်ယူမြှောက်စားလို့သာ ရွှေပင်နားတော့ ရွှေကျေးပါ ကလေးအရွယ်မှာပင် ဓားခုတ် လှံထိုး မြင်းစီး အမျိုးမျိုး မြင်သူတကာ ရင်သပ်ရှုမော တကယ်ပင် အံ့သြလောက်စရာ ပေါက္ကာရာမ သာစွဌာနီမှာ xxx

ဘုရင် အနော်ရထာ စွယ်တော်ပင့်ဖို့ ဂန္ဓလရာဇ်သို့ ချီတော်မူစဉ်အခါ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ်ရဲ့ အံ့မခန်း အစွမ်းပါ xxx ညသန်းခေါင်ယံမှာ အလုံပိတ်ထား မြို့တံခါးကို ခုန်ပျံကျော်လွှား ‘ဥတည်ဘွား’ ကို ထုံးသုံးချက် တားကာ ခါးပမ်းမှာ စာတမ်းထိုးခဲ့တာ xxx
[တောင်ပြုံးမင်းညီနောင် သီချင်းမှ]


ဒီသီချင်းလေးရဲ့ နာမည်က ‘တောင်ပြုန်းမင်းညီနောင်’ လို့ ခေါ်ပါတယ်။ ဒီ နတ်မင်း နှစ်ပါးဟာ ပန်းတော်ဆက် အိန္ဒိယနွယ်ဖွား ကိုဗျတ္တ နဲ့ ယက္ခ အနွယ်ဝင် ပုပ္ပားတောင်ကလပ်ကက သခင်မ မယ်ဝဏ္ဏ တို့ရဲ့ ရင်သွေးများ ဖြစ်ကြောင်း ကြားဖူးပြီးသားနေမှာပါနော်။

ကိုယ်တော်တို့ မွေးစမှာ အနော်ရထာမင်းကြီးက အဖိုးတော်တဲ့ အနေနဲ့ ရွှေဖျဉ်းအိုးတလုံးစီ လက်ဆောင်ပေး မွေးစားတာကို အကြောင်းပြုပြီးတော့ ရွှေဖျဉ်းကြီး နဲ့ ရွှေဖျဉ်းလေးလို့ အမည် တွင်ခဲ့ပါတယ်။ ငယ်စဉ်ကပဲ နန်းထဲ ခေါ်ထား သင်ကြားစေခဲ့တာကြောင့် ဓားခုတ်လှံထိုး အမျိုးမျိုးမှာ ကျွမ်းကျင်ခဲ့လေတော့ ဘုရင်မင်းမြတ် သွားတော်မူရာ လိုက်ပါနေကြရရှာတာပေါ့ရှင်။

အနော်ရထာ ဘုရင်မင်းမြတ်ဟာ ဗုဒ္ဓကို လေးလေးမြတ်မြတ် ယုံကြည် သက်ဝင်လာတဲ့အလျောက် မွန်ဘုရင်ဆီမှာ ဗုဒ္ဓပိဋကတ်တော်တွေ သွားရောက် ပင့်ဆောင်ခဲ့တာလိုပဲ ဂန္ဓလရာဇ်ပြည်က ဘုရင် ဥတည်ဘွားဆီကိုလည်း ဗုဒ္ဓရဲ့ စွယ်တော်မြတ်ကို ပင့်ဆောင်ဖို့ရာ သွားခဲ့ပါတယ်။ အဲဒီမှာ မြို့တံခါးကို အလုံပိတ် စွယ်တော် ပေးပါ့မယ် ခေါင်းမညှိမ့်တာနဲ့ ညီနောင် နှစ်ဖြာ တာဝန်ကျပါရော – – ။ သူတို့ ခုန်ပေါက် ပျံလွှား အရောက်သွားခဲ့တာ ဥတည်ဘွား စက်ခန်းဆောင် တဲ့။ ထုံးသုံးချက်တောင် တားခဲ့သေးသတဲ့။ အစွမ်းကလေး ပြရုံ ရှိပါသေး။ ထားပါတော့၊ ပြောစရာ ရှိတဲ့နေရာ ကြုံလာလို့ပါ။

တခါက သီချင်းစပ်ထားတဲ့ အကြောင်းအရာနဲ့ လိုက်ဖက်အောင် ဂီတ တီးကွက် တီးလုံးတွေနဲ့ စီစဉ် ဖြည့်ဆည်းတတ်တဲ့ အနုပညာဈာန် ထရန်းပက် ၀င်းဦးမှာ ရှိတယ်။ စီစဉ်တတ်တယ်၊ ဘယ်လိုဟာမျိုးလည်း ကြုံလာရင် ပြောပေးမယ်လို့ စကား ဖြတ်ထားခဲ့ဖူးတာမို့ အခု ပြောမှာပါရှင်။

ကိုဗျတ်ဝိနဲ့ ကိုဗျတ္တတို့ ညီအကိုဟာ မုန်တိုင်းကြောင့် သင်္ဘောပျက်ပြီး မွန်တို့ ဒေသကို ရေနဲ့မျောပါလာတာ တဲ့။ သူတို့ကို ကယ်တင် မွေးမြူထားတဲ့ ဘုန်းတော်ကြီးရဲ့ ဇော်ဂျီဖိုဝင်သားကို ခိုးစားပြီး ပေါက်မြောက်ကုန်ကြတာလို့ ဆိုပါတယ်။ မယုံရင် ပုံပြင်လို့ မှတ်ကြတာပေါ့နော။ သူတို့ဟာ ဘင်္ဂလားပင်လယ်က မျောလာတာ ဆိုတော့ အာပနားလေးတွေ ဖြစ်မှာပေါ့လေ။ ဒါကြောင့် ဂီတမှူး ၀င်းဦးက အတော နေရာမှာ ကုလားဗုံ တာပလာ ဒိုးချက်မျိုး ထည့်တီးစေပါတယ်။

*[အတောတီးလုံး အသံ] ဒီအတောတီးလုံးကို ပြောတာပါ။ နောက်ပြီးတော့ – –
ဥတည်ဘွားကို ထုံးတားတဲ့ နေရာမှာ ဒီတီးလုံးမျိုး ဖန်တီးပေးထားပါတယ်။
*[တရုတ်သုံး ဂီတသံ နှဲအတော] တရုတ်ဂီတမှာ သုံးတဲ့ လင်ဗန်းသံ၊ စည်အသေးမျက်နှာပြင်ကို ခေါက်တဲ့ အသံတွေ ကြားလိုက်ရဲ့ မဟုတ်လား။ ခိုးဝင်ရတာကို နိမတ်ပြ သိစေတဲ့ မြန်မာတို့ရဲ့ ‘ချွတ်’ စည်းချက်မျိုး သုံးတယ်။ စိတ်လှုပ်ရှားစေတဲ့ ဒရမ်ကြီးတွေ လှိမ့်တဲ့ အသံမျိုးတွေနဲ့ ပံ့ပိုး ဖြည့်ဆည်းပေးတော့ အဓိပ္ပာယ်ကို ကြွတက်စေတာပေါ့ရှင်။

မာအေးပြောချင်တာက ဒီသီချင်းကို အတီးဘက်ကလည်း လိုက်ဖက်တဲ့အာရုံ ဆွဲဆောင်မှု ရအောင် လုပ်လို့ရတယ် ဆိုတဲ့ အကြောင်းပါ။ တချို့က ဆန်းရင်ပြီးရော ဆိုပြီး သီချင်းနဲ့ တော်၏မတော်၏ မကြည့်တော့ဘဲ စမ်းသပ်ကြတော့ ကောင်းတာတောင် ပျက်သွားတတ်လို့ နားထောင်တဲ့သူတွေလည်း ပိုသိရအောင်လို့ ပြောတာပါနော်။

(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts