>
Blue Wind အမျိုးသမီး အနုပညာ လက်ရာစုံပြပွဲ
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၃၊ ၂၀၁၀
အမျိုးသမီး အနုပညာရှင်များ၊ ကဗျာဆရာမ၊ ဂျာနယ်လစ်၊ ဒါရိုက်တာ၊ စာရေးဆရာမများ စုပေါင်းပြီး ပန်းချီကား၊ အင်စတောလ်လေးရှင်း အတ်(တ)၊ ဓာတ်ပုံ၊ ဓာတ်ပုံ သတင်း ဆောင်းပါး (ဖိုတိုအက်ဆေး)၊ သတင်း မှတ်တမ်း ရုပ်ရှင် စသည့် လက်ရာ မျိုးစုံကို ရန်ကုန်မြို့ မဟာစည် သာသနာ့ ရိပ်သာလမ်းရှိ တကောင်း ဂယ်လာရီတွင် ယမန်နေ့က စတင် ပြသခဲ့သည်။ ပြပွဲကာလ ၅ ရက်ကြာမည် ဖြစ်သည်။
(ဖိုတိုအက်ဆေး နှင့် ဂရပ်ဖစ်အတ် လက်ရာများအား ကြည့်ရှုနေကြသူများ)
ပန်းချီဆရာမ မစန္ဒာခိုင်၊ မကြူကြူ၊ ၊ မပန်၊ အင်စတော်လေးရှင်း အနုပညာရှင် မိုချာ၊ လွတ်လပ်စိုး (ဆရာမောင်ဝံသ သမီး) ဓာတ်ပုံဆရာမ စိုးမြန်မာ၊ ဒါရိုက်တာ ကြည်ဖြူရှင်၊ ဂျာနယ်လစ်ထဲမှ မွန်မွန်မြတ်၊ မေသင်္ကြန်ဟိန်၊ အိမ့်ခိုင်ဦး အစရှိသူတို့ အပြင် အခြားသော အမျိုးသမီး အနုပညာရှင်တို့၏ လက်ရာများ ပါဝင်သည်။
ယခုပွဲကို စီစဉ်သူမှာ အနုပညာရှင် တစ်ဦး ဖြစ်သူ မဖြူမွန် ဖြစ်သည်။
စက်တင်ဘာ ၃ ရက်နေ့တွင် ကဗျာ ရွတ်ဆိုခြင်း၊ ၀တ္တုဖတ်ခြင်း စသည့် အစီအစဉ်များလည်း ရှိသည်ဟု သိရှိရသည်။
လာရောက်အားပေး ကြည့်ရှုသူများပြားသည်ကို တွေ့ရပြီး “မြန်မာ့အသံ နိုင်ငံတကာ” တီဗီရုပ်သံကလည်း လာရောက် ရိုက်ကူးလျက်ရှိသည်ကို တွေ့ရသည်။
(တာဝန်ရှိသူများက ပြပွဲစစ်ဆေးအပြီး ပြသခွင့် လက်မှတ်ကို ပြပွဲစီစဉ်သူ မဖြူမွန်လက်သို့ ပေးအပ်နေစဉ်)
မြန်မာနိုင်ငံတွင် မည်သည့် ပြပွဲမဆို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ ပြပွဲခွင့်ပြုရန် တင်ပြရသည်။ ထိုဌာနက ပြပွဲမတိုင်မီ သွားရောက် စစ်ဆေးပြီး နိုင်ငံရေးရည်ရွယ်ချက် ရှိသည်ဟု ယူဆသည့် လက်ရာများအား ပြသရန် မသင့်ဟု ဆုံးဖြတ်လျှင် ထိုလက်ရာများကို ဖြုတ်ပယ်ပေးရသည်။
( ပြပွဲ အတွင်းမြင်ကွင်းနှင့် လာရောက်ကြည့်ရှုကြသူများ )
(လာရောက်ကြည့်ရှုသူများနှင့် အပြင်မြင်ကွင်း၊ စာရေးဆရာမ မိချမ်းဝေ၊ ကဗျာဆရာ မောင်လင်းရိပ်၊ စာရေးဆရာမ သန်းမြင့်အောင် ၊ ဆရာမ ခင်မြဇင် စသည်…)
(ပန်းချီဆရာမ စန္ဒာခိုင်၏ လက်ရာ တစ်ခု)
ဖိုတိုအက်ဆေး တစ်ခုမှ နေမကောင်းဖြစ်သဖြင့် ဆေးသောက်နေသည့် သီလရှင်ငယ် ဓါတ်ပုံ
ပန်းချီဆရာမ စန္ဒာခိုင်၏ လက်ရာများ
အင်စတောလ်လေးရှင်း လက်ရာ တစ်ခု (လက်ရာရှင် ဌေးဌေး)