>Regime’s Propaganda Movie caused controvarsy among overseas Burmese in USA

>

စစ်အစိုးရ၀ါဒဖြန့်ကားကြောင့် အမေရိကန်မြန်မာများအတွင်း

ကန့်ကွက်ဆန္ဒပြမှုများ၊ အငြင်းပွားမှုများနဲ့ ဂယက်ထ
မိုးမခအထောက်တော် ၀၀၂
သြဂုတ် ၃၀၊ ၂၀၁၀
          ၂၀၁၀  ခုနှစ်အတွင်း စစ်အစိုးရရွေးကောက်ပွဲကဲ့သို့ လူအများ အာရုံစိုက်ပြီး လှုပ်ရှားမှုအရှိဆုံး သတင်းတခုကို ပြပါဆိုရင် စစ်အာဏာရှင်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ဇာတ်ကားတခုဖြစ်တဲ့ အရုဏ်ဦးမှာ ဖူးသည့်ကြာ ဖြစ်တယ်လို့ မိုးမခမိတ်ဆွေတဦးဖြစ်သူ ကိုကျော်က ထောက်ပြပါတယ်။
အဲသည်ဇာတ်ကားမှာ ပါတဲ့ သရုပ်ဆောင်တွေထဲက အချို့ ပြည်ပဖျော်ဖြေပွဲတွေမှာ လိုက်ပါလာတဲ့အခါ ပြည်ပရောက်မြန်မာများအနက်က ဒီမိုကရေစီရေး လှုပ်ရှားသူ၊ စိတ်ဝင်စားသူ အချို့က သွားရောက် ကန့်ကွက်၊ ဆန္ဒပြခဲ့ကြပါတယ်။
လာမည့် စက်တင်ဘာ ၄  – ဆန်ဖရန်မှာ တပွဲ၊ စက်တင်ဘာ ၁၁ – အယ်လ်အေမှာ တပွဲ ကျင်းပဖို့ ရှိပြီး အယ်လ်အေပွဲမှာ အရုဏ်ဦးမှာဖူးသည့်ကြာ ဇာတ်ကားထဲက သရုပ်ဆောင် ပါဝင်ဖျော်ဖြေမှာ မဟုတ်ဘူးလို့ ကြော်ငြာထုတ်ထားပါတယ်။ ဆန်ဖရန်က ပွဲမှာတော့ အဆိုပါ သရုပ်ဆောင် ပါဝင်မည် ဆိုသည်ကို အခုထိ အတည်ပြုလို့ မရသေးပါဘူး။ စက်တင်ဘာ ၁၈ ၀န်းကျင်မှာတော့ ကိုလိုရာဒိုပြည်နယ်မှာ တပွဲ ရှိတယ်လို့ သိရပါတယ်။

“စစ်အစိုးရရဲ့ ၀ါဒဖြန့်ဇာတ်ကားတွေ မြန်မာရုပ်မြင်တို့ မြ၀တီတို့မှာ ဖြန့်ချိခဲ့ဘူးတယ်။ ပြည်တွင်းမှာ ပရိသတ်က အဲသည်လို ကန့်ကွက်ခွင့်၊ ဆန္ဒပြခွင့် ဗြောင် လွတ်လွတ်လပ်လပ် လုပ်ခွင့်မရှိဘူး။ ဒါပေမယ့် အဲသည်အစိုးရ ၀ါဒဖြန့်ကားတို့ သီချင်းတို့ ဆိုတဲ့သူတွေဟာ ပရိသတ်ရဲ့ ချစ်ခင်မှု လေးစားမှုတွေ လျော့ကျသွားတာကို ခံကြရတာတော့ အမှန်ပဲ ဖြစ်တယ်။ ဒီတခေါက်မှာတော့ ပြည်ပမှာ တိုးပွား ကျယ်ပြန့် အခြေချလာတဲ့ မြန်မာအသိုင်းအ၀န်း ရှိလာတဲ့အတွက် ပြည်ပက ပရိသတ်ထဲကနေ အခုလို ကန့်ကွက်တာ၊ ရှုတ်ချတာတွေ မြင်ရ ကြားရလာတာ ဖြစ်တယ်” လို့ မြန်မာပြည်က အလည်လာသူ ကိုငြိမ်းချမ်းက ပြောပါတယ်။

ဇူလိုင်လကုန်က ၀ါရှင်တန်ဒီစီ ဒေသက မြန်မာတွေ ထိုဝါဒဖြန့်သရုပ်ဆောင်တွေ၊ ဆောင်ရွက်သူတွေကို အမေရိကန်ပြည်ဝင်ခွင့် ဗီဇာပိတ်ပြီး အရေးယူပါ ဆိုပြီး အမေရိကန်အစိုးရထံ စာရေးသား တောင်းဆိုခဲ့ကြပါတယ်။ သြဂုတ်လဆန်း လန်ဒန်မှာ ဆန္ဒပြပွဲနဲ့ ကန့်ကွက်ခဲ့ကြတာက အစပြုပြီး သည်ကိစ္စနဲ့ပတ်သက်ပြီး ရေဒီယို အင်တာဗျူးတွေ၊ ဆောင်းပါးတွေ၊ အီးမေးချင်း ဆွေးနွေး ငြင်းခုံကြတာတွေ ဖြစ်ပေါ်လာပါတယ်။
စစ်အစိုးရရဲ့ ဖိအားကြောင့် ၀ါဒဖြန့်ကားမှာ မဖြစ်မနေ ပါဝင်ခဲ့ရသူတွေကို နားလည်ပေးဖို့၊ စစ်အစိုးရကိုသာ တိုက်ရိုက်ဦးတည်ကြဖို့၊ စစ်အစိုးရရဲ့ လက်ကိုင်တုတ်ဖြစ်ကြရသူတွေကို မီးခိုးကြွက်လျှောက် မလိုက်နေဖို့ စသည်ဖြင့် ပြောဆိုကြသလို၊ စစ်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်ပတ်သက်သူတွေကို လက်မခံနိုင်ကြောင်း ကန့်ကွက် ဆန္ဒပြကြရမယ်၊ ရှုတ်ချကြရမယ်လို့လည်း တဖက်က ပြောလာပါတယ်။ ဒါ့အပြင် ထိုသရုပ်ဆောင်တွေကို အမေရိကန်ပြည်အရောက် တာဝန်ယူ ပွဲသွင်းတဲ့သူတွေကိုပါ ပြစ်တင်တာတွေ၊ ဒေသခံပွဲသွင်းတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကိုပါ ဝေဖန်တာတွေအထိပါ ထိုကိစ္စက မြန်မာအရေးစိတ်ဝင်စားသူ အသိုင်းအ၀န်းထဲမှာ ရိုက်ခတ်ခဲ့ပါတယ်။
အဲဒါကြောင့် သြဂုတ်လအတွင်းမှာ ဘတ်ဖဲလိုးမြို့နယ်က မြန်မာပြည်အရေး တက်ကြွလှုပ်ရှားသူအချို့က သူတို့အရပ်မှာလုပ်တဲ့ စတိတ်ရှိုးပွဲကို ဆန္ဒပြကန့်ကွက်ခဲ့ပြီးနောက်ပိုင်းမှာ မင်နီဆိုးတားနဲ့  အယ်ဘနီမြို့တွေမှာလည်း စတိတ်ရှိုးကို ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာပြည်က ရွှေ့ပြောင်းလာတဲ့ မြန်မာနိုင်ငံရေးဒုက္ခသည်များ၊ တိုင်းရင်းသားများ နေထိုင်ရာ ဖို့ဝိန်းမြို့မှာတော့ စတိတ်ရှိုးပွဲကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ နယူးယောက်မြို့ကြီးက ပွဲတော်ကတော့ အဆင်ပြေစွာနဲ့ ကျင်းပဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်ကြားတာကတော့ ဒီဖျော်ဖြေရေးခရီးစဉ်ကို စီစဉ်ထားတာက ဒီဇာတ်ကားဂယက် မဖြစ်ခင် ၄၊ ၅ လ ၆ လ လောက် ကတည်းကလို့ ထင်တယ်။ ဗီဇာတွေ ပွဲတွေ ချိတ်ထားပြီးမှ အခုလို ၀ါဒဖြန့်ဇာတ်ကားကို လူတွေကြားထဲ ပြောဆိုလာကြတော့ အခုလိုမျိုးတွေ ဖြစ်ကုန်ကြတယ်လို့ မြင်တယ်။ စီစဉ်သူတွေက စီစဉ်ပြီးပြီ။ ၀ါဒဖြန့်ကားထဲက လူတွေကို ကန့်ကွက်ချင်တဲ့သူတွေအနေနဲ့ကလည်း ဒီအချိန်မှာ ဆန္ဒပြဖို့ ကန့်ကွက်ဖို့ အချိန် အဆင်သင့် ဖြစ်သွားတယ်။” လို့ ကိုကျော် က ထင်မြင်ချက်ပေးပါတယ်။
အယ်လ်အေက စတိတ်ရှိုးပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီး ဒေသခံတဦးကို မေးမြန်းကြည့်ရာမှာ –
“ကျနော်တို့ကတော့ စစ်အစိုးရရဲ့ လုပ်ကြံဖန်တီးထားတဲ့ ၀ါဒဖြန့်ကားကို ရှုတ်ချတယ်။ အဲဒီကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကိုလည်း အဲသည်လို ပါဝင်ခဲ့တဲ့အတွက် ကန့်ကွက်တယ် ဆိုတာကို ထုတ်ဖော် ပြသချင်တယ်။ ပွဲစီစဉ်သူတွေကိုလည်း ရှင်းလင်းပြောပြပါတယ်။ ပုဂ္ဂိုလ်ရေးတွေ ဘာတွေ မရှိပါဘူး။ ပွဲစီစဉ်သူက အဲသည်သရုပ်ဆောင်ကို ပွဲထဲမှာ မထည့်ထားဘူး လို့ ပြောပြပါတယ်။ ကျနော်တို့ဆီကတော့ ဆန္ဒပြဖြစ်မယ် မထင်ဘူး။ ဒါပေမယ့် အနုပညာရှင်တွေအားလုံးကို ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံပြီး ကျနော်တို့ဆန္ဒပြကန့်ကွက်တဲ့အကြောင်းကို ရှင်းပြချင်ပါတယ်။ ကျနော်တို့က အသားလွတ်ကြီး ရန်လိုနေတယ်၊ ရန်စနေတယ်လို့ အထင်မှားမသွားစေချင်ဘူး။” လို့ ပြောပါတယ်။
အခုလို စတိတ်ရှိုးပွဲတွေ၊ ကြည့်ချင်ပွဲတွေကို ပြည်ပက မြန်မာအသိုင်းအ၀န်းတွေကြားထဲ ပွဲသွင်းပြသပြီး စီးပွားရှာတာ၊ ရန်ပုံငွေ ရှာတာက မဆန်းပါဘူး။ ရုပ်ရှင်၊ ဂီတနဲ့ သဘင်ပညာသည်တွေ အမေရိကန်ပြည်ကို လာရောက်လည်ပတ် သီဆို ဖျော်ဖြေလေ့ ရှိပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး ပွဲသွင်းအတွေ့အကြုံရှိသူ နယူးယောက်မြို့က မိတ်ဆွေတဦးကို မေးကြည့်တဲ့ အခါ …
“ပွဲသွင်းနေကြ ၀ါရင့်တဲ့သူတွေ ရှိပါတယ်။ ဥပမာ အယ်လ်အေမှာ ဆိုရင် မသီတာ ဆိုတာ ရှိတယ် ကြားဖူးတယ်။ ဒီမှာလည်း သူတို့မိတ်ဆွေ အသိုင်းအ၀ိုင်းတွေ ရှိတယ်။ မနှစ်က R ဇာနည် လာတယ်။ ဟိုတခေါက်က လေးဇီးကလပ်တဖွဲ့လုံး လာတယ်။ အမေရိကန်ပြည် မြို့တွေက အဖွဲ့တွေ၊ ၀ါသနာရှင်တွေ၊ ရန်ပုံငွေ ရှာချင်တဲ့သူတွေက ဒီအစီအစဉ်ကိုလည်း ကြိုတင်ပြီး အစောကတည်းက ရက်ချိတ်တာ၊ ပွဲကန်ထရိုက်ဆွဲတာတွေ လုပ်ခဲ့ပြီးပြီနဲ့ တူတယ်။ အခုလိုမျိုး အငြင်းပွားစရာတွေ ဖြစ်လာတော့ တချို့နယ်တွေမှာ ဒေသခံတွေက ဘေးကြပ်နံကြပ် ဖြစ်ကုန်ကြတာပေါ့။ ကိုယ့် ကွန်မြူနီတီ မိသားစုတွေ၊ မိတ်ဆွေတွေ အချင်းချင်းမှာ၊ ကြားထဲမှာ ဒီဝါဒဖြန့်ဇာတ်ကားရဲ့ ဂယက်ကြောင့် ပွဲဆူသွားတာပေါ့။ ဒါပေမယ့် နယူးယောက်ပွဲကတော့ လူ ၇၀၀ လောက် လာတယ် ကြားတယ်။ ဆန္ဒပြတဲ့ အစီအစဉ် မကြားမိဘူး။ အချင်းချင်းတွေ ဆွေးနွေးကြတယ်လို့လည်း ပြောသံကြားတယ်” လို့ ပြောပြပါတယ်။
ဆန်ဖရန်စစ္စကိုက ဒေသခံတဦးက မိုးမခကို ပြောကြားရာမှာတော့ ပွဲသွင်းတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေကို ဦးတည်ပြီး သဘောထားကို ပြောသွားတာကို တွေ့ရပါတယ်။ ၎င်းက ပြောကြားရာမှာ …
“ ပွဲကြည့်ချင်တဲ့ ပရိသတ်က တပိုင်းပေါ့ဗျာ။ တချို့ကျတော့လည်း အဲသည်လိုမျိုး အငြင်းပွားစရာဖြစ်နေတဲ့ ပွဲကို အင်တင်တင် ဖြစ်သွားကြတယ်။ တချို့ကျတော့လည်း ဒီလိုမျိုး အရေးကိစ္စတွေ စိတ်မ၀င်စားဘူး။ မကြားဖူးဘူး။ ဘာဆိုင်လို့လဲ ပေါ့လေ။ ဒါမျိုးပြန်မေးတယ်။ ကျနော်တို့ဆီက မြန်မာဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ အချို့ပေါ့လေ … ကျနော်အပါအ၀င်ကတော့ ဒီပွဲကို အားမပေးနိုင်ဘူးပေါ့နော်။ ကန့်ကွက်မယ် ဆိုရင်လည်း ကန့်ကွက်ပါတယ်။ နောက်ပြီးတော့ နောက်တခုအနေနဲ့ကတော့ သည်ပွဲကို သွင်းတဲ့သူတွေထဲမှာ အရင်က ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့သူတွေ၊ နိုင်ငံရေးတက်ကြွခဲ့ကြသူတွေ ပါဝင်နေတယ် ဆိုရင် သူတို့အနေနဲ့ ဘယ်လိုမျိုး သဘောထားသလဲ ဆိုတာကို ပြန်မေးချင်တယ်။ မိတ်ဆွေတွေအနေနဲ့ မေးလာရင် ဘယ်လို ဖြေမှာလဲ။ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေးဇာတ်ကားရဲ့ ဂယက်ကတော့ ဂယက်ပဲ။ ခင်ဗျားတို့ကို ဘယ်လို ရိုက်ခတ်သလဲပေါ့ … မေးကြည့်ချင်ပါတယ်။” 
လို့ ပြောပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts