>Khin Khin Lay

August 30, 2010

>နိုင်ငံရေးနဲ့ စာပေအနုပညာ (၇၃)

ပထမဆုံး ခေတ်သစ် အမျိုးသမီး စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး
ထိန်လင်း
သြဂုတ် ၃၀၊ ၂၀၁၀
ဒဂုန်ခင်ခင်လေး (ဓာတ်ပုံ – shwezinu.com)


ပုဂံခေတ်က စပြီး စာပေ အရေးအသား ထွန်းကားခဲ့တဲ့ မြန်မာပြည်မှာ ကျောက်ထက် အက္ခရာ ရေးထိုးတဲ့ခေတ်၊ ပေထက် အက္ခရာ တင်တဲ့ခေတ်တွေ စသဖြင့် ခေတ်တိုင်းရဲ့ စာပေရေးသားမှုထဲမှာ အမျိုးသမီးများရဲ့ ကမ္ပည်းတင် ရေးသားမှုတွေ ပါဝင်ခဲ့ပါတယ်။ ဆုတောင်းစာ အစရှိတဲ့ ကမ္ပည်းတင် ရေးထိုးမှုများကနေ စာဆိုတော်အဖြစ် ကဗျာလင်္ကာတွေ ရေးသားဖွဲ့သီမှုကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိခဲ့တာကတော့ အင်းဝခေတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသား အမျိုးသမီး စာဆိုအများစုက နန်းတွင်းစာဆိုတွေသာ ဖြစ်ပါတယ်။

ခေတ်ပေါ်စာပေ အရေးအသားများ ထွန်းကားလာတဲ့ ၂ဝ ရာစု အစပိုင်းမှာပဲ အမျိုးသားတွေနဲ့ အတူ အမျိုးသမီး စာပေပညာရှင်တွေ ပေါ်ထွက်ခဲ့သလို၊ ကိုလိုနီခေတ် လွတ်လပ်ရေးတိုက်ပွဲ အပါအဝင် ခေတ်တိုင်းမှာ အမျိုးသမီးများရဲ့ ပါဝင်စွမ်းဆောင်မှုတွေက စဉ်ဆက် မပြတ်ခဲ့ပါဘူး။ ဒီလို သမိုင်းမှတ်တိုင်များအတွင်းမှာ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီး ပါရမီရှင်တွေ၊ ပညာရှင်တွေ၊ အာဇာနည်တွေလည်း ရှိခဲ့ပြီး အချို့သော ပုဂ္ဂိုလ်များက ခေတ်ဟောင်းကို တော်လှန်ပြီး ခေတ်သစ်ကို ဦးတည်နိုင်တဲ့ လုပ်ဆောင်မှုတွေကိုတောင် ဖန်တီးစွမ်းဆောင်နိုင်သူများ ဖြစ်ပါတယ်။

၂ဝ ရာစု မြန်မာစာပေလောကရဲ့ ပထမဆုံး အမျိုးသမီး စာရေးဆရာမကြီးကတော့ ဒဂုန်ခင်ခင်လေး ဖြစ်ပါတယ်။ ရှေးခေတ် မြန်မာ့လူနေမှုစနစ် အတွင်း မိန်းကလေးဆိုရင် စာရေးဆရာ ဖြစ်ဖို့မဆိုထားနဲ့ စာဖတ်ရင်တောင် ခြင်ထောင်ထဲမှာ ပုန်းရှိုးကွယ်ရှိုး ဖတ်ရသလို၊ ကလောင်ကိုင်ရင်ပဲ ရည်းစားစာ ရေးတယ်လို့ အရိုးစွဲနေတဲ့ အယူအဆတွေနဲ့ ချုပ်ချယ်တားမြစ်ကြတဲ့ အနေအထားကနေ ဒီလို ထွက်ပေါ်လာခဲ့တာဟာ တော်ရုံ အားထုတ်မှုနဲ့ မရပါဘူး။

ပထမ အမျိုးသမီး ကာလပေါ် ဝတ္ထုတိုဆရာ၊ ပထမ အမျိုးသမီး ရုပ်ရှင်ဝတ္ထုနှင့် ဇာတ်ညွှန်းရေးဆရာ၊ ယုဝတီကလောင်ရှင် အမျိုးသမီးများကို မွေးထုတ်ပေးသူ၊ အမျိုးသမီးကလောင်ရှင်အဖွဲ့ကို ဦးဆောင်ခဲ့သူ၊ မြန်မာစာရေးဆရာမများ၏ မိခင် စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ချီးမြှောက်ဂုဏ်ပြုခြင်း ခံရတဲ့ ဆရာမကြီး ဒဂုန်ခင်ခင်လေးကို ၁၉ဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မန္တလေးမြို့မှာ မွေးဖွားခဲ့ပြီး ၁၉၈၁ ခုနှစ် ဇွန်လ ၂၃ ရက်က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ဖခင်က ရဲအင်စပက်တော် ဦးမြတ်ကျော် ခေါ် ဦးမောင်မောင်ကျော် ဖြစ်ပြီး မိခင်က ဝက်မစွတ်မြို့စား ‘မင်းထင်မဟာစည်သူ’ ဘွဲ့ခံ ဦးလတ်ရဲ့ သမီးလတ်ဖြစ်သူ ဒေါ်ခင်ခင်လတ် ဖြစ်ပါတယ်။

အဘိုးဖြစ်တဲ့ ဝက်မစွတ်မြို့စားမင်းက မြေးဖြစ်သူကို ချစ်လွန်းလို့ အဘွားရဲ့ အမည်အတိုင်း ခင်လေးခင် လို့ မှည့်ခေါ်ခဲ့ပေမယ့် အဘိုးအဘွားအမည်ကို ကိုယ့်အမည်အဖြစ် အသုံးပြုရင် ရိုင်းရာကျမှာစိုးလို့ ‘ခင်ခင်လေး’လို့ အမည်ပြောင်းလဲခဲ့ပါတယ်။ ပဒေသရာဇ်ဆန်တဲ့ မှူးမတ်မျိုးရိုးက ဆင်းသက်လာတဲ့ ဆွေမျိုးအသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ရပေမယ့် ဘုရားချင်း မျိုးမွှန်အောင် ထူးနေရတဲ့ အစဉ်အလာကို လက်မခံသလို၊ ဘုရားတရားနဲ့ ပတ်သက်တဲ့စာကလွဲလို့ ဘယ်စာမှာ မဖတ်စေလိုတဲ့ အသိုင်းအဝိုင်းကြားမှာပဲ စာရေးဆရာမတစ်ဦး ဖြစ်လာတာဟာ ဒဂုန်ခင်ခင်လေးရဲ့ ထက်မြက်မှုနဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။

ကျောက်ပန်းတောင်း၊ မကွေး၊ ရွှေဘို တို့မှာ ပညာသင်ကြားခဲ့ပြီး အသက် ၁၂ နှစ်အရွယ်မှာ စတင် ရေးသားပေးပို့ခဲ့တဲ့ ‘နဲ့နဲ့’ ဆိုတဲ့ ဝတ္ထုတိုကလေးက သူရိယမဂ္ဂဇင်းရဲ့ ဝတ္ထုတိုပြိုင်ပွဲမှာ အကောင်းဆုံးအဖြစ် အရွေးခံရပြီး ၁၉၁၇ ခုနှစ်ထုတ် သူရိယမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၆ မှာ ဖော်ပြခံခဲ့ရပါတယ်။ သူရိယ မဂ္ဂဇင်းမှာ ဝတ္ထုတိုတွေ ဆက်လက်ရေးသားခဲ့ပြီး ၁၉၂ဝ ပြည့်နှစ်က စပြီး ဒဂုန်မဂ္ဂဇင်းမှာ ဆောင်းပါးတွေ၊ ဝတ္ထုတိုတွေ ရေးသားခဲ့ပါတယ်။ ကလောင်အမည်လည်း ဒဂုန်ခင်ခင်လေး ဖြစ်လာပါတယ်။

ဒဂုန်ခင်ခင်လေးရဲ့ ကလောင်အမည်တွေကတော့ ကလောင်ရှင်တစ်ဦး၊ K.L.K (ကုမ္မာရီ)၊ K.L.K (Mandalay)၊ ကိုကိုလေး၊ ကုမ္မာရီ၊ ခင်ခင်လေး၊ ခင်လေး၊ ဒဂုန်ခင်ခင်လေး၊ နားကြီးမျက်စိကြီး၊ မြကလောင်၊ ယုဝတီလေးနီ၊ ယုဝတီအယ်ဒီတာတစ်ဦး၊ ရတနာပုံ ထိပ်တင်လှိုင်၊ ရေနန်းသူဇာ၊ ရွှေကလောင်၊ အာဘောင်နီ တို့ ဖြစ်ပါတယ်။ (K.L.K ဆိုတာ သူ့အမည် ခင်လေး နဲ့ ကုမ္မာရီ ကို အတိုကောက်ပြုထားတာလို့ သိရပါတယ်။)

အသက် ၁၇ နှစ်အရွယ် ၁၉၂၁ ခုနှစ်မှာတော့ ‘မိန်းကလေးများသာ ဦးစီးထုတ်ဝေသည်’ လို့ ကြော်ငြာခဲ့တဲ့ ‘ကြည်တော်ဆက်’ဝတ္ထုမဂ္ဂဇင်းကို ဦးစီးထုတ်ဝေခဲ့ပါတယ်။ ဒီမဂ္ဂဇင်းဟာ မြန်မာအမျိုးသမီး စာရေးဆရာတွေ ဦးစီးထုတ်ဝေတဲ့ မဂ္ဂဇင်းတွေထဲမှာ အစောဆုံး ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ မြန်မာအဆွေ ကုမ္ပဏီအတွက် ရုပ်ရှင်ဇာတ်ညွှန်းတွေ စတင် ရေးသားခဲ့ပြီး ဒဂုန်ခင်ခင်လေး ဆိုတဲ့ အမည်က ပိုပြီး ထင်ရှားလာပါတယ်။

၁၉၂ဝ ကျောင်းသားသပိတ်အတွင်း ဝံသာနု နိုင်ငံရေးဆောင်းပါးတွေကို ဗန္ဓုလဂျာနယ်၊ ဗဟိုရ်စည်ဂျာနယ်၊ ဟုမ္မရူးသတင်းစာတို့မှာ ရွှေကလောင်၊ မြကလောင် ဆိုတဲ့ ကလောင်အမည်တွေနဲ့ ရေးသားခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြင်းထန်လာတဲ့အခါမှာတော့ ဆရာမကြီးက သူ့ဝတ္ထုတွေကို ထုတ်ဝေပေးတဲ့ ဝဇီရာမဏ္ဍလ ပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ရွက်ရဲ့ ဟုမ္မရူးသတင်းစာမှာ ‘ဟုမ္မရူးလမ်းညွှန်’ အခန်းကို လျှို့ဝှက်နာမည်နဲ့ ရေးသားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ခါနီးမှာ ဖက်ဆစ်ဆန့်ကျင်ရေးကို ဦးတည်တဲ့ ‘စစ်ရောင်ခြည်’ နဲ့ ‘ကမ္ဘာ့ရန်သူ’ဝတ္ထုတို့ကို ရေးသားခဲ့ပြီး ၁၉၃၇ ခုနှစ်မှာ နယ်ချဲ့ဆန့်ကျင်ရေးကို ဖော်ကျူးတဲ့ ‘တောတွင်းသူပုန်’ ဆိုတဲ့ ဝတ္ထုကို ရေးသားခဲ့တဲ့အတွက် အင်္ဂလိပ်အစိုးရရဲ့ သတိပေးခြင်းကို ခံခဲ့ရပါတယ်။ ၁၉၃၃ မှာ ထုတ်ဝေခဲ့တဲ့ ရွှေစွန်ညို ဝတ္ထုဟာလည်း နယ်ချဲ့ဆန့်ကျင်ရေး ဝတ္ထုဖြစ်ပါတယ်။

ဒဂုန်ခင်ခင်လေးဟာ တိုင်းပြုပြည်ပြုပုံနှိပ်တိုက်၊ ဒဂုန်ခင်ခင်လေး စာအုပ်တိုက်တို့ကို ထူထောင်ပြီး စာပေထုတ်ဝေရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့သလို ဗမာ့ခေတ်သတင်းစာ၊ ယုဝတီ နေ့စဉ်သတင်းစာ၊ ယုဝတီဂျာနယ် များကိုလည်း ထုတ်ဝေခဲ့ပါတယ်။ ယုဝတီဂျာနယ်ကနေ ယုဝတီကလောင်ရှင်ဘွဲ့၊ ယုဝတီဘွဲ့တွေ ချီးမြှင့်ပြီး အမျိုးသမီး ကလောင်ရှင်အများအပြားကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒါကို ကလောင်အမည်ရှေ့မှာ ယုဝတီ တပ်ပြီး ဒီကနေ့အထိ စာပေရေးသားနေတဲ့ အမျိုးသမီး စာရေးဆရာတွေက သက်သေခံနေပါတယ်။ စာရေးဆရာမကြီး စောမုံညင်းကလည်း သူ့ရဲ့ ‘ဗမာအမျိုးသမီး’ စာအုပ်မှာ ဒဂုန်ခင်ခင်လေးကို မိခင်ကြီးအဖြစ် သုံးနှုန်းရေးသားခဲ့တာ တွေ့ရပါတယ်။

ဆရာမကြီး ဒဂုန်ခင်ခင်လေးဟာ အမျိုးသမီးကလောင်ရှင်အဖွဲ့ကို ထူထောင်ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အပြင် စာရေးဆရာအသင်းရဲ့ အမှုဆောင်အဖြစ်လည်း အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာစာကော်မရှင် အဖွဲ့ဝင်၊ ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဆရာမကြီးဟာ ဝတ္ထု၊ ဆောင်းပါး၊ ပြဇာတ် စသဖြင့် စာပေါင်းမြောက်မြားစွာ ရေးသားခဲ့ပြီး ဒီကနေ့အထိ ထုတ်ဝေပြီးတဲ့ စာအုပ်ပေါင်း ၇ဝ လောက် ရှိပါတယ်။ စာရေးဆရာ ကျော်သန်းမြင့် (ဗန်းမော်) ရေးသားတဲ့ ‘သမိုင်းဖြစ်စဉ်ထဲက တစေ့တစောင်း ပုံရိပ်များ’ စာအုပ်မှာတော့ ဒဂုန်ခင်ခင်လေးရဲ့ စာပေသက်တမ်းတလျှောက် ဝတ္ထုတို ဝတ္ထုရှည် ၅ဝဝ ကျော်၊ ဆောင်းပါး ၁၅ဝဝ ကျော်၊ ရုပ်ရှင်ဇာတ်ညွှန်း ၁ဝ ပုဒ် ရေးသားပြုစုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂ဝဝ၃ ခုနှစ်မှာ ထုတ်ဝေတဲ့ ဒဂုန်ခင်ခင်လေး ရဲ့ ‘ရတနာပုံ၏ နိဒါန်း နှင့် နိဂုံး’ စာအုပ်အဖွင့်မှာ ဖော်ပြထားတဲ့ အတ္ထုပ္ပတ္တိမှာတော့ ဒီကနေ့ထိ သူ့လောက် စာရေးနိုင်သူ အမျိုးသမီး စာရေးဆရာမ မြန်မာစာပေလောကမှာ မပေါ်သေးဘူး လို့ ဆိုထားတာ တွေ့ရပါတယ်။ အဲဒီစာအုပ်ဟာ ရတနာပုံခေတ် မင်းတုန်းမင်းနဲ့ သီပေါမင်းတို့လက်ထက် နန်းတွင်းရေးတွေကို အဘိုးဖြစ်သူ ဝက်မစွတ်မြို့စားရဲ့ နေ့စဉ်မှတ်တမ်းကို အခြေခံရေးသားထားတဲ့ မှတ်တမ်းဖြစ်ပါတယ်။ ဒီစာအုပ်အတွင်းက မှတ်တမ်းမှတ်ရာတွေနဲ့ အရေးအသားများကို ဖတ်ရှုရင်ပဲ စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးရဲ့ အရည်အချင်းကို မှန်းဆနိုင်မှာဖြစ်ပါတယ်။ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ ရွှေစွန်ညိုဝတ္ထု၊ စာဆိုတော်ဝတ္ထု၊ နှစ်ပေါင်းခြောက်ဆယ် စာအုပ်တို့ ထင်ရှားပါတယ်။

တင်းကျပ်တဲ့ လူမှုအဝန်းအဝိုင်း၊ ရှေးရိုးစွဲ အယူအဆများစွာ ကြားက ဒဂုန်ခင်ခင်လေး လို ထင်ရှားတဲ့ စာပေအနုပညာရှင် ထွက်ပေါ်လာခဲ့တာဟာ မြန်မာအမျိုးသမီးများရဲ့ စွမ်းရည် ဘယ်လောက် ထက်မြက်တယ် ဆိုတာကို ဖော်ပြတဲ့ ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။
ကျေးဇူးတင်ပါတယ်။
ထိန်လင်း (၂၆၊ ၁၊ ၂ဝ၁ဝ)

(နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ၂၀၁၀၊ ဖေဖော်ဝါရီ ၂ ရက်နေ့ ထုတ်လွှင့်ချက်အား ပြန်လည် ဖော်ပြပါသည်)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

Archives