>Win Pe – Win Pe Bag – 98


>

ဝင်းဖေ လွယ်အိတ် ၉၈ – ဘီဘီစီ ပင်တိုင်ကဏ္ဍ
ဝင်းဖေ
သြဂုတ် ၂၉၊ ၂၀၁၀

သောတရှင်များ ခင်ဗျား။

ဝင်းဖေငယ်ငယ်က မှတ်မိနေတာတွေထဲမှာ ဝင်းဖေတို့အိမ်ကိုလာကြတဲ့ ရှေးသီချင်းကြီး သီချင်းခံတွေ ဝါသနာကြီးတဲ့ လူကြီးတွေ တီးကြ မှုတ်ကြ သီဆိုကြတာတွေ တဝါးဝါး တဟားဟား ရယ်မောကြတာတွေ၊ စားကြ သောက်ကြတာတွေ ပါပါတယ်။

ဝင်းဖေကြီးမှ ဖခင်ကြီးပြောပြလို့ ပြန်ပြီးသိရတာက အဲဒီပုဂ္ဂိုလ်တွေထဲမှာ အဆိုတော်ကြီး ဦးထွန်းအိုင်၊ စောင်းဆရာကြီး မောင်မောင်လတ်၊ ရှေ့နေကြီး ဦးခင်မောင်ထွေး၊ စောင်း ဒေါ်စောမြအေးကြည်၊ မြန်မာညွန့် ဦးချစ်မောင်၊ ဒေါ်စိန်ဦး၊ ဆရာ ဘကြီး၊ ဆရာ ဘကလေး၊ ရုံပိုင်ကြီးဦးစံဝင်း၊ စာရေးကြီး ဦးဘသင်၊ စောင်းဒေါ်မေ၊ စိန်ဗေဒါကြီး ဆိုသူတွေ ဖြစ်ပါသတဲ့။

ဒါပေမယ့် ဒီတုန်းက ဝင်းဖေက သိပ်ငယ်နေလေတော့ ကောင်းကောင်း ပြတ်ပြတ်သားသား မှတ်မိတာတော့ မဟုတ်လှပါ ဘူး။ အဲဒီထဲမှာ ခန္ဓာကိုယ် ခပ်ကြီးကြီး၊ အသားမဲမဲနဲ့ လူကြီးကိုတော့ စိန်ဗေဒါကြီးဆိုတာ မှတ်မိပါတယ်။ ဝင်းဖေ လေးငါးနှစ်သားလောက်မှာ မြမန်းဂီရိကို ကောင်းကောင်းဆိုတတ်နေပါပြီ။ တနေ့ ဝင်းဖေတို့ အိမ်ကိုရောက်နေတဲ့ ဧည့်သည်တွေကို ဆိုပြပေးဖို့ ဖခင်လုပ်တဲ့သူကခိုင်းတော့ ဝင်းဖေဆိုနေတုန်း ပတ္တလားနဲ့ တီးပေးတာ စိန်ဗေဒါကြီးကိုယ်တိုင်ပါပဲတဲ့၊ ဝင်းဖေ ကြီးမှ ဖခင်က ပြောပြတာပါ။ ဝင်းဖေရဲ့ဦးလေးတော်တဲ့ ကျော်ကျော်လှဆိုတာနဲ့ အဒေါ်လေးတော်တဲ့ အမလေးတို့မောင်နှမ ရှင်ပြုနားသမင်္ဂလာပွဲမှာ ဧည့်ခံတီးတာ စိန်ဗေဒါကြီးပါပဲ။

စိန်ဗေဒါကြီးဟာ ဘာ့ကြောင့် ဆိုင်းပညာရဲ့ဖခင်ကြီးအဖြစ် ဝိုင်းပြီး ကြည်ညိုသမုတ်ကြတာလဲ။ မြန်မာ့ဆိုင်းလောကမှာ စိန်ဗေဒါကြီးရဲ့ သားတပည့် မြေးတပည့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ အမည်ရှေ့မှာ စိန်တလုံးတပ်မှ ဆိုင်းဆရာ ဖြစ်ရတော့မလောက် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီခေတ်မှာတော့ လူငယ်တွေဟာ စိန်ဗေဒါကြီးကို သိပ်မသိကြတော့ပါဘူး။ ဒါပေမယ့် သမိုင်းဟာ သမိုင်းပါပဲ။

ဘာ့ကြောင့် စိန်ဗေဒါကြီးဟာ နာမည်ဒါလောက်ကြီးခဲ့ရတာလဲလို့မေးရင် ဆိုင်းလက်သံ ကောင်းလွန်းလို့၊ လက်သံပြောင် လွန်းလို့ပေါ့လို့ပဲ ဖြေကြတာ များတာပါပဲ။ ဒီအဖြေတွေဟာလည်း မှန်နေတာပါဘဲ။ ဒါပေမယ့် စိန်ဗေဒါကြီးရဲ့ဓာတ်ပြား သီချင်းတွေကို သေသေချာချာ နားထောင်ပြီး ခွဲခြမ်းစိပ်ဖြာကြည့်လိုက်တော့မှ စိန်ဗေဒါကြီးရဲ့ ထူးခြားချက်တခုက ဆိုင်းဝိုင်း တခုလုံးမှာပါတဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့သူ နေရာချထားဖွဲ့စည်းခြင်းဆိုတဲ့ လုပ်ရပ်တခု အထင်အရှားပေါ်လာပါတယ်။

စိန်ဗေဒါကြီးရဲ့ ဓာတ်ပြားတီးလုံးတီးကွက်တွေမှာ စိန်ဗေဒါကြီးရဲ့ ပတ်ဝိုင်းလက်သံတခုထဲက လက်ဝါးကြီးအုပ် နေရာယူပြီး လွှမ်းမိုးထားတာမျိုးမဟုတ်ဘဲ ကြေးတို့၊ မောင်းတို့၊ နှဲတို့၊ ပတ်မခြောင်တို့၊ စည်တို၊ ဗုံတို၊ ဗုံရှည်၊ သံလွင်၊ စည်းဝါး စတာတွေကို သူ့နေရာနဲ့သူ အလှည့်ပေးပြီး နေရာချစီမံခန့်ခွဲထားတာကို တွေ့ရပါမယ်။ နေရာပေးတယ်ဆိုရာမှာလည်း အပေးမှန်ဖို့ဆိုတာ အခက်အခဲတရပ်ဖြစ်ပါတယ်။ လိုပါသေးတယ်။

ဒီလို တဝိုင်းလုံးက ဂီတတူရိယာတွေကို သူ့နေရာနဲ့သူ စီမံခန့်ခွဲတဲ့ပညာကို ကမ္ဘာသုံး ဂီတမှာတော့ Musical Arrangement လုပ်တယ်လို့ ခေါ်ကြပြီး အလွန်အဆင့်မြင့်တဲ့ ဂီတချဉ်းကပ်မှုဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာ Musical Arrangement သဘောတရားကို လူငယ်ဂီတပညာရှင်တွေ အတော်ကြီးကို သဘောပေါက်လာကြပြီး အများကြီး အသုံးပြုနေကြပါပြီ။ စိန်ဗေဒါကြီးတို့ခေတ်တုန်းကတော့ အတော်ကလေး အသုံးနည်းသေးဟန် တူပါတယ်။

ဒီနေရာမှာ မြန်မာ့ဂီတသုတေသီတို့အတွက် စဉ်းစားစရာတခုကို တင်ပြချင်ပါတယ်။ မြန်မာ့ဂီတနယ်မှာ နာမည်ကြီး ထင်ရှားတဲ့ မန္တလေးမြို့ မအသင်းကြီးရဲ့ ရှေ့ဆောင်လမ်းပြ ဂီတပညာရှင် နှစ်ဦးဖြစ်ကြတဲ့ မြို့မငြိမ်းနဲ့ ဒါးတန်းဦးသန့်တို့ဟာ မြန်မာ့ရိုးရာ မဟာဂီတကိုလေ့လာဖို့ ဆိုင်းဆရာကြီး စိန်ဗေဒါနဲ့ စောင်းဆရာကြီး ဒေဝဣိန္ဓာမောင်မောင်ကြီး၊ ဣန္ဓာဒေဝ မောင်မောင်လတ်တို့ထံကို ဆည်းကပ် သင်ယူခဲ့ကြပါတယ်။ မြို့မအသင်းရဲ့ အဓိက ရည်ရွယ်ချက်တွေထဲမှာ ရှေးမြန်မာ့ရိုးရာဂီတတွေကို ကမ္ဘာ့သင်္ကေတနဲ့ မှတ်တမ်းတင် ထိန်းသိမ်းရေးနဲ့ မြန်မာ့ရိုးရာဂီတတွေကို ကမ္ဘာ့ဂီတဖွဲ့ စည်းပုံနည်းစနစ်နဲ့ သံစုံတီးဝိုင်းဖွဲ့မှု ပြုစု စမ်းသပ်ကြည့်ကြဖို့ ထိပ်တန်းက ပါဝင်ပါတယ်။

စိန်ဗေဒါကြီးကို ဒါးတန်းဦးသန့်က အိမ်တိုင်ရာရောက် ပင့်ဖိတ်ပညာသင်ယူရာမှာ အထူးသဖြင့် မြန်မာ့ဂီတဝိုင်းဖွဲ့စည်းမှု ဆိုင်းဝိုင်းကြီးမှာ ပတ်မခြောင်ရဲ့ကဏ္ဍ၊ အပို့၊ အဖြည့်၊ အဆို့၊ အပိတ်၊ ဖက်သံ၊ စွက်သံ သဘောတွေကို နားလည် သဘောပေါက်ချင်လို့ဖြစ်ကြောင်း ဒါးတန်းဦးသန့်ကိုယ်တိုင်က ဝင်းဖေတို့ကို ပြောပြခဲ့ပါတယ်။

မြန်မာ့ရိုးရာ ရှေးသီချင်းတွေကို မြို့မအသင်းကြီးက သံစုံတီးဝိုင်း စမ်းသပ်ဖွဲ့စည်းမှုပြုရာမှာ မြန်မာ့ဆိုင်းဝိုင်းက ပတ်မခြောင် အထာတွေ အမြောက်အများကို အသုံးပြုတာ အထင်အရှား တွေ့နိုင်ပါတယ်။ မြန်မာ့ဂီတမှာက ကမ္ဘာ့ဂီတမှာ Harmony နဲ့ Rhythm လို့ ခေါ်တဲ့ ဖက်သံစွက်သံနဲ့ စည်းဝါးပိုင်းကို ပတ်မခြောက်မှာ အများဆုံးတွေ့ကြရလို့ပါပဲ။

မြို့ မငြိမ်းကတော့ စိန်ဗေဒါကြီးနဲ့ အိမ်ချင်းကပ်လျှက်နေသူ ဖြစ်ပါတယ်။ ဇမ္ဗူကျွန်းလုံးလို သီချင်းခံကြီးတပုဒ်ကို စောင်းနဲ့ သင်ယူရာမှာ နေ့ဝက်နဲ့ အပြီးတတ်မြောက်သူဖြစ်ပါတယ်။ စိန်ဗေဒါကြီးက အလွန်ချစ်တဲ့ လူငယ်ကလေးတယောက် ဖြစ်ပါသတဲ့။ မြို့မငြိမ်းနဲ့  ဒါးတန်းဦးသန့်တို့ဟာ စိန်ဗေဒါကြီးတို့ထံက မြန်မာရိုးရာ ရှေးသီချင်းကြီးတွေကို သင်ယူကြပြီး စိန်ဗေဒါကြီးအနေနဲ့က ခေတ်လူငယ်တွေဖြစ်ကြတဲ့ မြို့မငြိမ်းနဲ့ ဒါးတန်းဦးသန့်တို့ဆီက အနောက်တိုင်း ကမ္ဘာ့ဂီတအမြင် Musical Arrangement မျိုးတူအုပ်စုဖွဲ့ခြင်း၊ အလှည့်ကျခွဲဝေခြင်း၊ ဖက်သံ၊ စွက်သံကိစ္စများ စတာတွေကို အနည်းနဲ့ အများ ကြားသိနိုင်လိမ့်မယ်လို့  ယူဆရပါတယ်။

ရံဖန်ရံခါ ဆရာများဟာ တပည့်တွေဆီက စဉ်းစားတွေးခေါ်စရာတွေရရှိနိုင်ကြမှာ သေချာပါတယ်။ ဒီလိုစဉ်းစား တွေးခေါ်ကြည့်တာဟာ စိန်ဗေဒါကြီးရဲ့သိက္ခာကို ထိခိုက်စေလိုတဲ့ရည်ရွယ်ရင်း ဝင်းဖေမှာ စိုးစဉ်းမှမရှိကြောင်းပါခင်ဗျား။ ဘာပြုလို့လဲဆိုတော့ ဝင်းဖေကိုယ်တိုင် စိန်ဗေဒါကြီးကို အလွန်ကြည်ညို လေးစားသူတယောက်ဖြစ်ခြင်းကြောင့်ပါပဲ။ ဆက်လက်တင်ပြပါ့မယ်။

ကျန်းမာ ချမ်းသာကြပါစေ။

ကျနော် ဝင်းဖေပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts