>EU need to submit UNGA Draft to take action on Burma – sources told

>

အီးယူက မြန်မာပြည်ကို ကုလစုံစမ်းရေး အဆိုတင်နိုင်ရန် နိုင်ငံတကာမိသားစုများ တိုက်တွန်း

မိုးမခအထောက်တော် ထရိုင်စတိတ်
သြဂုတ် ၂၆၊ ၂၀၁၀
လာမယ့် စက်တင်ဘာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ရာဇ၀တ်တွေ၊ လူ့အခွင့်အရေးဆိုင်ရာ ကျုးလွန်ဖောက်ဖျက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ကြရန် အဆိုတင်နိုင်ဖို့ မြန်မာပြည်ဒီမိုကရေစီရေးလိုလားသူ နိုင်ငံတကာမိသားစုများက ကြိုးပမ်း ဆောင်ရွက်နေကြပါတယ်။ အဲသည်လို အကြံပြုချက်ကို လွန်ခဲ့တဲ့ ၅ လက ယူအင်ရဲ့ အထူးကိုယ်စားလှယ် ခရီးစဉ်အပြီးမှာ တင်သွင်းတဲ့ အစီရင်ခံစာမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ယခင်နှစ်များကတည်းက မြန်မာစစ်အစိုးရရဲ့ အတိုက်အခံများ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများနဲ့ ဘာသာရေးအဖွဲ့အစည်းများအပေါ် မတရား ဖိနှိပ်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတွေအပေါ် ကုလအထွေထွေညီလာခံကြီးက နှစ်စဉ် နှစ်တိုင်း ရှုတ်ချတယ်၊ စိုးရိမ်မကင်းဖြစ်တယ်၊ ၀မ်းနည်းတယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေ၊ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးကြပါ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါဆိုတဲ့ တိုက်တွန်းချက်တွေ ထုံးစံအတိုင်း အမြဲလိုလို ဆုံးဖြတ်နိုင်ခဲ့ပေမယ့် ယခုနှစ်ကဲ့သို့ မြန်မာပြည်အပေါ် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့နိုင်ဖို့ အဆိုတင်နိုင်ခြင်း မရှိခဲ့ပါဘူး။
ဒီနှစ်မှာ ထိုမြန်မာပြည်အရေး အဆိုမူကြမ်းကို ရေးသားတင်သွင်းမှာက ဥရောပသမဂ္ဂနိုင်ငံများ အဖွဲ့ဖြစ်ပါတယ်။ အဲသည်မှာ မြန်မာပြည်စစ်အစိုးရကို ဝေဖန်အရေးယူနိုင်ဖို့ ပြတ်သားသော အဆိုတရပ် တင်သွင်းနိုင်ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ အဖွဲ့တွေက အီးယူနိုင်ငံများကို အစွမ်းကုန် တိုက်တွန်း လှုံဆော်နေကြပါတယ်။
အဲသည်လို မြန်မာပြည်အရေး စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ ကုလအထွေထွေညီလာခံမှာ အထွေထွေ အတွင်းရေးမှူးချုပ်ကို တိုက်ရိုက်ဦးတည်တဲ့ အဆိုမူကြမ်း တင်သွင်းနိုင်ဖို့ကို အမေရိကန်နဲ့ ဗြိတိန် နိုင်ငံတွေအနေနဲ့ သဘောတူ ထောက်ခံနိုင်ပေမယ့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာ တခဲနက်သော သဘောထားရှိဖို့အတွက် အရေးတကြီးလိုအပ်နေတယ် လို့ သိရပါတယ်။
“ဥရောပအီးယူက မြန်မာပြည်အရေးအတွက် အဆိုမူကြမ်းကို တင်နိုင်ဖို့ အီးယူကော်မရှင်ကို ၀ိုင်းတိုက်တွန်းကြရမယ်။ တောင်းဆိုကြရမယ်။ ရွေးကောက်ပွဲကို မျှော်လင့်တယ် ဘာညာ ဆိုတာတွေထက် မြန်မာပြည်အရေး စုံစမ်းရေးကော်မရှင်ဖွဲ့နိုင်ဖို့ ဆိုတဲ့ အက်ရှင်ပါတဲ့ အဆိုတင်နိုင်ဖို့ လိုနေတယ်” လို့ မြန်မာအရေး လှုပ်ရှားနေသူ တဦးက မိုးမခကို ပြောပါတယ်။
“အခုဆိုရင် အမေရိကန်အမတ်တွေက အမေရိကန်အစိုးရကို ဒီသဘောထားကို အကြံပြု တောင်းဆိုထားတယ်၊ အမေရိကန်အစိုးရကလည်း ကုလညီလာခံမှာ ဒီလိုအဆိုပြုချက် တက်လာရင် ထောက်ခံမယ့် သဘောရှိတယ်။ ဗြိတိန်ကလည်း ဒါကို လက်ခံတယ်။ ဥရောပမှာ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ စပိန် စတဲ့ နိုင်ငံတွေက နည်းနည်း စဉ်းစားနေတုန်းပဲ။ ဒီ အဆိုပြုချက်ကို ဥရောပအဖွဲ့တွေက တင်ရင် ကနေဒါနိုင်ငံကလည်း ထောက်ခံဖို့ လိုအပ်တယ်။ ကနေဒါကိုလည်း တိုက်တွန်းကြဖို့ အခု ဆောင်ရွက်နေကြတယ်” လို့ သူက ဆက်ပြီး ရှင်းပြပါတယ်။
အဲသည်အတွက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ ကင်ပိန်းအဖွဲ့တွေအနက် အမေရိကန်က ယူအက်စ်ကင်ပိန်းဖော် ဘားမားက ဥရောပသမဂ္ဂအဖွဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ် တိုက်တွန်းကြဖို့ သူတို့ ၀က်ဆိုက်မှာ နှိုးဆော်ထားပါတယ်။ ဗြိတိန်က ယူကေကင်ပိန်းဖော်ဘားမားကတော့ ကနေဒါနိုင်ငံက ဒီအဆိုတင်သွင်းလာရင် ထောက်ခံပေးဖို့ လှုံဆော်တာတွေ လုပ်နေကြတယ် လို့ သိရှိရပါတယ်။
“အနောက်နိုင်ငံတော်တော်များများက ဒီအဆိုတင်မှာကို ထောက်ခံကြမယ်၊ တိုက်တွန်းကြမယ် ဆိုရင် အီးယူက ဒါကို ကမကတလုပ်ပြီး အဆို (Draft) မူကြမ်းကို ယူအင်အထွေထွေညီလာခံကြီးမှာ တင်ဖြစ်မှာပဲ။ ဒါကို အများစုက ထောက်ခံကြရင် အထွေအထွေအတွင်းရေးမှူးချုပ်ကို လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ အတည်ပြု အပ်နှင်း ကြမှာ ဖြစ်တယ်။ ဒါဆိုရင် မြန်မာအရေး စုံစမ်းရေးကော်မရှင်တရပ်ကို လက်တွေ့မှာ ဖော်ဆောင်ပြီး လုပ်ကြရတော့မယ်။ နောက်ပြီးတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကော်မရှင်ကလည်း အလားတူ စုံစမ်းစစ်ဆေးတဲ့ အလုပ်လုပ်လာဖို့ ဆော်သြလာနိုင်တယ်။ အိုင်စီစီ ဆိုတာက လုံခြုံရေးကောင်စီနဲ့ တိုက်ရိုက် ပိုဆိုင်တယ် လို့ ဆိုတယ်။ အခု လမ်းကြောင်းက ကုလအထွေထွေ ညီလာခံက တက်လာမယ့် အရေးယူမှုပဲ” လို့ မြန်မာ့အရေး လှုံဆော်နေသူ တဦးက ၀ါရှင်တန်ဒီစီကနေပြီး မိုးမခကို ရှင်းပြပါတယ်။
ထုံးစံအတိုင်း ကုလသမဂ္ဂရဲ့ အရေးယူမှုတွေက အဆင့်ဆင့်ရှိပြီး အချိန်ကြာနိုင်တယ်၊ အတိုက်အခံတွေ ကန့်ကွက်မှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ် လို့ တချို့က ခန့်မှန်းကြပါတယ်။ ဥရောပနိုင်ငံအချို့က မြန်မာစစ်အုပ်စုကို စာနာမှုတွေ ရှိနေပါတယ်။ ဗြိတိန်တို့ ချက်ကိုစလိုဗက်တို့လို ဒီမိုကရေစီအတိုက်အခံတွေကို စာနာမှုမျိုး အလေးသာမှုမျိုး မရှိဘူး၊ ဘာကြောင့်ဆိုတော့ စစ်အုပ်စုဘက်ကို အလေးသာတဲ့ မြန်မာအရေး ကျွမ်းကျင်သူ ဆိုသူတွေ၊ တိုင်းရင်းသားအရေး ဆောင်ရွက်သူများ ဆိုတဲ့သူတွေကလည်း စစ်အစိုးရရဲ့ လမ်းပြမြေပုံကို ထောက်ခံကြဖို့၊ အင်န်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံနိုင်ငံရေး အင်အားစုကို ပစ်ပယ်ဖို့ သူတို့ကင်ပိန်းတွေနဲ့ သူတို့ လှုပ်ရှားနေကြတာတွေ ရှိနေလို့ပါပဲ။
“ဘုန်းကြီးတွေကို သတ်၊ နယ်စပ်မှာ တိုင်းရင်းသားတွေကို မျိုးဖြုတ်၊ နိုင်ငံရေး အကျဉ်းသားတွေ နှစ်ထောင်ကျော် ဖမ်းဆီး နှိပ်စက်နေတဲ့ မြန်မာစစ်အစိုးရဘက်ကို အခုအချိန်မှာ ဘက်လိုက်ချင်တဲ့ သူကတော့ အတော် ရှားနေပါပြီ။ ဒါပေမယ့် တဖက်ကလည်း ဘာမှ မလုပ်ဘဲ ဒီအတိုင်း ပစ်ထားလို့လည်း မရဘူး။ နိုင်ငံတကာက မိသားစုတွေက ကိုယ့်အစိုးရကို ကိုယ်တိုင် ဖိအားပေးနေရမယ်” လို့ ကင်ပိန်းအဖွဲ့ဝင်တဦးက မိုးမခကို မှတ်ချက်ပေးလိုက်ပါတယ်။
ဒီက ဖိအားတွေ တိုက်တွန်းမှုတွေက တဆင့် ယူအင်မှာ မြန်မာပြည်အရေး စုံစမ်းမှုကော်မရှင် ဖွဲ့ဖြစ်သွားရင် မြန်မာစစ်အစိုးရရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက မှတ်တမ်း တင်ဖြစ်မယ်။ ပိုမို ကျယ်ပြန့်ပြီး သိရှိလာကြမယ်။ စစ်အုပ်စုထဲကနေပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့၊ အမျိုးသားပြန်လည် သင့်မြတ်ဖို့ ဆောင်ရွက်ဖို့ လမ်းကို ဖွင့်လှစ်ပေးထားရာလည်း ရောက်တယ်လို့ ဆိုပါတယ်။
ယူအက်စ်ကင်ပိန်းက နှိုးဆော်ထားတဲ့ စာမျက်နှာကို ဒီမှာ ကြည့်ပါ။
http://uscampaignforburma.org/call-eu-delegations
ဓာတ်ပုံကတော့ ယူကေကင်ပိန်းက ထုတ်ပြန်တဲ့ ဗြိတိန် ကနေဒါသံရုံးရှေ့မှာ ဆန္̔ဒပြနေကြတဲ့ ပုံပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts