Uncategorized

Maung Luu Pay – Wrong Doer

လွဲတတ်သူတို့ ဖတ်ဖို့စာ

မောင်လူပေ၊ ဇွန် ၉ ၊ ၂၀၁၃

မောင်လူပေဟာ အလွန်လွဲတတ်သူပါ။ မလွဲရရင် မနေတတ်သူ လို့တောင် ပြောရမလိုပါပဲ။  အစကတော့ ကိုယ်တစ်ယောက်တည်း လွဲတတ်သူလို့ ထင်နေတာ။ ယခင် စစ်အစိုးရခေတ်နဲ့ အင်တာနက်ဆိုတဲ့ ယခုခေတ်တွေ ရောက်မှပဲ ကိုယ့်လိုလွဲတတ်သူတွေ အများသား ဆိုတာ သတိထားမိပါတယ်။ ပြီးတော့လဲ သူတို့တွေက နိုင်ငံရဲ့အရေးပါတဲ့နေရာက သူတွေ ဖြစ်နေပြန်ပါတယ် ။
     မောင်လူပေ နိုင်ငံ့ဝန်ထမ်းဘဝမှာ မောင်လူပေတို့စက်ရုံကို ဝန်ကြီးလာစစ်မယ်ဆိုတဲ့ သတင်း တလလောက် ကြိုပြီး ရောက်လာပါတယ် ။ ဝန်ကြီးက လမ်းခရီးတလျှောက်မှာ ရှိတဲ့ စက်ရုံတွေ အားလုံးကို ဝင်မှာပါတဲ့ ။ စက်ရုံတစ်ရုံကို ဝန်ကြီးခရီးစဉ်အတွက် အသုံးစရိတ် ခုနှစ်သောင်း ( ဒေါ်လာ ခုနှစ်ရာ ခန့်) ချပေးပါတယ်။

စက်ရုံဝင်လမ်း ပြန်ခင်း၊ စက်တွေကို ဆေးကျောသန့်စင်၊ ဆေးသစ်တွေနဲ့ 
လှပလာအောင် ချယ်မှုန်း၊ စက်ရုံကြီးနဲ့ ခြံစည်းရိုးတွေကို ဆေးသုတ်၊ သစ်ပင် ချုံနွယ်တွေရှင်းနဲ့ ဘယ်သူမှ မအားရပါဘူး ။ စက်တွေကို သန့်ရှင်းရေးလုပ်ထားတာမို့  အချိန်အနည်းငယ်သာ လည်ပတ်ပါတယ် ။ ဝန်ကြီးခရီးစဉ်မတိုင်ခင် တပတ်အလိုမှာတော့ ရုံးချုပ်က ဒုအထွေထွေမန်နေဂျာ ကိုယ်တိုင် ပြင်ဆင်ထာတာတွေ လာစစ်ဆေးပြီးဆောင်ရန် ၊ ရှောင်ရန်တွေ ပို့ချပါတယ်။

 ဝန်ကြီးကို ဝန်ကြီးလို့ မခေါ်ရ ၊ ဗိုလ်ချုပ် ဟုသာ ခေါ်ရမည် တဲ့ ။ “မသိပါ၊ မဖြစ်နိုင်ပါ” စတဲ့ ’ မ ‘ ပါသော စကားလုံးများ ရှောင်ရမည် … တဲ့ ။ ဝန်ကြီးလာရင် လိုအပ်သည်များ ညွှန်ကြားနိုင်ရေး အတွက် အမှိုက်၊ ဖုံတွေ အကုန်မသုတ်ဘဲ နည်းနည်း ချန်ထားတာမျိုး လုပ်ထားပါ … တဲ့။ မှတ်စု စာအုပ်ကို ရေးရေး ၊ မရေးရေး လက်မှာ အမြဲကိုင်ထားရမယ် … တဲ့။ ဝန်ကြီးက အချို မကြိုက်လို့ လဘက်ရည်ကိုပေါ့ကျ မှာရမယ်တဲ့ ။ မှတ်သားလောက်စရာတွေ ချည်းပါပဲ ။
      စားပွဲခင်းတွေ အသစ်လဲ၊ ကြမ်းခင်းဖယောင်းပုဆိုးတွေ အရောင်ပြန်တင်၊ စားပွဲတင်ပန်းအိုး ကောင်းကောင်း မရှိလို့ မြို့ ပေါ်က တိုင်းမန်နေဂျာအိမ်မှာ သွားငှား၊ နှင်းဆီပန်းတွေ ထိုး၊ ပြူတင်းပေါက်ခန်းစည်း လှလှတွေလဲနဲ့မို့၊ ရုံးခန်းလေးကလဲ မင်္ဂလာဆောင်ခန်းမလေလား ထင်မှတ် မှားလောက်ပါတယ်။ စက်ရုံမှူးလေးခင်မျာလဲ ဝန်ကြီးကို ရှင်းပြဖို့  ရုပ်ပုံကားချပ်ကြီးတွေဆွဲ ၊
စာတွေကျက်နဲ့ အလုပ်ရှုပ်နေတာပေါ့။

စက်ရုံကို ဝန်ကြီးလာမယ့်နေ့  ရောက်ပါပြီ။ ဘယ်အချိန်လာမယ် မသိတာမို့  မနက်
ရှစ်နာရီလောက်ထဲက ဝန်ထမ်းအားလုံး စက်ရုံအဝင်လမ်းမှာ အဝတ်အစားသစ်တွေ ကိုယ်စီနဲ့  စောင့်နေကြပါပြီ။ ပန်းစည်းကမ်းမယ့် ဝန်ထမ်းအပျိုမလေးတွေက မိတ်ကပ်အဖွေးသားနဲ့  ရှေ့ဆုံးက ၊ သူ့နောက်မှာ စက်ရုံမှူး၊ ဒုစက်ရုံမှူး၊ စက်ရုံမန်နေဂျာနဲ့ အခြားအဆင့်ဝန်ထမ်းများ စည်းကမ်းတကျ တန်းစီထားတာမို့  မသိရင် ရှင်လောင်းလှည့်ပွဲအတွက် ပြင်နေတယ်လို့တောင် ထင်မှတ်လောက်ပါရဲ့ ။ ဒါပေမဲ့ မနက်ဆယ်နာရီကျော်လောက်မှာတော့ ဒီလူတန်းဟာ စည်းကမ်းသေဝတ်မှူတွေ ရော့ရဲလာပါပြီ ။ နွေရဲ့အပူဒါဏ်ကြောင့် ချွေးတလုံးလုံးနဲလူလုံးတွေလဲ ပျက်စပြုလာပါပြီ။ ဝန်ကြီးကိုကမ်းမဲ့ ပန်းတွေလဲ ညှိုးရော်စပြုပါပြီ။ ဒီခေတ်လို မိုဘိုင်းခေတ်မဟုတ်လို့  ဖုန်းလဲဆက်သွယ်စရာ မရှိ ။ စက်ရုံရဲ့ 
တစ်လုံးတည်းသောဖုန်းကလဲ အော်ပရေတာ (operator)နဲ့  ခေါ်ရတဲ့ဖုန်းမျိုးပါ ။ မြေနီလမ်းမှာ ဖိနပ်ခု ထိုင်ရင်း နွေနေ့ကို ဆက်ကာအံတုနေကြရပါတယ်။

နေ့လည် ဆယ့်နှစ်နာရီကျော်လောက်မှာမှ ဝန်ကြီးရဲ့ယာဉ်တန်း ရောက်လာပါတယ် ။
လုံခြုံရေးကားတွေအပြည့်နဲ့  ယာဉ်တန်းကြီးက စက်ရုံထဲမဝင်ဘဲ ဆက်မောင်းသွားတာမို့ 
စောင့်နေသူအားလုံးက “ဟာ…” ကနဲ ဖြစ်သွားကြရပါတယ်။ ဝန်ကြီးကို ဖြူသလား ၊ မဲသလားတောင်
မမြင်လိုက်ရပါ။

“ဘာဖြစ်လို့ မဝင်တာလဲ၊ အချိန်မရဘူးဆိုရင်တောင် စောင့်နေတဲ့သူရဲ့  ဝန်ထမ်းတွေကို ခဏတော့ရပ်ပြီး နှုတ်ဆက်သင့်တာပေါ့ ။” ဒါတွေက မောင်လူပေတို့ဝန်ထမ်းတွေရင်ထဲက မေးခွန်းတွေပါ။ ဘယ်သူ့ကိုမေးရမယ် မသိတာမို့ မေးခွန်းတွေ ရင်ထဲမှာ မြိုချရင်း စက်ရုံထဲ ပြန်ဝင်ခဲ့ကြရပါတယ် ။ ဝန်ကြီးမလာလို့ အားလုံးရဲ့  ရင်ထဲမှာပေါ့ပါးသွားခဲ့ ရတာကတော့ အမှန်ပါပဲ ။

နောက်မှ ပြန်သိရတာကတော့ အဲဒီနေ့က စက်ရုံလေးရုံ ဝင်စစ်ဆေးဖို့ စီစဉ်ထားတာပါတဲ့ ။ ဒါပေမယ့် ပထမစက်ရုံအဝင်မှာပဲ အတန်တန်မှာထားတဲ့ကြားက သူ မကြားချင်တဲ့  ‘မ‘  စကားလုံးတွေ
ကြားလိုက်ရလို့  ဒေါသထွက်ပြီး အစီအစဉ်ဖျက်ကာပြန်သွားတာ … ဆိုပဲ ။ စက်ရုံသစ်ကြီးတွေပေမယ့် စက်ပစ္စည်းတွေက နိုင်ငံခြားတပတ်ရစ်စက်တွေ ‘အင်’ ထုပြီး သွင်းထားတာမို့  မကြာခဏပျက်နေတာ ၊ စက်အရံပစ္စည်းဝယ်ဖို့၊ နိုင်ငံခြားငွေမရှိလို့ ပြည်တွင်းဖြစ်တွေနဲ့ ဖြစ်သလိုလည်ပတ်နေရတာမို့ 
ထုပ်လုပ်မှူစွမ်းအားပြည့် မထွက်ရှိနိုင်တာတွေကို ကိုယ်ကျိုးမငဲ့ဘဲ အမှန်အတိုင်း
တင်ပြခဲ့တဲ့ စက်ရုံမှူးလေးကတော့ ထုခြေလွှာနဲ့ညားပြီး နောက်ဆုံး အလုပ်မှနှုတ်ထွက်ကာ နိုင်ငံခြားကို ထွက်ခွာသွားခဲ့ပါတယ်။ သူတို့က အလွဲတွေပဲ ကြားချင်တာ။ ဒီစက်ရုံမှူးလေးက မသိခဲ့လို့တော့ ဟုတ်မယ်မထင်ပါဘူး ။

တစ်နိုင်ငံလုံး မီးပျက်နေတဲ့ကြားက “ မီးတွေပိုလျှံနေလို့  နိုင်ငံခြားကို ရောင်းတာပါ” ဆိုတဲ့ အလွဲမျိုး၊

“ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးကျွန်တော်တို့ပဲနိုင်မှာပါ” ဆိုပြီး တစ်နေရာလေးတောင် မနိုင်ဘဲ အပြတ်ရှုံးတဲ့အလွဲမျိုး၊

ကြိုတင်မဲတွေခြိမ်းချောက်မှုတွေနဲ့  အတည်ပြုထားတဲ့ အခြေခံဥပဒေမှန်းသိရက်နဲ့ “တစ်နိုင်ငံလုံးက တခဲနက်ထောက်ခံ အတည်ပြုထားတဲ့ ဥပဒေ” လို့ပြောနေတာမျိုး၊

“ခုံးကျော်တံတား ငါးစင်းကို လေးလနဲ့ အပြီးတည်ဆောက်မယ်” ဆိုပြီး တနှစ်ကျော်မှ
တစ်စီးပဲ ဆောက်နိုင်ခဲ့တဲ့အလွဲမျိုးတွေအပြင် …

အခု နောက်ဆုံးပေါ်အလွဲဖြစ်တဲ့ “ဘင်ဂါလီတွေ ခလေးနှစ်ဦးထက် ပိုမယူရ” ဆိုတဲ့ ဒေသန္တရဥပဒေဆိုတာကို ရခိုင်တခွင်ထောက်ခံမှုတွေ မိုးလုံးညံပြီးခါမှ “ ဒီဥပဒေ မတွေ့ရှိပါ” ဆိုပြီး လုပ်ချလိုက်ပြန်လို့ လမ်းပေါ်ထွက်မိသူတွေ ငိုရမလို ရီရမလို ဖြစ်ရတာတွေ ကြားရတော့ …

“လွဲမှာပေါ့၊ မလွဲရင်သူတို့မပီသမှာစိုးလို့ လွဲကြရတာနေမှာ …”

လို့သာ တွေးမိကြောင်းပါ။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts