>Win Pe – Win Pe Bag – 97

>

ဝင်းဖေ လွယ်အိတ် ၉၇ – ဘီဘီစီ ပင်တိုင်ကဏ္ဍ
ဝင်းဖေ
သြဂုတ် ၂၁၊ ၂၀၁၀

သောတရှင်များ ခင်ဗျား။

ဝင်းဖေတို့ မြန်မာစကားမှာ “ဆေးစက်ကျရာ အရုပ်ဖြစ်အောင်ဆွဲနိုင်တယ်” ဆိုတဲ့ ချီးကျူးတဲ့စကားတရပ် ရှိပါတယ်။ ပင်မအားဖြင့်ကတော့ ပန်းချီရေးဆွဲတဲ့နေရာမှာ အလွန်တော်တာကို ချီးကျူးတဲ့စကားပါပဲ။ ဒါပေမယ့် ဒိပြင်နေရာတွေမှာလည်း ဥပမာစကားပြောကြပြီဆိုရင် ဘာအကြောင်းကိုပဲဖြစ်ဖြစ် စိတ်ဝင်စားအောင် ပြောနိုင်တာမျိုး၊ စာပေဆိုရင်လည်း ရေးချလိုက်နိုင်တာမျိုး စတာတွေကိုလည်း ဒီစကားနဲ့ပဲ ချီးကျူးပြောဆို တတ်ကြပါတယ်။

ဝင်းဖေတို့ငယ်ငယ်ကတော့ ဒီ “ဆေးစက်ကျရာ” ဆိုတဲ့စကားကို အမှတ်တမဲ့ပဲ သဘောထားခဲ့ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ် မိုဒန်ခေတ် ပို့စ်မိုဒန်ခေတ်တွေကျတော့ Found Object တွေ့တဲ့ပစ္စည်းနဲ့ တစုံတခု အနုပညာဖြစ်အောင် ဖန်တည်းတဲ့ကိစ္စတရပ်က တော်တော်ကလေး ခေတ်စား အပြောများ အလေ့အကျင့် များလာတာ တွေ့ရပါတယ်။ ကဗျာမှာလည်း Found Words တွေ့တဲ့စကားလုံးတွေနဲ့ ကဗျာဖြစ်အောင် စပ်နိုင်တာတွေ ရှိလာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝင်းဖေရဲ့အတွေ့အကြုံကလေးတွေကို တင်ပြချင်ပါတယ်။

ဝင်းဖေတို့ဆရာ၊ ပန်းချီဆရာကြီး ဦးဘသက် ဝင်းဖေတို့အခေါ် ဘကြီးသက်ဟာ တခုခုကို သင်ပေးချင်ပြီဆိုရင် တိုက်ရိုက် ဒဲ့ဒိုးကြီး သင်ခဲပါတယ်။ အမှတ်တမဲ့ သွယ်ဝိုက်ပြီး သင်တတ်ပါတယ်။ တရုတ်တန်းက လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း လမ်းတဖက်က အုတ်နံရံပေါ်မှာရှိတဲ့ ရေညှိကွက်တွေကိုကြည့်ပြီး ဘာပုံတွေ မြင်ရသလဲလို့ မေးတတ်ပါတယ်။ ပေါ်ဦးသက်နဲ့ ဝင်းဖေတို့က အသက်တွေကလည်းငယ်ကြသေးတော့ ခြင်္သေ့ပုံ၊ ဆင်ပုံ၊ ဒရယ်ပုံ ဘာညာနဲ့ အလုအယက် ကြိုးစားပြီး ဖြေကြပါတယ်။

ဒါကို ဘကြီးသက်က အလွန်သဘောကျပါတယ်။ မဖြေရင်တော့ မကြိုက်ပါဘူး။ ပြီးတော့မှာ အဆင်သင့်ပါလာတဲ့ စက္ကူလွတ်ပေါ်မှာ ခဲတံနဲ့ လူနှစ်ယောက် သဲကြီးမဲကြီး နဘမ်းလုံးနေတာကိုဆွဲပြပြီး အုတ်နံရံပေါ်က ရေညှိကွက်တွေနဲ့ ယှဉ်ကြည့်ခိုင်းပါတယ်။

ဒီတော့မှ ဟာ … ဟုတ်သားပဲ လူနှစ်ယောက် သဲကြီးမဲကြီး နဘမ်းသတ်နေတာဟာ ကွက်ကွက်ကွင်းကွင်း ပေါ်လာပါတယ်။ မိုးပေါ်က တိမ်တွေကိုကြည့်ပြီးတော့လည်း ဒီလိုပဲ ဘာပုံတွေတွေ့သလဲလို့ မေးတတ်တာပါပဲ။ ကြီးတော့မှ စဉ်းစားမိတယ်၊ ဒါဟာလည်း ဆေးစက်ကျရာ အရုပ်လုပ်တတ်အောင် သွယ်ဝိုက်ပြီး သင်ပေးနေတာ ပါလားလို့ သိလာပါတယ်။

ဝါတာကာလာ ဆေးခွက်တွေမှာ အရောင်မစုံတော့လို့ ညည်းတာကို ဘကြီးသက်က မကြိုက်ပါဘူး၊ မရှိရင် ညည်းမနေနဲ့၊ ရှိတာနဲ့ ဖြစ်အောင်လုပ်တာကိုပဲ ကြိုက်ပါတယ်။

တခါမှာ မြစ်ငယ်ဘက်က ရွာကလေးတရွာကို ဘကြီးသက်နဲ့အတူ ပန်းချီဆွဲဖို့ အစီအစဉ်မရှိဘဲ လမ်းကြုံကား စီးရင်း ရောက်သွားကြပါတယ်။ အဲဒီမှာ လက်ပံတောကြီးတွေက သိပ်လှပါတယ်။ လက်ပံပွင့်ချိန်လည်း ဖြစ်နေလေတော့ နီရဲပြီး အလွန်လှပါတယ်။ ဒါနဲ့ ရွာခံလူတွေက ဘကြီးသက်ကို ရေးဆွဲပြခိုင်းပါတယ်။ အဆင်သင့်ရှိတာက ကလေးတွေရေးတဲ့ ရေဆေးဘူး အသေးကလေး၊ စုတ်ကလည်း သေးသေးကလေး၊ စက္ကူက ဂျပ်စက္ကူအဖြူ၊ ဝင်းဖေနဲ့ ပေါ်ဦးသက်က လူတတ်ကြီးတွေလုပ်ပြီး ဒါတွေနဲ့ ဆွဲလို့မရဘူးလို့ ပြောပါတယ်။ ဘကြီးသက်က တဟားဟားရယ်ရင်း ယူခဲ့ … ယူခဲ့ လို့ ပြောပြီး ရှိစုမဲ့စုကလေးတွေနဲ့ မဖြစ်ဖြစ်အောင် ရေးပြပါတယ်။

နီရဲနေတဲ့ လက်ပံတောကြီးကို ရေးရတော့မယ့်နေရာမှာ ကလေးရဲ့ ဆေးဘူးကလေးထဲမှာ အပြာရောင်၊ အစိမ်းရောင်တွေနဲ့ အညိုရောင်ပဲ ရှိပါတယ်။ အနီမပြောနဲ့ အဝါလည်း မရှိပါဘူး။ ဒါကို ဘကြီးသက်က အပြာနဲ့ အစိမ်းရောင်တွေကို အားကောင်းကောင်းနဲ့သုံးပြီး အလင်း အမှောင်တွေကို သိပ်မှန်အောင် ရေးဆွဲရင်း လက်ပံပွင့်တွေနေရာမှာ အညိုနုကလေးတွေနဲ့ ဖော်ပါတယ်။

ပန်းချီကားဟာ တရောင်ထဲနဲ့ အလင်းအမှောင် မှန်အောင်ရေးထားတာလိုဖြစ်နေပြီး အစိမ်းနဲ့အပြာတွေကြားမှာ အညိုနုဟာ နီရဲတက်လာပါတယ်။ အနီမပါဘဲ ရဲတွတ်နေတဲ့ လက်ပံတောကြီးကို တအံ့တသြ တွေ့ကြရပါတယ်။ အထူးသဖြင့် လက်ပံတော ဆက်ရက်ကျသလိုဆိုတဲ့ စကားအတိုင်း ငှက်တွေအများကြီးလို့ ထင်ရအောင် ဘကြီးသက်က စုတ်ကစားထားလေတော့ ဆက်ရက်တွေ ဆူညံနေတဲ့အသံတွေပါ ထွက်နေပါတော့တယ်။

တခါမှာလည်း ပန်းချီပြပွဲတခု ပြရက်နီးလို့ ပြခန်းမှာ ပန်းချီကားတွေတောင် စပြီးချိတ်နေကြပါပြီ။ အဲဒါကို ပန်းချီဆရာကြီး တယောက်က ပြပွဲနီးမှကပ်ပြီး အလောသုံးဆယ် ဆီဆေးနဲ့ဆွဲပြီး ဆေးအစိုကြီးအတိုင်း လာပို့သွားပါတယ်။ ပန်းချီကားက တော်တော်ကလေးကောင်းပေမယ့် ကားထဲမှာပါတဲ့ ထီးဆောင်းထားတဲ့ မိန်းကလေးရဲ့ ပုခုံးပေါ်မှာ ထီးရဲ့အရိပ်က ပါမလာဘဲ ဖြစ်နေပါတယ်။ ရေးဆွဲတဲ့သူကလည်း ပန်းချီကားကိုအပ်ပြီး ပြန်သွားလို့ မရှိတော့ပါဘူး။

ဒီပြဿနာကို ဘယ်လိုလုပ်ကြမလဲလို့ ပန်းချီကားချိတ်ဖို့ တာဝန်ကျနေတဲ့သူတွေ တယောက်တပေါက် လျှောက်ပြော ကြပါတယ်။ ဒါကို ဘကြီးသက်ကကြည့်ပြီး လွယ်ပါတယ်ကွာလို့ ပြောရင်း သူဖွာနေတဲ့ ဆေးပေါ့လိပ်က ပြာနည်းနည်းကို သူ့လက်ညှိုးနဲ့ လက်မကြားမှာယူပြီး မခြောက်သေးဘဲ စိုနေသေးတဲ့ ပန်းချီကားထဲက မိန်းမရဲ့ပခုံးပေါ်မှာ ဖိပြီးပွတ်လိုက်ပါတယ်။ ဆေးလိပ်ပြာရဲ့ မီးခိုးရောင်ဟာ ထီးရိပ်အဖြစ် အလွန်အသက်ဝင်တဲ့ စုတ်ချက်တချက်လို ဖြစ်သွားပါတယ်။ ဝင်းဖေတို့ ပေါ်ဦးသက်တို့ တသက်လုံးမမေ့နိုင်တဲ့ လုပ်ရပ်ကို တအံ့တသြ မြင်ဖူးလိုက်ကြတာပါပဲ။

တခါမှာတော့ ဘကြီးသက်က ဆီဆေးတွေ စုတ်တွေကို အကျအနပြင်ဆင်ပြီး သူနေတဲ့တရုတ်တန်းက ရှေ့တော်ပြေးဝင်းထဲက ကလေးတွေကိုခေါ်ပြီး ကြိုက်သလို ထင်သလို လျှောက်ပြီး ခြယ်ခိုင်းပါတယ်။ တပည့်ရင်းတွေဖြစ်တဲ့ ဝင်းဖေနဲ့ ပေါ်ဦးသက်တို့မှာ ကလေးတွေကို မနာလိုဖြစ်ပြီး ငိုမဲ့မဲ့ဖြစ်နေကြပါတယ်။

အဲဒီကလေးတွေ တနာရီလောက် ထင်ရာ လျှောက်ဆွဲပြီးကြလို့ ကင်ဗတ်တခုလုံး ပြည့်သွားပြီဆိုတော့မှ ဘကြီးသက်က အဲဒီ အရောင်အမှိုက်ပုံကြီးထဲမှာ အလင်းရောင်ကလေးတွေ ဖောက်ထည့်လိုက်၊ ဟိုတို့လိုက် ဒီတို့လိုက်နဲ့ နောက်ထပ် နှစ်နာရီလောက်ပဲ လုပ်လိုက်ရတယ်၊ နေပြောက်တွေကျနေတဲ့ ညောင်ကြီးအောက်က အကြော်ဖို၊ အကြော်သည်မိန်းကြီးနဲ့ အကြော်ထိုင်စားနေကြတဲ့သူနှစ်ယောက်ရဲ့ မြင်ကွင်းဟာ ကြွရွတက်လာပါ တော့တယ်။

အဲဒီပန်းချီကားကို ဘီအိုစီရေနံကုမ္ပဏီက မျက်နှာဖြူအရာရှိကြီးတယောက်က ကြိုက်လွန်းလို့ ၁၉၅၃ ခုနှစ် ငွေတန်ဖိုး ကျပ်ငွေ ၅ဝဝ ဆိုတဲ့ဈေးကို တပြားမှမဆစ်ဘဲ ချက်ချင်း ဝယ်ယူသွားပါတယ်။ အဲဒီတော့မှ ဘကြီးသက်က အဲဒီငွေ ၅ဝဝ ကို ကလေးတွေနဲ့ တပျော်တပါး မုန့်တွေဝယ်စား၊ အရုပ်တွေဝယ်နဲ့ သုံးတော့တာကိုး။ ဒီပန်းချီကားရဲ့ ၈ဝ ရာနှုန်း အရောင်တွေကို ကလေးတွေဆွဲတာပါတဲ့ ခင်ဗျား။ ဆက်လက်တင်ပြပါဦးမယ်။

ကျန်းမာ ချမ်းသာကြပါစေ။

ကျနော် ဝင်းဖေပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts