>Regime’s Yadanapon Teleport under maintancence again caused service distruption

>

ရတနာပုံတယ်လီပို့ ပြင်ဆင်မှုများကြောင့် အင်တာနက် မကြာခဏပြတ်တောက်
တင့်လွင်၊  ရန်ကုန်
သြဂုတ် ၂၀၊ ၂၀၁၀
မြန်မာနိုင်ငံ၏ အကြီးဆုံး အင်တာနက်ဝန်ဆောင်မှု ပေးသည့် ရတနာပုံတယ်လီပို့ မှ နက်ဝေါ့ခ် ပစ္စည်းများ အစားထိုးလဲလှယ်မှု ကြောင့် အင်တာနက်မကြာခဏ ပြတ်တောက်နေရသည်ဟု အင်တာနက် သုံးစွဲသူများ၏ ပြောဆိုချက်အရ သိရသည်။
ရန်ကုန်မြို့မှ အင်တာနက်ဆိုင် ၀န်ထမ်း တစ်ဦးက “လွန်ခဲ့ ၁၈ ရက်နေ့ ညသန်းကောင်ကလည်း တခါ ဖြတ်တယ်။ အခုလိုပဲ ပစ္စည်းလဲဖို့အတွက်လို့တော့ ကြိုတင်အသိပေးစာမှာ ရေးထားတယ်။ ဘာအတွက် ပစ္စည်းလဲတာလဲတော့ မသိဘူး၊ အခုဒီနေ့ည ကြေညာချက်ထပ်ထုတ်ထား ပြန်တယ်။ အရင်တုန်းက ပြတ်တယ်ဆို ဘာမှမပြောပဲ ပြတ်သွားတာပဲ။ အခုတခါတော့ ထူးထူး ဆန်းဆန်းကြိုတင်အသိပေးတာတွေ လုပ်လို့ပါလားလို့ နည်းနည်းအံ့သြသွားတယ်” ဟုပြောသည်။
ပြီးခဲ့သည့် လဆန်းရက်ကလည်း ဒီအန်အက်စ် ဆာဗာနံပါတ်များ ပြောင်းလဲခဲ့သေးပြီး ထိုသို့ပြောင်းလဲမည့်အကြောင်းကိုရော ပြောင်းလဲပြီးနောက်ရော အသိပေးခဲ့ခြင်းမရှိခဲ့ဟု မေးမြန်းသိရှိရသည်။ နိုင်ငံရေးနှင့် အခမဲ့အီးမေးလ် ၀က်ဆိုက်လိပ်စာများကို ပိတ်ဆို့ရန်အတွက် နည်းပညာဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်နေ၍ ယခုလို မကြာခဏ ၀န်ဆောင်မှု ရပ်နားပြီးလုပ်ဆောင်နေခြင်းလားဟု ရန်ကုန်မှ အိုင်တီနယ်ပယ်မှ အချို့သောသူများက သံသယရှိနေကြသည်။
မြန်မာနိုင်ငံတွင် အခမဲ့အီးမေးလ်များနှင့် ပြည်ပ အခြေစိုက် မြန်မာဘာသာ ၀က်ဆိုက်များအား တိုက်ရိုက်ဝင်ရောက်ကြည့်ရှုမရအောင် ပိတ်ဆို့ထားပြီး  Gmail အား အက်စ်အက်စ်အယ် (https:// …) မှလွဲလျင် သုံးစွဲမရအောင် ဆောင်ရွက်ထားပြီး အချို့သော နာမည်ကြီး သတင်းဌါနများဖြစ်သည့် စီအန်အန်၊ ရိုက်တာ သတင်းဌါနနှင့်  ယူကျူ့ဗ် အစရှိသည်တို့ကိုပါ ပိတ်ပင်ထားရှိသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံသည် ဘရော့ဘန်း အင်တာနက်လိုင်းတစ်လိုင်းအတွက် ဒေါ်လာ ၁ထောင်၊ ၁ ထောင့် ၅ ရာအထိပေးသွင်းရပြီး နှစ်စဉ်ကြေး ဒေါ်လာ ၆၀ နှင့် လစဉ်ကြေး အနိမ့်ဆုံး ဒေါ်လာ ၃၀ ပေးသွင်းရသဖြင့် ဈေးနှုန်းမြင့်ပြီး မြန်နှုန်းအားဖြင့် နိမ့်ကျ နှေးကွေးသည့် အင်တာနက်လုပ်ငန်းအဖြစ် ကမ္ဘာတွင် ထင်ရှားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts