>Burmese Internet ISP modified its DNS Server without notice to the customers cause interuptions

>

သြဂုတ်လဆန်းက ရတနာပုံတယ်လီပို့ အင်တာနက်ဆာဗာအမည်များ ပြောင်းလဲ၊
ဒိုင်ယယ်အပ် အိမ်သုံးအကောင့်များ အခက်ကြုံ
တင့်လွင်
သြဂုတ် ၁၉ ၊ ၂၀၁၀
သြဂုတ် လဆန်း ပထမပတ်ကတည်းက ရတနာပုံတယ်လီပို့ အင်တာနက်ဆက်ကြောင်းက ဆာဗာများ၊ အမည်များ၊ ဆက်တင်တွေ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ အိမ်သုံး သာမန်ဖုံးဖြင့် အင်တာနက်ချိတ်ဆက်သုံးသူများကို ကြိုတင်အကြောင်းကြားတာ၊ နောက်ပိုင်းမှာ ဆက်သွယ် အသိပေးတာ အကျယ်အပြန့် မလုပ်ခဲ့လို့ စားသုံးသူအတော်များများမှာ ပြတ်တောက်မှုတွေ ကြုံကြရပါတယ်။
ရုံးနဲ့ ဆိုင်သမားတွေကို ဆက်သွယ်မေးမြန်းကြည့်တော့မှ အင်တာနက်ကော်နက်ရှင် ဆက်တင်မှာ အရေးကြီးတဲ့ DNS Server – ဒိုမိန်းအမည်များ ဘာသာပြန်သည့် ဆာဗာ နံပါတ်တွေ ပြောင်းထားတယ်လို့ သိရပြီး ကိုယ့်ဖာသာကိုယ် ပြောင်းကြည့်လိုက်မှ အဆင်ပြေသွားတယ် လို့ ပြောပါတယ်။ အင်တာနက် ဆိုင်ဘာကဖေးသမားတွေကတော့ ကွန်ယက်ရဲ့ ရောက်တာ (အင်တာနက်မီးပွိုင့်) ကို သက်ဆိုင်ရာကဖြစ်စေ၊ ဖောက်သည် ကျွမ်းကျင်သူဝန်ထမ်းတွေက ကြိုတင် ပြင်ဆင်ပေးထားကြလို့ အခက်အခဲတွေ မကြုံလိုက်ကြပါဘူး။
“အခုပြောင်းသွားတာက 203.81.162.22 နဲ့ 203.81.162.23 ဆိုတဲ့ (DNS Addresses) ဒီအင်အက်စ် ဆာဗာလိပ်စာတွေ ဖြစ်တယ်။ မဟုတ်ရင် 64.19  နဲ့ 64.20  သုံးတာတွေ တွေ့ရတယ်။ ပြီးတော့ တချို့ နက်ဝဒ်တွေမှာ ဒီအင်အက်စ် ဆာဗာနံပါတ်တွေက – 203.81.162.22 နဲ့ 203.162.23 ကို သုံးထားတယ်။  162 subnet  က ပိုမြန်တာကို တွေ့ရတယ်။”
ဟု မိတ်ဆွေတဦးက ရှင်းပြပါတယ်။
“တကိုယ်ရည်သုံး အိမ်သုံး အကောင့်သမားတွေက အင်တာနက်က အမြဲတန်းချိတ်ရတာ ခက်တယ် မဟုတ်လား။ သူတို့တွေ လျှောက်ပြောင်းထားတာကိုလည်း မေးကြည့်ရကောင်းမှန်းမသိဘူး။ ဒီလိုပဲ အင်တာနက်က ပျက်နေပြန်ပြီပဲ ထင်ပြီး ထားလိုက်ကြတာ များတယ်။ နောက်မှ ဆိုင်ကို သွားသုံးရင်း သိပြီး စမ်းပြီး ပြင်ရ၊ ဆင်ရ လုပ်ရတာပေါ့။ ရတနာပုံ တယ်လီပို့က ပြင်တာဆိုတော့ ပုဂံကော၊ ဆက်သွယ်ရေးကောက အင်တာနက်တွေမှာပါ လိုက်ပြင်ကြရတာ ဖြစ်တယ်” လို့ အိမ်သုံးအင်တာနက်အကောင့်ပိုင်ရှင်က ပြောပါတယ်။
လက်ရှိမှာ ဒီအင်န်အက်စ်တွေ အပြောင်းအလဲတင်သာမက အခြား မမြင်ရတဲ့ အပြောင်းအလဲတွေ ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီအင်န်အက်စ် ပြောင်းထားသော်လည်း အင်တာနက်ကတော့ ထူးပြီး မြန်လာတာ မရှိဘဲ မြန်မာအင်တာ “နှေး” ကတော့ မြန်မာအင်တာ “နှေး” နေဆဲ ပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts