>Journalist on the street of Rangoon – 2nd Week of Aug 2010

>

သြဂုတ်လ ဒုတိယ ပတ် – ရန်ကုန်ရှုခင်း
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
သြဂုတ် ၁၉၊ ၂၀၁၀
(ရွေးကောက်ပွဲ နဲ့ အနှိပ်ခန်း … စသည် စသည် …)
ရွေးကောက်ပွဲ နဲ့ လူထုရဲ့ နိုင်ငံရေး စိတ်ဝင်စားမှု
ပြည်တွင်းမှ  သတင်းဂျာနယ်တွေ တချို့မှာ လူထုဟာ နိုင်ငံရေးကို စိတ်ဝင်စားပါတယ်၊ အိမ်ရှင်မတွေလည်း နိုင်ငံရေးကို စိတ်ဝင်စားပါတယ်လို့ ဂျာနယ်များမှာ ရေးသားဖေါ်ပြကြပြီး တချို့သော ဂျာနယ်တွေမှာ ၀က်ဆိုက်တွေမှာ ရေဒီယိုတွေမှာ နိုင်ငံရေးကို  ရွေးကောက်ပွဲကို စိတ်မ၀င်စားဘူးဆိုတာမျိုးလည်း တစ်ခုနဲ့ တစ်ခု ဆန့်ကျင်နေတဲ့ ဖေါ်ပြချက်မျိုးတွေ ဖတ်ရှုနေရပါတယ်။
မြန်မာပြည်သူတွေဟာ တကယ်ပဲ နိုင်ငံရေး စိတ်ဝင်စားကြသလား၊ စိတ်မ၀င်စားကြဘူးလားဆိုတာ တိတိကျကျ ကိန်းဂဏန်းနဲ့ စစ်တမ်းကောက်ယူပြီး ပြောဆိုဖို့မလွယ်တဲ့အတွက်ကြောင့် အခုလို စိတ်ဝင်စားတယ်၊ စိတ်ဝင်စားမှု မရှိဘူး၊ နည်းတယ် စသဖြင့် ကွဲပြားစွာ ဖေါ်ပြနေကြတဲ့ အဖြစ်တွေ ပေါ်ထွက်လာရတာပါ။ အခြားနိုင်ငံတွေမှာလို ဘယ်အဖွဲ့အစည်းကို ထေက်ခံသလဲ၊ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု ရှိမရှိ စသဖြင့် လူထု သဘောထား စစ်တမ်းကို မီဒီယာ အနေနဲ့ရော စစ်တမ်းကောက်ယူတဲ့ အဖွဲ့အနေနဲ့ပါ လုပ်ဆောင်ခွင့် မရှိရာကနေ အခုလို လက်လှမ်းမှီရာ လူအစုအဖွဲ့လေးကိုပဲ မေးမြန်းပြီး ရေးသားနေကြရတာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကလည်း ပြည်တွင်း မီဒီယာတွေမှာ `ရွေးကောက်ပွဲကို လုံးဝ စိတ်ဝင်စားမှုမရှိဘူး၊ ဘာကြောင့်လဲဆို အခြေခံဥပဒေက တရားမျှတမှု မရှိလို့၊ ရွေးကောက်ပွဲ ဥပဒေက မျှတမှုမရှိလို့၊ လူထုထောက်ခံတဲ့ အန်အယ်လ်ဒီက ရွေးကောက်ပွဲမှာမပါလို့ စိတ်မ၀င်စားဘူး၊ မဲသွားပေးမှာ မဟုတ်ဘူး´ ဆိုတဲ့အဖြေမျိုး ရေးသားရင် စာပေစိစစ်ရေးက ဖြုတ်ပယ်ရုံတင်မက အဲဒီအရေး အသားမျိုးရေးပြီး စိစစ်ရေးဆီ တင်တဲ့အတွက် သတိပေးခံရဖို့ သေချာသလောက်ရှိပါတယ်။
ကျွန်တော်လည်း `ဆာဗေး´တွေ စစ်တမ်းတွေ မလုပ်နိုင်ပါဘူး။ သူများနိုင်ငံလို ဖုန်းနဲ့လှမ်းဆက်ပြီး လူ၅ရာ တထောင်လုပ်ဖို့ နေနေသာသာ ကိုယ့်အနီးပတ်ဝန်းကျင်က ၅၀ လောက်တောင် မေးဖို့ လွတ်လပ်ခွင့်မရှိပါ။ အဲလိုဆိုတော့ ကျွန်တော် ပတ်ဝန်းကျင်မှာ လက်လှမ်းမှီသလောက်ကို တီးခေါက်ကြည့် မေးမြန်းကြည့်တဲ့ နည်းပဲ သုံးရပါတယ်။ အဲလိုနည်းမျိုးသုံးလို့ ရလာတဲ့ ရလဒ်ကိုလည်း မြန်မာတစ်နိုင်ငံလုံးနဲ့ ယှဉ်ပြီး မှန်လိမ့်မယ်လို့ မဆိုချင်ပါ။ ရန်ကုန် အသိုင်းအ၀ိုင်း၊ ကျွန်တော်ကျင်လည်တဲ့ အလွှာက အမြင်တွေကို ကိုယ်စားပြုတယ်လို့ပဲ ဆိုနိုင်ပါလိမ့်မယ်။
ကျွန်တော် မေးမြန်းကြည့်ရသမျှထဲမှာတော့ အိမ်ရှင်မပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီ ၀န်ထမ်းပဲ ဖြစ်ဖြစ်၊ တက္ကစီမောင်းသူပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ၊ သန်းရွှေရဲ့ စစ်အစိုးရ တို့ရဲ့ သဘောသဘာဝကို ယေဘုယျကျကျ သိကြပါတယ်။ ဘ၀နဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီးလည်း သိကြပါတယ်။
အိမ်ရှင်မတွေ အနေနဲ့လည်း ကမောက်ကမဖြစ်နေတဲ့ လူနေမှု စရိတ်ကြီးမြင့်တာ၊ ငွေဖောင်းပွပြီး ငွေရှာရခက်တဲ့ခေတ်ကို လက်တွေ့ အသိနဲ့သိလို့ ဒီလိုအခြေအနေကနေ ပြောင်းလဲစေချင်ကြပါတယ်။ စစ်အစိုးရရဲ့ ၀ါဒဖြန့်တာတွေ၊ မစားရ၀ခမန်း တီဗွီတွေမှာ ပြောနေတာတွေကို သူတို့မယုံကြည်ကြပါဘူး။ ၂၀၀၈ အခြေခံ ဥပဒေကို မဖတ်ဖူးလို့ နားမလည်ပေမယ့် လက်ရှိအစိုးရက အတိုက်အခံတွေကို ချည်ပြီးတုပ်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ခိုင်းတဲ့ အဖြစ်ကိုတော့ နားလည်ကြပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ ရွေးကောက်ပွဲကျင်းပခြင်းကနေ သာမန်လူအများစုကြီးအတွက် ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာစေနိုင်မယ်လို့ မမျှော်လင့်လို့ ရွေးကောက်ပွဲကို စိတ်မ၀င်စားပဲ ရှိတာပါလို့ ပြောကြပါတယ်။ နိုင်ငံရေး စကားလုံးတွေနဲ့ မေးရင်တော့ နိုင်ငံရေးကို စိတ်မ၀င်စားဘူးလို့ ပြောမှာဖြစ်ပေမယ့် လူနေမှု ဘ၀၊ လက်တွေ့ဘ၀နဲ့ ယှဉ်တဲ့နိုင်ငံရေး အသိတော့ ရှိပြီးသားဖြစ်တာ တွေ့ရပါတယ်။
အဲလိုပဲ ကုမ္ပဏီ ၀န်ထမ်းတွေထဲက တချို့ကိုမေးမြန်းကြည့်ရင်တဲ့အခါ နိုင်ငံရေးပါတီတွေ ၊ အဖွဲ့နာမည်တွေ သေသေချာချာ မသိပေမယ့် ဒီရွေးကောက်ပွဲကြောင့် မြန်မာပြည်စီးပွားရေးတွေ ကောင်းမွန်လာမယ်၊ လာဘ်စားမှုတွေ လျော့နည်းသွားလိမ့်မယ်၊ ဆွေးမျိုးကောင်းစားရေးတွေ ပပျောက်သွားမယ်လို့ မယုံကြည်ကြဘူး လို့ဆိုပါတယ်။ မဲမပေးပဲ နေလို့မဖြစ်ခဲ့ရင် မဲပေးတောင်မှ ကြံ့ဖွတ်ကိုတော့ မပေးဘူးလို့ သူတို့ကပြောပါတယ်။ ဒါက ကုမ္ပဏီ ၀န်ထမ်းတချို့ရဲ့ အမြင်တွေပါ။
ရန်ကုန်က တက္ကစီမောင်းသူတွေထဲမတော့ စစ်အစိုးရကို ထောက်ခံသူ ရှာမှရှားဆိုရလောက်အောင် တွေ့ရခဲပါတယ်။ တက္ကစီမောင်းသူ အများစုအနေနဲ့ လက်ရှိကားတင်သွင်းခွင့် ချုပ်ကိုင်ထားတဲ့အချက်၊ ခေါင်းစဉ်များပြားလွန်းလှတဲ့ အခွန်တွေ နဲ့စီးပွားရေးကြပ်တည်းမှုတွေဟာ စစ်အစိုးရရဲ့ တလွဲစီမံခန့်ခွဲမှုကြောင့် ဆိုတာနားလည်ကြပါတယ်။
ရွေးကောက်ပွဲ ဥပဒေထွက်ရှိခါစက သတင်းစာမှာပါတဲ့ ရွေးကောက်ပွဲဥပဒေ အချပ်ပိုကို ကားမောင်းသူနဘေးမှာ ချထားတဲ့ မောင်းသူတဦးကိုဆုံဖူးပါတယ်။ သူ့ကို ရွေးကောက်ပွဲကို စိတ်ဝင်စားလားလို့ မေးကြည့်တဲ့အခါ “သူတို့လုပ်မယ့်ရွေးကောက်ပွဲက ဘယ်လိုအကျိုးထူးမလဲလို့ ဖတ်ကြည့်တာပေါ့ဗျာ၊ အခုတွေ့တာကတော့ အန်အယ်လ်ဒီကို ချုပ်ထားပြီး ပြေးခိုင်းတာနဲ့တူနေတာပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၀င်မပြိုင်နိုင်အောင် လုပ်ထားတာ အဲဒီမှာတွေ့တယ်”လို့ ပြောပါတယ်။
ဝန်ထမ်းကနေထွက်လိုက်တဲ့သူ၊ ပင်စင်ယူပြီး အငှားကားဝင်မောင်းနေသူ၊ စစ်တပ်ထဲမှာ အနှစ် ၂၀လောက်လုပ်ပြီး ဆေးပင်စင်ယူပြီး အငှားကားမောင်းနေသူတွေလည်း ဆုံဖူးပါတယ်။ သူတို့နဲ့ ပြောဆိုကြည့်တဲ့အခါ စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေ နည်းလမ်းမကျတာ၊ လူအများစုက ခက်ခက်ခဲခဲ ရပ်တည်နေကြရတာကို ကြားနေမြင်နေရတာတွေကြောင့် စစ်အစိုးရရဲ့ လမ်းစဉ်ကိုမထောက်ခံကြတော့ပါဘူး။
ဒီအချက်တွေဟာ လူထုက နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲကနေပြီး အပြောင်းအလဲ ကောင်းတဲ့အပြောင်းအလဲမျိုးကိုတော့  ဘာမှ မျှော်လင့်မထားကြဘူး လို့ဆိုနိုင်တဲ့ အချက်တွေပါ။
အဖမ်းအဆီးများလွန်းလို့ ရန်ကုန်မှာ အနှိပ်ခန်းတွေ ပိတ်ထားကြ
အဖမ်းအဆီး ကြမ်းလွန်းတာကြောင့် အခု သီတင်းပတ်တွေအတွင်း အလှပြင်ခန်းလို့ အမည်ပေးထားတဲ့ အနှိပ်ခန်းတွေ ရပ်နားထားကြပြီး တချို့လည်း ၀န်ထမ်းတွေကို သူတို့နေထိုင်ရာ နယ်မြို့တွေဆီ ပြန်လွှတ်နေကြတာ တွေ့မြင်နေရပါတယ်။
မနေ့ကပဲ ကျောက်တံတားမြို့နယ်ထဲက အလှပြင်ဆိုင်လို့ ဆိုင်းဘုတ်တပ်ထားပြီး အနှိပ်ခန်းလုပ်ကိုင်နေတဲ့ ဆိုင်တဆိုင်မှ မိန်းကလေး ၆ယောက် ၇ ယောက်အထုပ်တွေ အပိုးတွေနဲ့ အငှားကားပေါ် တက်နေကြပါတယ်။ သူတို့ နေထိုင်ရာ နယ်မြို့တွေကို ခေတ္တပြန်ကြတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းတပတ်လုံးလုံး အနှိပ်ခန်းတော်တော်များများ မဖွင့်ပဲ နားထားကြပါတယ်။ ဒီနှစ်ထဲမှာ ပြောင်းလာခဲ့တဲ့ ရန်ကုန်တိုင်းရဲမှူးကြီး အောင်ဒိုင်းက အနှိပ်ခန်းတွေဖမ်းဆီးဖို့ ညွှန်ကြားထားလို့ပါတဲ့။ ခါတိုင်း သိပ်ဝင်မဖမ်းတဲ့ ကေတီဗီ (ကာရာအိုကေ တီဗီ) ဆိုင်တွေတောင် ၀င်စစ်ဆေးပြီး သီချင်းကူဆိုပေးတဲ့ မိန်းကလေး ၀န်ထမ်းရှိရင် အရေးယူတယ်လို့ ရန်ကုန်မြို့က ရှေ့နေတွေက ပြောပါတယ်။
စီးပွားရေး ကြပ်တည်းလာတာကြောင့် နယ်မြို့တွေက မိန်းကလေးငယ်တွေဟာ အလှပြင်ဆိုင်မှာ လုပ်ဖို့၊ ဒါမှမဟုတ် အနှိပ်ခန်းမှာလုပ်ဖို့ မြို့ပေါ်ရောက်လာကြပါတယ်။ ဒီနှစ်ပိုင်းတွေမှာ မြို့ပေါ်မှာလည်း သက်ဆိုင်ရာ လုံခြုံရေး အာဏာပိုင်တွေ ဖြစ်တဲ့ ရဲ၊ စရဖ၊ ရယကတို့ကို လာဘ်ထိုးပြီး အနှိပ်ခန်း၊ ကေတီဗီဖွင့်မယ့်သူ အများအပြား ပေါ်လာပါတယ်။ ရေတိုစီးပွားရေး လုပ်ငန်းဖြစ်ပေမယ့် အမြတ်ကောင်းတဲ့ လုပ်ငန်းဖြစ်လို့ အခန်းငှားပြီး အလှပြင်ဆိုင် (ဗြူတီဆလွန်း) လို့ဆိုင်းဘုတ်တင်ထားတဲ့ အနှိပ်ခန်းတွေ ရန်ကုန်မှာ ရာထောင်ချီပေါ်လာပါတယ်။
မြို့နယ်တစ်မြို့နယ်ထဲမှာ အနှိပ်ခန်းပေါင်း အနည်းဆုံး ဆယ်ဂဏန်းမှ အများဆုံး ရာဂဏန်းအထိ ရှိတယ်လို့ ရယက နဲ့ရဲတွေဆီက ရတဲ့ စာရင်းများအရသိရပါတယ်။ အနှိပ်ခန်းလုပ်ကိုင်သူ အချို့ဟာ အနှိပ်ခန်းတွေကို ၆ လတစ်ခါလောက် နေရာရွှေ့ပြောင်းလေ့ရှိပါတယ်။
နယ်မြို့တွေမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပြီး စီးပွားရေးကြပ်တည်းတဲ့ အချက်ကြောင့် မြို့ပေါ်က အနှိပ်ခန်းထောင်သူတွေ လုပ်အားခ သက်သာစွာနဲ့  အနှိပ်သမ လိုသလောက် စုဆောင်းနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ မြို့ပေါ်မှာလည်း အခြားရေရှည် ရင်းနှီးမြှုပ်နံပြီးလုပ်ကိုင်တဲ့ အသေးစား စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရခက်ခဲတာကြောင့် အနှိပ်ခန်းလို ပေါ်ပင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ များလာနေတာလည်း ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts