>Win Pe – Win Pe Bag – 96

>

ဝင်းဖေ လွယ်အိတ် ၉၆ – ဘီဘီစီ ပင်တိုင်ကဏ္ဍ
ဝင်းဖေ
သြဂုတ် ၁၆၊ ၂၀၁၀

သောတရှင်များ ခင်ဗျား။

ဗလကြီး ကိုသုမောင်အကြောင်းတွေကိုရေးရင်း သူ့ဖခင် စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာကြီး ဦးသာဓု အကြောင်းတွေလည်း တင်ပြချင်တဲ့စိတ်ကူး ပေါ်လာပါတယ်။ အရေးကြီးတာတွေကတော့ ဆရာဦးသာဓုက ဝင်းဖေကို ရုပ်ရှင်နဲ့ပတ်သက်လို့ ရှောင်ရန် ဆောင်ရန်တွေတချို့ ရံဖန်ရံခါ ပြောပြဆုံးမခဲ့တာကလေးတွေကို ညှပ်ပြီး တင်ပြချင်တာပါ။

ဆရာကြီးဦးသုခလိုပဲ ဆရာကြီးဦးသာဓုကလည်း ဝင်းဖေရဲ့ ရုပ်ရှင်ကားတွေကို သူ့ဟာသူသွားကြည့်ပြီး ထင်မြင်ချက်တွေ၊ အကြံပေးချင်တာတွေ၊ ဆုံးမသွန်သင်ပေးတာတွေ လုပ်ပါတယ်။ ဝင်းဖေရိုက်တဲ့ကားတွေ ရုံတင်ပြသတဲ့အခါတွေမှာ ဝင်းဖေဟာ ကိုယ်နဲ့ပတ်သက်တဲ့ ဆရာသမားတွေကြည့်ဖို့ လက်မှတ်တွေဘာတွေ စီစဉ်ပေးဖို့ အလွန်ဝန်လေးတတ်ပါတယ်။

ဝင်းဖေဟာ ရုပ်ရှင်ကားတကားကို မရိုက်ခင်မှာသာ ကြိုက်နေတတ်ပြီး လုပ်ရင်းကိုင်ရင်းနဲ့ တဖြည်းဖြည်း ရိုးလာ အီလာပြီး စိတ်ဝင်စားမှု လျော့လိုက်လာတတ်ပါတယ်။ အားလုံးပြီးသွားလို့ ပြန်ကြည့်ပြီဆိုရင် အမှားတွေ၊ ချို့ယွင်းချက်တွေ သိပ်များတာကိုမြင်လာပြီး မကြိုက်တော့ပါဘူး။

ဒီတော့ ဘယ်သူ့ကိုမှ သိပ်ပြချင်စိတ် မရှိတော့ပါဘူး။ ဆရာကြီးတွေကိုတော့ သာပြီးမကြည့်စေချင်ပါဘူး။ ဆရာကြီးတွေကို ဒုက္ခမပေးချင်တာပါပဲ။ ဒါပေမယ့် ဆရာဦးသုခနဲ့ ဆရာ ဦးသာဓုတို့ကတော့ သူတို့အစီအစဉ်နဲ့သူတို့ ဝင်းဖေ ကားတွေကို သွားကြည့်ပါတယ်။ ဒါကလည်း ဆရာကြီးတွေရဲ့ ကြီးမားတဲ့စေတနာပါ။

ဆရာဦးသာဓုက ဝင်းဖေကို သွန်သင်ဆုံးမတဲ့အခါမှာ ရှောင်ရန်တွေကို ပိုပြီးပြောတတ်ပါတယ်။ ဥပမာ ရုပ်ရှင်မှာ Flash Back လို့ခေါ်ကြတဲ့ နောက်ကြောင်းပြန်ပြသတာတွေကို တတ်နိုင်သမျှနည်းအောင် လျှော့ချဖို့လိုကြောင်း ပြောပါတယ်။ နောက်ကြောင်းပြန်ပြကွက်တွေဟာ ပရိသတ်ကို အနည်းနဲ့အများ စိတ်ကူး ရှုပ်ထွေးစေတယ်လို့ ပြောပါတယ်။

ဆရာကြီး ဦးသာဓုက ဝင်းဖေရိုက်တဲ့ ‘မဟူရာ’ကိုကြည့်ပြီး ပြောတာဖြစ်ပါတယ်။ ‘မဟူရာ’ ထဲမှာ ပြန်ပြောပြန်ပြခန်းကို ထည့်ရုံတင်မဟုတ်ဘဲ ပြန်ပြော ပြန်ပြခန်းထဲမှာကိုထပ်ပြီး ပြန်ပြောခန်း ပါနေပါတယ်။ ဒါကတော့ နည်းနည်း တရားလွန်တယ်ထင်တယ်လို့ ဆရာက ဆုံးမပါတယ်။

နောက် ဝင်းဖေက ဇာတ်လမ်းထဲက ကိုတင်မောင် (ကောလိပ်ဂျင်နေဝင်း) အရက်သောက်နေတာကို ပြရတော့မယ့် အချိန်မှာ ပရိသတ်အတွက် ပျင်းနေမှာစိုးလို့ အရက်ပုလင်း၊ ဖန်ခွက်၊ ရေခဲတုံးကလေးတွေ၊ ရေခဲဇွန်းကအစ Big Close up အနီးကပ်ပုံကြီးတွေနဲ့ အသေးစိတ် ကတ်တိုတော်တော်များများနဲ့ အယ်ဒစ်တင်း အလှုပ်ဆက်ပြီး ပြခဲ့ပါတယ်။

အဲဒီအခန်းကို အရက်မသောက်တတ်တဲ့၊ အရက်သောက်တာကို မကြိုက်တဲ့ ဆရာကြီး ဦးသာဓုက ရုပ်ရှင်ကြည့် ပရိသတ်အနေနဲ့ အရက်သောက်ချင်စိတ်ပေါက်လာအောင်ကို ရိုက်ပြထားတယ်လို့ မြင်သွားပါတယ်။ ဒါ့ကြောင့် မကောင်းမှု အကုသိုလ်တခုကို ပြုချင်စိတ်ပေါက်လာအောင် စိတ်ကိုဆွဲဆောင်မှုပေးစေနိုင်တဲ့ ပြကွက်တွေမပြသင့်ဘူးလို့ ဆုံးမခဲ့ပါတယ်။

နောက် Zoom လို့ ခေါ်တဲ့ အဝေးမြင်တွေကို အနီးကပ်ဆွဲယူပြသနိုင်တဲ့ ရုပ်ရှင်ကင်မရာ မှန်ဘီလူးကို ခဏခဏ မသုံးဖို့လည်း ဆုံးမပါတယ်။ ဘာပြုလို့လဲဆိုတော့ အဲဒီ Zoom ရိုက်ချက်ဟာ အပြမှာသိပ်သန်တယ် တဲ့။ အထူးသဖြင့် ပြကွက်အကျဉ်းကနေပြီး ဖြတ်ခနဲ သိပ်ကျယ်သွားတာကို ဖွင့်ပြလိုက်တာမျိုးနဲ့ ကျယ်ကနေပြီး သိပ်ကြပ်သွားတဲ့အထိ အနီးကပ်ဆွဲပြလိုက်တာမျိုးဆိုတာတွေဟာ ပရိသတ်ရဲ့စိတ်ကို ဖြတ်ခနဲ လန့်ဖျပ်သွားစေတတ်တယ် တဲ့။ ဒါ့ကြောင့် အဲဒီလို အလန့်တကြား ဖြစ်သွားစေချင်တဲ့နေရာတွေကျမှ အားရှိရှိနဲ့ပြနိုင်အောင် ချွေတာထားသင့်တယ်လို့ ဆိုပါတယ်။

အဲဒီလို ရှောင်ရန်ကလေးတွေ သုံးလေးခုပြောပြီးတော့မှာ ဝင်းဖေရဲ့လုပ်ရပ်တွေထဲက သူ ကြိုက်တာကလေးတွေလည်း ထုတ်နှုတ်ပြောတတ်ပါတယ်။ အဲဒါကလေးတွေကတော့ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဖြစ်နေမှာစိုးလို့ မပြောတော့ပါဘူး။

ဆရာကြီး ဦးသာဓုက နိုင်ငံခြားကားတကား သိပ်ကောင်းတယ်ပြောကြလွန်းလို့ သူ သွားကြည့်တဲ့အကြောင်း၊ အများ ပြောကြသလိုပဲ သိပ်ကောင်းနေတာကိုတွေ့ရတဲ့အကြောင်း၊ ဘာတွေလဲဆိုတော့ ကင်မရာရိုက်ချက်တွေ ဖြစ်နေကြောင်း၊ ကင်မရာရိုက်ချက်တွေဟာ ဘယ်လောက်များတောင် ကောင်းလိုက်ပါလဲဆိုတော့ အဲဒါတွေကိုကြည့်ပြီး တအံ့တသြ ဖြစ်နေရတာနဲ့ပဲ ဇာတ်လမ်းကိုတောင် စိတ်မဝင်စားတော့ပဲ ရုံထဲကထွက်လာတဲ့အခါမှာ ဘာဇာတ်လမ်းမှန်းကို မသိတော့ကြောင်း၊ ဒါဟာ အကြီးအကျယ် ကြောက်စရာကောင်းတဲ့ အချက်ဖြစ်တယ်လို့ ပြောပါတယ်။

ရုပ်ရှင်ကင်မရာ ရိုက်ချက်တွေကောင်းဖို့ဆိုတာ သီးခြားဖြစ်နေလို့မရဘဲ အဓိက ရုပ်ရှင်ဇာတ်လမ်းကို အထောက်အပံ့ ဖြစ်စေတဲ့ ရိုက်ချက်တွေအနေနဲ့ ထူးခြားပြောင်မြောက်ရမှာဖြစ်တယ်လို့ ဆရာကြီးက ဆုံးမပါတယ်။ အလားတူပဲ ရုပ်ရှင် ဂီတဟာလည်း ဇာတ်လမ်းကိုကျော်သွားလောက်အောင် ချွန်ထွက်မနေဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

ရုပ်ရှင်မှာ ပြသမျှ ပြကွက်အားလုံးကို ပရိသတ်က ကောင်းကောင်း နားလည်စေရမယ်၊ ပရိသတ် နားမလည်တဲ့ပြကွက် ဆိုတာ မရှိစေရဘူးဆိုတဲ့ ဥပဒေသကိုသူ မကြိုက်တဲ့အကြောင်း၊ ဘာပြုလို့လဲဆိုတော့ သူ့ဘဝမှာ တွေ့တွေ့ချင်း နားမလည်တာတွေ တော်တော်များများရှိဖူးကြောင်း၊ နောက်တော့မှ ဆက်စပ်ပြီး အော် … ဒါက ဒီလိုကိုးဆိုပြီး သဘောပေါက် နားလည်သွားရတာတွေရှိကြောင်း၊ ဒါ့ကြောင့် ချက်ချင်း မြင်ရုံနဲ့ နားမလည်နိုင်တဲ့ပြကွက်တွေဟာ ပြခွင့်ရှိကြောင်း၊ ဒါပေမယ့် နောက်ကျရင်တော့ ဒါတွေဟာ ဘာတွေဖြစ်တယ်ဆိုတာကတော့ ပြန်ပြီးဖော်နိုင်ရမှာ ဖြစ်ကြောင်း ပြောပြပါတယ်။

ဒါပေမယ့် ဆရာကြီးကိုယ်တိုင် ရိုက်ပြတာတော့ ဝင်းဖေ မတွေ့ဘူးပါ။ ဆရာကြီးကတော့ တတ်နိုင်သမျှ ရိုးစင်း ရှင်းလင်းနေတာကို ကြိုက်ပုံရပါတယ်။ ဘာဘဲပြောပြော ဆရာကြီးဦးသာဓုရဲ့ လက်ရာ ရုပ်ရှင်ကားတွေဟာ သမရိုးကျကားတွေနဲ့ သိသိသာသာ ကွဲပြားတဲ့ အနုပညာလက်ရာတွေဖြစ်နေတာကတော့ အထင်အရှားပါပဲ။

ကျန်းမာ ချမ်းသာကြပါစေ။

ကျနော် ဝင်းဖေပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts