>Letters from Michigan – 17

>

မစ်ရှီဂန်မှပေးသောစာ(၁၇)
အောင်ဝေး
သြဂုတ် ၁၅၊ ၂၀၁၀


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့မာပါစ။ ရင်ထဲမှာ မကောင်းလွန်းလို့ဒီစာကို ရေးပါတယ်။ ကြားရတာ နားဝမှာ မချမ်းသာလို့ ဒီစာကို ရေးတာပါ။ အကြောင်းကတော့ ဆင်ဖြူ့ မျက်နှာ ဆင်မည်း မကြည့်ရဲတဲ့ အကြောင်းပါပဲ ကိုဒေါင်း။

မကြာသေးခင်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ဇနီး၊ ရန်ကုန်မြို့ မှာ ကွယ်လွန်သွားပါတယ်။ ထုံးစံအတိုင်းပေါ့ လေ၊ ကျန်ရစ်သူ မိသားစုက သတင်းစာမှာ နာရေးကြော်ငြာ ထည့်တာပေါ့ ။ ထည့်တဲ့ အခါကျတော့ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ဇနီး – လို့ထည့်ရတာပေါ့ ။ ဒီလိုပဲ ထည့်ရမှာပေါ့ ။ အခု ကွယ်လွန်သွားတဲ့သူက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ဇနီးပဲ ဟာကို။

ဒါပေမဲ့ ကိုဒေါင်းရေ၊ နအဖ လူကြီးမင်းများက နာရေးကြော်ငြာကို အဲဒီလို ထည့်ခွင့် မပြုပါဘူး။ နအဖ သတင်းစာ တစ်စောင်က “ရဲဘော်သုံးကျိပ်ဝင်” ဆိုတဲ့စာသားကို ထည့်ခွင့် မပေးပါဘူး။

နအဖရဲ့နောက်ထပ် သတင်းစာတစ်စောင်ကကျတော့ “ရဲဘော်သုံးကျိပ်ဝင်” ဆိုတဲ့ စာသားထည့်ဖို့ အထက်ကို အရင် တင်ပြပြီး၊ အထက် အမိန့်ကို စောင့်ရမယ်လို့ ဆိုပါတယ် တဲ့။

ကွယ်လွန်သူရဲ့ ဈာပနကို နေ့ တွင်းချင်းပဲ ကျင်းပကြတာမို့ ကျန်ရစ်သူ မိသားစု အနေနဲ့ အထက်အမိန့် ဆိုတာကိုလည်း စောင့်မနေနိုင်တော့ပါဘူး။ နောက်ဆုံးတော့ သတင်းစာတွေထဲက နာရေး ကြော်ငြာမှာ “ရဲဘော်သုံးကျိပ်ဝင်” ဆိုတဲ့ စာသား မပါခဲ့တော့ပါဘူး။

ဆင်ဖြူ့ မျက်နှာ ဆင်မည်းမကြည့်ရဲဘူး ဆိုတာ အဲဒါပါပဲ ကိုဒေါင်း။ “ရဲဘော်သုံးကျိပ်ဝင်” ဆိုတဲ့ စာလုံး ၅ လုံးဟာ ကမ္ဘာတုန်ခဲ့တဲ့ သမိုင်းကို ဖော်ညွှန်းနေတဲ့ စာလုံးတွေပါ။ ဒီစာလုံး လေးငါးလုံး ထဲမှာ ကျနော်တို့ နိုင်ငံရဲ့ အမျိုးသား လွတ်မြောက်ရေး၊ နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ ဖက်ဆစ် တော်လှန်ရေးတွေ ကိန်းဝပ်နေတယ်၊ ကမ္ပည်း ထင်နေတယ် မဟုတ်လား။

ရဲဘော်သုံးကျိပ် ဆိုတာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ် ဆိုတာ မြန်မာကတင် မကဘူး၊ ကမ္ဘာကပါ သိပါတယ်ဗျာ။ ကွယ်လွန်သွားကြပြီ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ရန်အောင်၊ ဗိုလ်လက်ျာ၊ ဗိုလ်ဗလ စသူတို့ (၂၈)ဦးကနေ၊ အခု သက်ရှိ ထင်ရှား ကျန်ရှိနေသေးတဲ့ ဗိုလ်မှူးချုပ် ကျော်ဇောတို့၊ ဗိုလ်ရဲထွတ်တို့ အထိ ဒီ ရဲဘော်သုံးကျိပ် ဆိုတာ သမိုင်းဝင် အဖွဲ့ အစည်းပါ။

အရှေ့ တောင် အာရှမှာ၊ အာရှမှာ၊ ကမ္ဘာမှာ မျက်မှောက်နိုင်ငံရေး၊ နိုင်ငံတကာ စစ်ရေး လေ့လာတဲ့ သုတေသီတိုင်း သိကြတဲ့ ထင်ထင်ရှားရှား အဖွဲ့ အစည်းပါ။ အမျိုးသား လွတ်လပ်ရေး ကျေးဇူး ကြီးကြီးမားမားကို ရှိတဲ့ အဖွဲ့ အစည်းပါ။

ဆိုပါတော့၊ ကွယ်လွန်သူ ဦးနေ၀င်းလည်း ရဲဘော်သုံးကျိပ်ဝင်ပါပဲ။ ဗိုလ်ဇေယျလည်း ရဲဘော် သုံးကျိပ်ဝင်ပါပဲ။ ဘာကြောင့် မို့လို့ နအဖ မီဒီယာက ဗိုလ်ဇေယျကို “ရဲဘော်သုံးကျိပ်ဝင်” လို့ ဖော်ပြခွင့် မပြုရတာလဲ။ ဒါကတော့ အတော့်ကို မကျေနပ်စရာပဲ ကိုဒေါင်း။ စိတ်ထဲ ရှိတဲ့အတိုင်း ပြောလိုက်ရရင်တော့ နအဖ စစ်အုပ်စု၊ နအဖ စစ်အာဏာရှင် လက်တစ်ဆုပ်စာဟာ အုတ်ဂူကို တံတွေးနဲ့ ထွေးတဲ့ အလုပ်ကို မရှက်မကြောက် လုပ်နေကြတာပါပဲဗျာ။ နအဖရော၊ နအဖနောက်လိုက် မီဒီယာတွေ အားလုံးပါ အုတ်ဂူကို တံတွေးနဲ့ထွေးရုံတင် မကဘူး၊ အလိမ်အညာ မုသာဝါဒ လှိုင်းလုံးတွေ တစ်လုံးပြီး တစ်လုံးနဲ့ ပြည်သူတွေကို မှိုင်းတိုက်နေတာ၊ နိုင်ငံတကာကို မုန်လာဥ လုပ်နေတာပါပဲ ကိုဒေါင်း။

ဒီကနေ့ တပ်မတော်သား အများစု၊ အောက်ခြေက အရာရှိအရာခံ အကြပ်တပ်သားတွေဟာ အဲဒီ စစ်အာဏာရှင်လက်တစ်ဆုပ်စာရဲ့ ကြိုးကိုင် ချယ်လှယ်မှုကို ခါးစည်းခံနေရတယ်။ ဖိနှိပ် ခံနေရတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေး ဗိသုကာ ဖြစ်တယ်၊ တပ်မတော်ရဲ့ ဖခင် ဖြစ်တယ် ဆိုတာ ဒီကနေ့  တပ်မတော်သားတိုင်းက သိကြမှာပါပဲ။ လေးစားကြည်ညိုကြမှာပါပဲ။ ဒါပေမဲ့ စစ်အာဏာရှင် လက်တစ်ဆုပ်စာကတော့ ဒီအထဲ မပါပါဘူး။

သူတို့ စစ်အာဏာရှင် တစ်စုဟာ လက်တွန်းလှည်းကလေး တွန်းပြီး ငရဲပြည် သွားနေတဲ့ သူတွေနဲ့ တူနေပြီ ကိုဒေါင်း။ လက်တွန်းလှည်းကလေးပေါ်မှာ သူတို့ တစ်လျှောက်လုံး ကျူးလွန် ခဲ့တဲ့ ပြစ်မှုတွေ ယမမင်းကြီးဆီ ရောက်ရင် အစစ်ဆေးခံဖို့ တင်လာခဲ့တယ်လေ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်း၊ တပ်မတော်ရဲ့သမိုင်းကို ဖျောက်ဖျက်ပစ်ချင်၊ မှောက်လှန် ပစ်ချင်ကြတဲ့ ဒီ စစ်အာဏာရှင် လက်တစ်ဆုပ်စာ နအဖဟာ ငရဲ မကြောက်၊ ငအုံ မကြောက် ဗိုလ်ဇေယျရဲ့ သမိုင်းကိုလည်း မေ့လျော့ ဖုံးကွယ်ပစ်ဖို့ ၀န်မလေးကြတော့ဘူး ထင်ပါရဲ့ဗျာ။

ဒါပေမဲ့ ကိုဒေါင်း၊ အာဇာနည်မျိုး သေရိုးမရှိ တဲ့။ သူတို့ ဘယ်လောက် ဖျောက်ဖျောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်းက၊ ရဲဘော်သုံးကျိပ် သမိုင်းက ၊ ကုန်ကုန် ပြောကြပါတော့ ဗိုလ်ဇေယျတို့ သမိုင်းက ဘယ်တော့မှ မှေးမှိန် ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် သတင်းစာ နာရေးကြော်ငြာမှာ “ရဲဘော်သုံးကျိပ်ဝင်”ဆိုတဲ့ စာသား၊ နအဖ စစ်အာဏာရှင် တစ်စုက ထည့်ခွင့်မပြုလည်း ဗိုလ်ဇေယျကတော့ ဗိုလ်ဇေယျပါပဲ။ ဗိုလ်ဇေယျကို ရဲဘော် သုံးကျိပ်ဝင် အဖြစ် ပြည်သူတွေက လေးစား အသိအမှတ်ပြုပြီးသားပါ။

တစ်ခုပါပဲ ကိုဒေါင်းရယ်၊ လွန်ခဲ့တဲ့ လေးငါးနှစ်၊ နာမည်ကျော် အနုပညာရှင် တစ်ယောက် ကွယ်လွန်စဉ်တုန်းက၊ နာရေး ကြော်ငြာမှာ “အမျိုးသား ညီလာခံ ကိုယ်စားလှယ်” ဆိုတဲ့ စာသားတွေ စာလုံးမည်းကြီးနဲ့ နအဖ သတင်းစာက ဂုဏ်ပြု ထည့်ပေးလိုက်တာ၊ အသုဘ ပို့တဲ့ ပရိသတ်တောင် အတော် နည်းသွားခဲ့ဖူးတယ် မဟုတ်လား ကိုဒေါင်း။

ကျနော် ယုံပါတယ်။ ရဲဘော် သုံးကျိပ်ဝင် ဆိုတဲ့ စာသား မပါလည်း၊ ဗိုလ်ဇေယျဇနီး ဖြစ်သူရဲ့ ဈာပနကို ပြည်သူတွေ တစ်ခဲနက် ပို့ဆောင်ခဲ့ကြမှာပါပဲ။ ကျနော် ယုံတယ်။
အားလုံးကို သတိရလျက်-

အောင်ဝေး (၅ – ၁၄ – ၁၀)

(မစ်ရှီဂန်မှ ပေးသောစာ – ၁၇ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။ ကဗျာဆရာအောင်ဝေးသည် အမေရိကန် ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts