>election in Dec?

>

ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ဖြစ်နိုင်မည်ဟု
စစ်ခေါင်းဆောင်များ အရိပ်အမြွက် ပြောကြ
ား
ခင်နှင်းလွင်၊ ရန်ကုန်
သြဂုတ် ၁၃၊ ၂၀၁၀

NLD အမာခံများကို မတ်လကုန်ပိုင်းက တွေ့ရပုံ။ ဗိုလ်ချုပ်ကြီးတို့၏ ၂၀၀၈ အခြေခံဥပဒေ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်များကို ဒီမိုကရေစီအရေး လှုပ်ရှားသူ အများစု ခါးခါးသီးသီး ဖြစ်နေကြသည်။ (ဓာတ်ပုံ-Reuters)


စစ်အစိုးရက ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲ နေ့ရက် အတိအကျကို ယခု အချိန်ထိ ထုတ်ပြန် ကြေညာခြင်း မရှိသေးသော်လည်း စစ်ခေါင်းဆောင်များကမူ ရွေးကောက်ပွဲရက်သည် လာမည့် ဒီဇင်ဘာလတွင် ဖြစ်မည်ဟု ဌာန ဆိုင်ရာ အစည်း အဝေးများ၌ ပြောကြားခဲ့ကြောင်း သိရသည်။

“အင်္ဂါနေ့တိုင်း ပြုလုပ် ကျင်းပနေကြ ရေလုပ်ငန်း အစည်းအဝေးမှာ ဒီတပတ်က မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီး ဦးမောင်မောင်သိမ်း တက်တယ်။ ထုံးစံ အတိုင်း ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေ နားထောင်ပြီးတော့ နောက်ဆုံးပြောသွားတာက ရေလုပ်ငန်းရှင်များ အသင်းကို နောက်ထပ် အသစ် ဖွဲ့စည်းမယ် ဆိုတာရယ် နောက် ဒီဇင်ဘာမှာ သူတို့ လူကြီးတွေ အလုပ် ရှုပ်နေမယ် ဆိုတာပါ ထည့်ပြောသွားတယ်” လို့ ရေလုပ်ငန်းရှင်များ အသင်း အစည်း အဝေးကို တက်ရောက်ခဲ့တဲ့ လုပ်ငန်းရှင် တစ်ဦးက ပြောပြပါတယ်။

“သူ ဒီအဖွဲ့ထဲမှာ ရှိချင်မှလည်း ရှိတော့မယ် လို့ ပြောသွားတယ်။ ဒါတွေကို ကြည့်ရင် သူတို့တွေ ဒီဇင်ဘာကို ရွေးကောက်ပွဲ လုပ်ဖို့ ရည်မှန်းထားပုံပဲ” ဟု သူက ဆက်ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပွင့်လင်းသည့် ထုတ်ပြန် ကြေညာချက်များ မထုတ်ပြန်ရုံ သာမက ရွေးကောက်ပွဲ ၀င်မည့် ပါတီများကိုပါ ချုပ်ချယ် ကန့်သတ်နေခြင်းကြောင့် တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရန် မမျှော်လင့် နိုင်ကြောင်း အဆိုပါ လုပ်ငန်းရှင်က ဝေဖန် ပြောဆိုလိုက်သည်။

လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ကျော်ကလည်း ရန်ကုန်တိုင်းကို တာဝန် ယူထားသူ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေက ရန်ကုန်တိုင်း လုံခြုံရေး နှင့် နိုင်ငံရေး အစည်း အဝေးတွင် ဒီဇင်ဘာလတွင် နိုင်ငံ အတွက် အရေးကြီးသည့်ပွဲ ရှိသည်ဟု ပြောဆို ခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ နိုင်ငံရေး စိတ်ဝင်စားသူ တဦးက ထိုပြောဆိုချက်များကို ဝေဖန် ရှုတ်ချလိုက်သည်။

“သူတို့တတွေက ချဲထီ ဂဏန်း ပေးသလို ရွေးကောက်ပွဲကို တစ် ပေးနေကြတယ်။ ဘယ်ဝန်ကြီးက ဘာပြောမလဲ ဆိုတာကို အကုန် နားစွင့်နေရတယ်။ တိုင်းပြည်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အဖြစ် အပျက်ကို စကားထာ ဖွက်နေကြ သလိုပဲ” ဟု သူက ဆိုသည်။

NLDက စစ်အစိုးရ ကျင်းပမည် ဆိုသည့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts