>Kyaw Thu – The White Success Story – Children Art Show

>

အရောင်တွေအားလုံးနဲ့ စုစည်းထားတဲ့ အဖြူထည်တို့ရဲ့ အောင်ပွဲ

ကျော်သူ
သြဂုတ် ၁၂၊ ၂၀၁၀
(ပြည်သူ့ဂုဏ်ရည်မိတ်ဆွေတွေရဲ့ လက်ဆောင် “အများအကျိုး၊ အများကောင်းမှု” တီရှပ်နဲ့ ကိုကျော်သူ)
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ ရေဆေးပန်းချီ ရေးဆွဲ ထားသော ပန်းချီကားချပ် (၄၉) ချပ် တို့အပြင် ပြိုင်ပွဲဝင် ဆုရပန်းချီကားချပ် (၅) ချပ် တို့ကိုလည်း “အဖြူထည်တို့ရဲ့ပွဲ” ခေါင်းစီးဖြင့် ပြခန်းတစ်ရပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည့် “သုခအဟာရ” စားသောက်ဆိုင် (Canteen) နေရာ၌ နံနက် (၈း၀၀) နာရီ အချိန်တွင် မျိုးဆက်သစ် ကလေးငယ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှုဆောင်များ၊ ကော်မတီဝင်များ၊ အသင်းသူ/သားများနှင့် ဖိတ်ကြားထားသော ပန်းချီပညာရှင်ကြီးများ၊  စာနယ်ဇင်း သမားများ၊ ကလေးမိဘများနှင့် ဧည့်သည်တော်များဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပ ခဲ့ပါသည်။ သို့သော် စာနယ်ဇင်းသမား ပြည်တွင်း မီဒီယာအုပ်စုမှာ ပြည်တွင်းဂျာနယ်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဦးကျော်သူတို့၏ သတင်းဓါတ်ပုံများကို ထည့်ခွင့် ဖော်ပြခွင့် မရသည့်အတွက် ကြောင့် လာရောက်သတင်းယူသူ နည်းပါးသည်ကို တွေ့ရသည်။
(ကဗျာရေးလို့ ထောင်ကျသူ ကဗျာဆရာ စောဝေရဲ့ စာ)

အစီစဉ်တွင် မျိုးဆက်သစ် ကလေးငယ်များမှ ပန်းချီပညာရပ် သင်ကြားပို့ချ ပေးခဲ့သော ပန်းချီဆရာကြီး ဦးဝင်းကြည်အား ကန်တော့ပြီး ဆရာကြီးမှ သြ၀ါဒစကား ပြောဆိုပေးခဲ့သည်။ ထို့နောက် ပန်းချီသင်တန်းဆင်း လက်မှတ်များအား ချီးမြှင့်ပေးခြင်းနှင့် အဖြူထည်တို့ရဲ့ပွဲ ပြိုင်ပွဲတွင် ဆုရရှိသော မောင်ရဲလင်းထွန်း (ပထမ)၊ မမေသူသူဇင် (ဒုတိယ)၊ မအိဖြိုးအောင် (တတိယ)၊ မကေဇင်သန့် (အထူးဆု)၊ မောင်ထက်မြတ်နိုင် (အထူးဆု) တို့အား ပန်းချီဆရာကြီး ဦးဝင်းကြည်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် သင်တန်းကြီးကြပ် ဆရာမ ဒေါ်ဧရာမောင်မောင် တို့မှ ဆုများ အသီးသီး ချီးမြှင့်ပေးအပ် ခဲ့ပါသည်။ ဆုရရှိသော မျိုးဆက်သစ် ကလေးငယ်တို့မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

(ကလေးတွေ ကလေးတွေ ကလေးတွေ …)

 မျိုးဆက်သစ် ပန်းချီသင်တန်းဆင်း ကလေးငယ်များနှင့် ဆုရရှိသော ကလေးငယ် (၅) ဦးအတွက် ချီးမြှင့်သော ဆုများ၏ ကုန်ကျစရိတ်ကို ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့၏ သား မောင်ပြည်သိမ်းကျော် (ခေတ္တ U.S.A) မှ ပေးအပ်ခဲ့သည်။  ယင်းလက်ဆောင်ဆု ပန်းချီပစ္စည်းများအား ပန်းချီဆရာကြီးများ ဖြစ်ကြသော ဦးမြသောင်း၊ ဦးကျော်ညွန့်၊ ဦးသက်ညွှန့်ဆု၊ ဦးကြည်ဝင်းနှင့် ဒေါ်နုနု တို့မှ ပေးအပ်ခဲ့သည်။ ထို့အပြင် ပန်းချီဆရာကြီး ဦးသက်ညွန့် မှလည်း ဆုရရှိသော မျိုးဆက်သစ်ကလေးငယ် (၅) ဦးအား သီးခြား ဆုအဖြစ် ဆရာကြီးရေးဆွဲထားသော ရေဆေးပန်းချီကားများနှင့် အမှတ်တရ အနုပညာ လက်ဆောင်များကိုလည်း ချီးမြှင့်ခဲ့သည်။ ယင်းနောက် ပန်းချီပြပွဲ အခမ်းအနားကို ဖွင့်လှစ်ပြီး ဆီထမင်း၊ ကော်ဖီတို့ဖြင့် ကျွေးမွေး ဧည့်ခံခဲ့ပါသည်။ 

(ကိုရဲလွင်၊ စံလင်း၊ ပန်းချီ ဘိုနီ နဲ့ အမှတ်တရစာများ)

ယင်းကဲ့သို့ ဧည့်ခံကျွေးမွေးချိန်တွင် မျိုးဆက်သစ် ကလေးငယ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၏ စီစဉ်မှုဖြင့် ပန်းချီ ပိတ်ကားချပ် အလွတ်ပေါ်တွင် Acrylic ဆေးဖြင့် မျိုးဆက်သစ် ကလေးငယ်တစ်ဦးလျှင် မိမိ နှစ်သက်ရာ အရောင်သုံးရောင်ဖြင့် စိတ်ကြိုက် ရေးဆွဲခြင်းဖြင့် ကလေး (၁၆) ဦးတို့၏ လွတ်လပ်သော သန့်ရှင်းသော  အချုပ်အနှောင်ကင်းသော “အဖြူထည်ပန်းချီကား” တစ်ချပ်ကို ဖန်တီးပေး ခဲ့ကြသည်။

ထူးခြားမှုမှာ မျိုးဆက်သစ် ကလေးငယ်များ ရေးဆွဲထားသော ရေဆေးပန်းချီကားချပ် (၆) ချပ် အား ပြပွဲမကျင်းပမည် အချိန်ကတည်းက ကြိုတင်၍ မြတ်နိုးဂုဏ်ယူစွာဖြင့် ၀ယ်ယူအားပေးမှုကို ရရှိခဲ့သည်။ ပန်းချီပြပွဲ ပြီးဆုံးသွားချိန်တွင် စုစုပေါင်း မျိုးဆက်သစ် ကလေးငယ်များ၏ အဖြူထည် ပန်းချီကားချပ် (၁၆) ချပ်အား ဂုဏ်ယူမှုဖြင့် အားပေးဝယ်ယူခြင်းကို ရရှိခဲ့သည်။
(ဂီတသမား ကိုရဲလွင်ကို ကလေးများနှင့်အတူ တွေ့ရစဉ်)

၎င်းအပြင် လာရောက်အားပေး ချီးမြှင့်ကြသော အနုပညာသမားများ ဖြစ်ကြသော ကဗျာဆရာ ကိုစောဝေ၊ ဂီတပညာရှင် ကိုရဲလွင် (မဇ္စျိမလှိုင်း)၊ တေးသံရှင် ကိုစံလင်းတို့ အဖွဲ့သားများနှင့် မျိုးဆက်သစ် ကလေးငယ်များအား ဦးကျော်သူမှ မိတ်ဆက်ပေးကာ ကဗျာအကြောင်း၊ ဂီတအကြောင်း များကို ကလေးငယ်များအား ပြောကြားသွားသည်။ မျိုးဆက်သစ် ကလေးငယ်များထဲမှ ဂီတအား ၀ါသနာပါသော ကလေးငယ်များက ဂီတပညာရှင် ကိုရဲလွင် (မဇ္စျိမလှိုင်း)အား အဆိုပညာရပ်ကို သင်ကြားပေးပါရန် တောင်းဆိုကြပြီး ကိုရဲလွင်မှလည်း ကျောင်းပိတ်ရက်များတွင် ညှိနှိုင်း၍ သင်ကြား ပေးမည်ဟု ပြောဆိုသွားသည်။

မျိုးဆက်သစ် ကလေးငယ်တို့၏ ငြိမ်းချမ်းစွာရေးဆွဲထားသော ရေဆေးပန်းချီကားချပ်များ အပေါ် ကြွရောက်လာကြသော စာပေ၊ ဂီတ၊ ပန်းချီ အနုပညာသမားများ၊ ဧည့်သည်တော်များ၊ ကလေးမိဘများမှလည်း အဖြူထည်တို့အပေါ် မြင်မြင်သမျှ ခံစားရသော ရင်တွင်းမှ ပီတများကို စာမျက်နှာပေါ် ကမ္ဗည်းတင် မှတ်တမ်းတင် ရေးသားဂုဏ်ပြု ခဲ့ပါသည်။

            ထို့ကြောင့် ယနေ့ ၈.၈.၂၀၁၀ (တနင်္ဂနွေ) နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အနာဂတ်အတွက် ယုံကြည်စိတ်ချရတဲ့ “အဖြူထည် မျိုးဆက်သစ်များ” အား အများပြည်သူတို့နှင့် ထိတွေ့ မိတ်ဆက်ပေးခဲ့သော မင်္ဂလာရှိသော နေ့ထူးနေ့မြတ် တစ်နေ့ (သို့) အရောင်တွေ အားလုံး စုစည်းထားသော အဖြူထည်တို့၏ အောင်ပွဲခံသော နေ့တစ်နေ့ပင် ဖြစ်တော့သည်။
             (အယ်ဘန်ကို ဒီနေရာမှာ သွားကြည့်နိုင်ပြီ – http://picasaweb.google.com/moemaka.org/FFSSYangonCommunityCharityServices2010# )
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts