>Thaw Nyain – 88 , Myan Than Tint and Mya Than San

>

၈၈၈၈ အချိန်အခါ မြသန်းတင့် မြသန်းစံ အမှတ်တရ
သော်ညိမ်
သြဂုတ် ၈၊ ၂၀၁၀

“ကိုသောင်းညိမ်းကလဲ… ကျနော့်စာအုပ်ထုတ်ရင် ရှုံးနေမှာပေါ့။ မြတ်နိုင်တဲ့ ပေါ့ပ်တွေ ထုတ်ပါလား”
ကျနော်သည် ရင်ထဲတွင် ဒိန်းကနဲ တချက်ပြင်းထန်စွာ လှုပ်ရှားသွားပြီး နှုတ်မှလည်း လွှတ်ကနဲ တုန့်ပြန်စကား ချက်ခြင်း ထွက် သွားခဲ့လေသည်။
“ဟာ…ဆရာကလဲ…”
ငါ့ကို ဆရာက စမ်းလိုက်တာလား…ဟူသော သိချင်စိတ်ဖြင့် ကျနော်သည် ဆရာမြသန်းတင့်၏မျက်နှာပေါ်တွင် အဓိပ္ပာယ်တစုံ တရာ တွေ့လေမလား အပြေးအလွှား ရှာဖွေကြည့်လိုက်မိ၏။
ကျနော်တို့သည် ၁၉၈၈၏ ဇွန်လဆန်း၊ တခုသော တနင်္ဂနွေတွင် (ဆရာ့အိမ်မှ လမ်းလျှောက်လာလျှင်ရသော) အာဇာနည်ကုန်း “ရွှေဘ” ထမင်းဆိုင်အနီးမှ (ဘားလမ်းမှရွှေ့လာသည့်) “မုတ်ဆိတ်” လက်ဘက်ရည်ဆိုင်တွင် ထိုင်စကားပြောနေကြခြင်း ဖြစ်ပါသည်။
ဆရာ၏မျက်နှာပေါ်တွင် စမ်းသပ်ခြင်းဆိုင်ရာ အရိပ်ကလေး အတွန့်ကလေးတချက်ကိုမျှ မတွေ့ရပါ။ ဆရာသည် တကယ်ပင် ကိုယ်ချင်းစာစိတ်ဖြင့် (သူများ၏ထုတ်ဝေခွင့်ကဒ်နှင့်) ဘ၀တွင် ထုတ်ဝေသူလုပ်ရန် ပထမဆုံးအကြိမ် ကြံနေသည့် ကျနော့်အား နောက်ဆုတ်လိုက ဆုတ်နိုင်ရန် အကြံပေးနေခြင်းဖြစ်ကြောင်း၊ ထူထဲလှသော ဆရာ၏ မျက်မှန်နောက်မှ  မျက်လုံးအစုံထဲတွင် ဆရာ၏ ရိုးသားကြင်နာစွာနှင့် ကျနော့်အပေါ် ပူပန်နေမှုစေတနာကို ကျနော် မြင်တွေ့လိုက်ရလေသည်။
နံဘေးမှ ကိုကျော်စွာ(ချစ်ဦးညို)၊ မြသန်းစံ၊ ကိုခင်ဇော်(ဟန်သစ်မဂ္ဂဇင်း)(ကိုကျော်စွာ၏ညီ)တို့ကို ဆရာ့အား ကျနော့် အတွက် တစုံတရာပြောပေးစေလိုသော စစ်ကူတောင်းသည့် အကြည့်ဖြင့် ကျနော်မှ ကြည့်လိုက်ပါသည်။ သူတို့အားလုံး ကား မတုန်မလှုပ် ကျောက်ရုပ်။
မြသန်းစံက ရေနွေးကြမ်းတခွက်အား ကဗျာကရာကောက်မော့လိုက်ပြီး၊ ကိုချစ်ဦးညိုမှ ဆေးလိပ်မီးခိုး ထောင်းထောင်း ထအောင် ဖွာနေ၏။ ကိုခင်ဇော်သည် ဆရာမြသန်းတင့်၏နောက်မှ ဖြတ်၍ပြေးနေသော ဆေးလိပ်မီးခိုးတန်းများကြား မှနေ၍ လက်ဘက်ရည်ဆိုင်တဲ၏နောက်ဘက် နံရံအပြည့်ချိတ်ဆွဲထားသည့်  ဆေးလိပ်ကြော်ငြာဆိုင်းဘုတ်ကြီးထဲမှ အမေရိကန်ကောင်းဘွိုင်ဝတ်စုံ အပြည့်နှင့် မြင်းခြံတောင်သာဆေးပေါ့လိပ်ခဲထားသော နွားကျောင်းသားအား မမှိတ် မသုံကြည့်နေလေ၏။
ကိုခင်ဇော်ကြည့်ရာသို့ ကျနော်လည်း အသိမဲ့စွာလိုက်ကြည့်နေရာ မြင်းခြံတောင်သာဆေးလိပ်ကြော်ငြာထဲမှ မြန်မာ ပြည်ကောင်း ဘွိုင်သည် သူ၏တက္ကဆက်စ်ဦးထုတ်အောက်မှနေ၍ “ဆရာ့ကို မင်းဟာမင်းကြည့်ပြော၊ သူများ အားကိုး မနေနဲ့” ဟု ကျနော့်အား လှမ်းဟောက်လိုက်သလို ခံစားလိုက်ရလေသည်။
“ဆရာ၊ ကျနော် ဆရာ့စာအုပ်ပဲထုတ်မှာ၊ စစချင်း ဆရာ့စာအုပ်နဲ့ပဲ ဒီထုတ်ဝေရေးကိုစချင်တာ”
ကျနော်က ရဲရဲကြီးပြောချလိုက်၏။ ဆရာမြသန်းတင့်မှ ခေါင်းတချက်ညှိတ်လိုက်ကာ ရေနွေးကြမ်းခွက်ကို ကောက်ကိုင် လိုက်သည် တွင် ရဲဆေးဝင်သွားသော ကျနော်မှ ဆက်၍ပြောလိုက်ပြန်၏။
“ဆရာ့စာအုပ်ကို နံမည်တောင်ပေးပြီးပြီ”
“ဟာ…တယ်ဟုတ်ပါလား၊ ဘာတဲ့တုံးဗျ”
ဆရာမှ အပြုံးတချက်ဝင့်လိုက်ပြီး ရေနွေးကြမ်းကို မော့သောက်လိုက်ပါသည်။
“မြသန်းတင့်၏ လက်ရွေးစင်ဝတ္ထုတိုများ (၁)”
“ဟာ…(၁) ဆိုပါလား။ တအုပ်ထဲ ထုတ်မှာအောက်မေ့နေတာ”
ဆရာမှ ရယ်ရယ်မောမောပြောလိုက်သောအခါ အပြုံးအပျော်များ အားလုံးထံကူးစက်သွားပြီး ကိုချစ်ဦးညိုမှ ဥဒါန်း ရင့်ကျူးလိုက် လေသည်။
“ကဲ စာအုပ်ထုတ်ဖြစ်သွားပြီ၊ “မြသန်းတင့်၏ လက်ရွေးစင်ဝတ္ထုတိုများ(၁)” ထုတ်ဝေခြင်း အထိမ်းအမှတ်ကို ကုက္ကိုင်း က “ပြည့်ဝ”မှာ ဆယ်လီဘရိတ်လုပ်မယ်။ ဆရာပါ (ပါရဂူ) ကိုလဲဖိတ်မယ်၊ ကိုသောင်းညိမ်းဘော်ဒါကြီး ၀မ်းပိုင်းလော့ (လေသူရဲတဦး)ကိုလဲ ဘိတ်မယ်”
စာအုပ်ထုတ်ရန် ဆရာမြသန်းတင့်သဘောတူလျှင် ဆက်လုပ်ရန် ကျနော်တို့အားလုံး တိုင်ပင်ထားသည့်အစီအစဉ်များ ထဲမှ အစီအစဉ်နံပါတ်(၁)ကို ကိုချစ်ဦးညိုမှ ဆရာမြသန်းတင့်အား အသိပေးနေခြင်းဖြစ်ပါသည်။
ဤသို့ဖြင့် ကျနော်နှင့် ကိုခင်ဇော်သည် ဆရာမြသန်းတင့်နေထိုင်ရာ စမ်းချောင်း ဖျာပုံလမ်းမှ အိမ်သို့ မကြာခဏရောက် နေလေတော့၏။
အလွန်တရာမှသန့်ရှင်းဖြူစင်လှသည့် စာရေးခြင်းဝင်ငွေဖြင့် ဆောက်လုပ်ထားသော ဆရာမြသန်းတင့်၏ လှပသပ်ယပ် နှစ်ထပ် တိုက်လေးတွင် ဆရာ့ကိုတွေ့ရခဲသည်။ တိုက်ကလေး၏နံဘေးမှ ပျဉ်ထောင်ကာတထပ်အိမ်ကလေးတွင်သာ ဆရာမှ အမြဲလိုရှိ နေ၏။ ထိုအိမ်ကလေးသည် ဆရာမြသန်းတင့်၏ စာရေးခြင်းအလုပ်ခန်းတည်း။
ကျနော်တို့သွားလျှင် နှစ်ထပ်တိုက်ကလေးတွင် ဆရာမြသန်းတင့်၏ဇနီးကို အရင်တွေ့ကြရ၏။ ဆရာကတော်မှ ပျဉ်ထောင်အိမ် ကလေးနှင့် နှစ်ထပ်တိုက်ကို ဆက်သွယ်ထားသည့် ခေါင်းလောင်းကြိုးကလေးကို ဆွဲလှုပ်ခြင်းဖြင့် ဧည့်သည်ရောက်နေကြောင်း ဆရာမြသန်းတင့်အား အသိပေးလိုက်၏။ ထိုအခါ ဆရာမှ သူ၏ရေးလက်စစာကို ဆက်ရေးနေလိုသေးလျှင် ကျနော်တို့ကို “(၁၅) မိနစ်၊ မိနစ်(၂၀)လောက် စောင့်ဦးဗျာ”ဟု လှမ်း၍ဆိုတတ်၏။ တခါတရံ ချက်ချင်းပင် ပျဉ်ထောင်အိမ်ကလေးမှ နှစ်ထပ်တိုက်သို့ ကူးလာကာ ကျနော်တို့နှင့် တွေ့၏။ ဆရာသည် အိမ်မှာ နေချိန်အပြည့် စာရေးသူဖြစ်ရာ ဧည့်သည်ကြောင့် စာရေးခြင်းကို အနှောက်အယှက်မဖြစ်စေရန်၊ ဆရာ၏ ဧည့်သည်နှင့်တွေ့ခြင်း စီစဉ်ထားပုံကို ကျနော်မှ နှစ်ခြိုက်သဘောကျနေခဲ့၏။
စာအုပ်ထုတ်ဝေရေးကျွမ်းကျင်သူ ကိုခင်ဇော်နှင့် ကျနော်သည် ဆရာရွေးချယ်ပေးသော ဆရာ၏ ၀တ္ထုတိုဟောင်းများ ကို တကယ် တမ်း စုဆောင်းကြရာတွင် အခက်အခဲမကြုံကြရ။ ဆရာ၏၀တ္ထုတိုဟောင်းများကို တပါးသူမှ ရွေးချယ်ခြင်း မဟုတ်ဘဲ ဆရာ့စိတ် ကြိုက် ရွေးချယ်သည့်ဝတ္ထုတိုများကိုသာ ကျနော်မှ စုစည်းထုတ်ဝေလိုသည်ဖြစ်ရာ “မြသန်းတင့် ၏ လက်ရွေးစင်ဝတ္ထုတိုများ” ဟု ကိုချစ်ဦးညိုမှ အမည်ပေးထားခြင်းဖြစ်၏။
ရှေးဦးစွာ ဆရာသည် ဆရာ၏၀တ္ထုတိုများစာတမ်းနှင့် မဟာဝိဇ္ဇာ(မြန်မာစာ)ဘွဲ့ယူထားသည့် ကျောင်းသူဟောင်းတဦး ထံမှ ဆရာ ၏ဘ၀တလျှောက်ရေးသားခဲ့သည့် ၀တ္ထုတိုများစာရင်းကို တောင်းယူရ၏။ ဘ၀တလျှောက် ကိုကိုးကျွန်း တွင်အနေများသည့် ဆရာ မြသန်းတင့်ဆီတွင် လွတ်လပ်ရေးရစအချိန်မှစ၍ မဂ္ဂဇင်းမျိုးစုံ၌ တဘ၀လုံး ရေးသားခဲ့သည့် ၀တ္ထုတိုများ၊ စီကာစဉ်ကာ ဘယ်မှာရှိနိုင် ပါတော့မည်နည်း။
အဆိုပါကျောင်းသူဟောင်းမှ သပ်သပ်ရပ်ရပ်လက်နှိပ်စက်ရိုက်၍ပေးပို့လာသော ဆရာမြသန်းတင့်၏ ၀တ္ထုတိုများ စာရင်းကို ကျနော်တို့ဝိုင်းဖတ်ကြပြီး၊ ဆရာမြသန်းတင့်ကိုယ်တိုင် အပါအ၀င် ကျနော်တို့ ရင်ခုန်လှုပ်ရှားကြရ၏။ အချို့သောဝတ္ထုတိုများကို ခေါင်းစဉ်ကြည့်ပြီး ဘာအကြောင်းရေးထားသည်ကို ဆရာမြသန်းတင့်ပင် မမှတ်မိပေ။
ထိုသို့သောဝတ္ထုတိုများ ရေးသားခဲ့ချိန်နှင့် ယခုဝတ္ထုတိုစာရင်းကိုဖတ်ကြည့်ချိန်တို့ ကြားမှ ဆယ်စုနှစ်များစွာတွင်၊ ထောင်နှင့်အိမ် ၀င်လိုက်ထွက်လိုက်ဖြစ်နေသည့် ဆရာမြသန်းတင့်၏စာရေးဆရာဘ၀သည် အချို့ဝတ္ထုတိုဟောင်း တို့အား ခေါင်းစဉ်ကိုကြည့်ရုံ နှင့် စာပေအနုပညာရေးသားဖန်တီးခဲ့သည့် ကာယကံရှင်စာရေးဆရာအား သူ့ဇာတ်လမ်း ကို မှတ်မိခွင့်မပေးတော့ပေ။
ဆရာ၏၀တ္ထုတိုများနှင့် မဟာဝိဇ္ဇာဘွဲ့ယူခဲ့သူ၏ သုတေသနပြုထားခြင်းအား လက်ဖျားခါလောက်အောင် ကျနော်တို့ ချီး ကျူးခဲ့ကြ ၏။ ဆရာ၏ ပထမဆုံးသောဝတ္ထုတိုမှသည် လ၊ ခုနှစ်သက္ကရာဇ်အစီအစဉ်အတိုင်း ၀တ္ထုတိုများ ပါဝင်သည့် မဂ္ဂဇင်းများ၊ ဂျာနယ် များကို နှစ်၊ လ၊ အတွဲနံပါတ်၊ အမှတ်နံပါတ်များနှင့်တကွ တခုမကျန် မှတ်တမ်း ပြုစုထားလေ သည်။
စာရင်းကိုဖတ်ကြည့်၍မဆုံးမီ ဆရာ့ထံမှာလည်းမရှိသည့် ဆရာ့ဝတ္ထုတိုတွေ ဘယ်မှာသွားရှာရမည်နည်းဟု ကျနော်မှ ရင်မော နေခဲ့မိ၏။
သို့သော် ၀တ္ထုတိုစာရင်းဆုံးသွားသောအခါ မှတ်ချက်အဖြစ် စာရင်းပါဝတ္ထုအားလုံးပါဝင်သည့် မဂ္ဂဇင်းများ ဂျာနယ်များ အားလုံး သည် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင်ရှိသည်ဟု ဖော်ပြထားရာ၊ မဟာဝိဇ္ဇာဘွဲ့ပိုင်ရှင်အား ကျနော်တို့မှ လူမမြင်ဖူးဘဲ ချီးကျူးပြီးရင်းချီးကျူးရင်း ဖြစ်ခဲ့ကြ၏။
ကျနော်သည် ဆရာမြသန်းတင့်စိတ်ကြိုက်ရွေးချယ်သည့် ၀တ္ထုတိုများအား ဆယ်စုနှစ်တစုစာစီ ပိုင်း၍ တအုပ်စီထုတ်  မည်ဟု စိတ်ကူးထားရာ၊ “မြသန်းတင့်လက်ရွေးစင်ဝတ္ထုတိုများ(၁)”တွင် ဆရာ ၀တ္ထုတိုစတင်ရေးသားသည့် ဒုတိယ ကမ္ဘာစစ်ပြီးစအချိန်မှ စ၍ ၁၉၅၉ အတွင်း၊ ဆရာစိတ်ကြိုက်ရွေးချယ်သည့် ၀တ္ထုတိုများပါဝင် မည်ဖြစ်၏။
သို့နှင့် ကျနော်နှင့် ကိုခင်ဇော်သည် စစ်ပြီးစအချိန်မှ တာရာ၊ စာပေသစ်၊ ရှုမ၀တို့ရှိရာ ရန်ကုန်တက္ကသိုလ် စာကြည့် တိုက်သို့ ပြေး ကာ ကိုမြင့်ဆွေ (ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏မြေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်ပွားပါတီ အမျိုးသားဒီမိုကရေစီပါတီ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၁၉၉၀နှစ်တွေ နှောင်းပိုင်းမှ ထောင်မှလွတ်လာည့်) စာရေးဆရာ “တင်ဆွေမိုး” ကို အကူအညီတောင်းကြရ၏။
ကျနော်တို့ သည် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်အနီးမှ “သိပ္ပံ”စားသောက်ဆိုင်တန်း(Science Canteen)တွင် ကိုမြင့်ဆွေနှင့် ချိန်းတွေ့ကာ ကျနော်တို့လိုချင်သော မဂ္ဂဇင်း၊ ဂျာနယ်များမှ ဆရာမြသန်းတင့် ၀တ္ထုတိုများကို မိတ္တူ ကူးယူရေး ဆွေးနွေးကြ၏။
အချိန်မှာ ၁၉၈၈ ဇ်လအလယ်ဖြစ်ပြီး ကျောင်းသားများ၏ (ဇွန်၂၁ အရေးအခင်းကို ဦးတည်သည့်) လှုပ်ရှားမှုများမှာ လည်း ရန်ကုန်တက္ကသိုလ်ထဲတွင် တိုးတိုးတမျိုး၊ ကျယ်ကျယ်တလှည့် စတင်နေပြီဖြစ်၏။ ကျောင်းပိတ်ထားသော် လည်း တက္ကသိုလ်ဝင်း အတွင်း မှ စာကြည့်တိုက်အပါအ၀င် တက္ကသိုလ်ရုံးများမှာ ရုံးချိန်အတိုင်းဖွင့်ထားသဖြင့် ကျနော်နှင့်ကိုခင်ဇော်မှာ ကိုမြင့်ဆွေအား သွားတွေ့ နိုင်ခြင်းဖြစ်၏။
ကိုမြင့်ဆွေနှင့်ဆွေးနွေးမှုအရ ဆရာမြသန်းတင့်၏၀တ္ထုတိုများကို မိတ္တူကူးရေးမှာ၊ စာကြည့်တိုက်ရုံးမှ မိတ္တူကူးစက်ဖြင့် မဖြစ်နိုင် ပေ။ တပုဒ်နှစ်ပုဒ်ဆိုဖြစ်နိုင်သော်လည်း  “မြသန်းတင့်၏ လက်ရွေးစင်ဝတ္ထုတိုများ(၁)”မှ ၀တ္ထုတို(၁၇)ပုဒ်လုံး ကို စာကြည့်တိုက်၏ မိတ္တူကူးစက်ဖြင့် ကူးခွင့်ရမည်မဟုတ်ပေ။ စာကြည့်တိုက်သို့ နေ့တိုင်းလာ၍ လူငါးယောက်ခန့်မှ ဆရာမြသန်းတင့်၏ ၀တ္ထုတို(၁၇) ပုဒ်အား လက်ရေးဖြင့်ဝိုင်းကူးကြလျှင်တော့ နှစ်ရက်သုံးရက်နှင့် ပြီးနိုင်၏။ သို့သော် တကယ်တမ်းတွင် စီစဉ်ဖို့ မလွယ်။ လူငါး ယောက် လက်ရေးနှင့်ဝိုင်းကူးကြသည့် ဆရာမြသန်းတင့်၏၀တ္ထုတိုများထဲမှ စာပိုဒ်လိုက်၊ ၀ါကျလိုက်၊ စာလုံးလိုက် ပြုတ်ကျကျန် နေမှုများဖြစ်လာခဲ့လျှင်….။ ကျနော် ဆက်ပြီး မတွေးရဲပေ။
မိတ္တူကူးရုံမှတပါး အခြားမရှိပြီ။
“ကိုမြင့်ဆွေရာ၊ လှည်းတန်းက ကော်ပီယာဆိုင်တွေမှာ သွားကူးပြီး အော်ရီဂျင်နယ်မဂ္ဂဇင်းတွေ ချက်ချင်း ပြန်လာပေး မယ်ဗျာ။ အလွန်ဆုံးကြာ နှစ်နာရီပေါ့။ ကျနော်နဲ့ကိုခင်ဇော်နဲ့ လူခွဲပြီး လှည်းတန်းက ရှိသမျှကော်ပီယာဆိုင်တိုင်းမှာ မျှပြီး ကူးပစ်လိုက်မယ်။ အချိန်ကုန်သက်သာအောင်”
ကျနော်မှ ကိုမြင့်ဆွေအား ဂျီကျ၏။
“အဲဒါတော့ ဖြစ်မယ်မထင်ဘူး၊ ဒီရှားပါးစာအုပ်တွေအကုန်လုံး ခင်ဗျားတို့ကို ပေးလိုက်မယ်မထင်ဘူး။ မယုံလို့မဟုတ် ဘူး၊ ကူးရင်း ပြုရင်းနဲ့ ပေတာတို့ စွန်းတာတို့ စာအုပ်တွေပေါ်မှာဖြစ်လာမှာစိုးလို့”
“ဒီလိုဆို တအုပ်ချင်း နှစ်အုပ်ချင်း တခေါက်စီသွားကူးမယ်၊ တခေါက်ပြီးရင် တခါပြန်လာပို့မယ်၊ ငါးခေါက် ခြောက် ခေါက်လောက် တော့ ကြာလိမ့်မယ်။ တနေ ကုန်ပလေ့စေဗျာ”
“ဟာ အဲဒါဆိုရင်တော့ ဖြစ်နိုင်တယ်၊ ကျနော့်အထက်ကို ပြောကြည့်မယ်၊ ထုတ်မှာကလည်း ဆရာမြသန်းတင့် စာအုပ် ဆိုတော့ ရနိုင်တယ်”
ကိုမြင့်ဆွေမှ အားတက်သရောပြောလာသဖြင့် ကျနော်မှလည်း အားတက်သရော ပြန်မေးလိုက်၏။
“ကိုမြင့်ဆွေရဲ့အထက်က ဘယ်သူလဲ”
“ဒေါ်ကျော့ကျော့ဆိုတာ”
“ဟာ ဖြူဖြူချောချော၊ ကျောက်ကုန်းမှာနေတဲ့ဆရာမကြီး ဒေါ်ကျော့ကျော့လား”
 “ဟာ ဟုတ်တယ်။ ခင်ဗျားက ဘယ်လိုလုပ်သိတာလဲ”
“ကြာလှပြီဗျ၊ ကျနော်က ဆရာမကြီး ဒီစာကြည့်တိုက်မှာ ရှိဦးမယ်တောင် မစဉ်းစားမိဘူး။ ရန်ကုန် တက္ကသိုလ် ရွှေရ တုအချိန် ၁၉၇၀ က ပေါ့။ ကျနော်က ရန်ကင်းအထက(၂)မှာ (၇)တန်း။ နွေရာသီကျောင်းပိတ်ရက်မှာ (၇)တန်းကနေ (၁၀)တန်း အထိ တယောက်စီကို၊ ကျောင်းက ရွေးပြီး ဒီစာကြည့်တိုက်မှာလာပြီး စာကြည့်တိုက်သင်တန်း(၁)လ တက် ဖို့လွှတ် တော့ ကျနော်တို့တွေ ရွှေရတု အချိန် ဒီတက္ကသိုလ်ပွဲခင်းထဲ ဆိုင်းသံ ဗုံသံတွေကြားမှာ သင်တန်းလာတက်ကြ တာ။ ဒေါ်ကျော့ကျော့က ကျနော်တို့ရဲ့သင်တန်း ဆရာမ ပေါ့။ ဒါလောက် ကြာလှပြီ။ ဆရာမကြီးက ကျနော့်ကို ဘယ် မှတ်မိ မှာလဲ”
“စာကြည့်တိုက်ဝန်ထမ်း၊ စာကြည့်တိုက်မှာပဲ တသက်လုံးနေတယ်။ ဘယ်မှ မရွှေ့ဘူး။ ဒါဆို ကိုသောင်းညိမ်း ကျနော် နဲ့လိုက်ခဲ့၊ ဒေါ်ကျော့ကျော့ကို ကျနော်တို့ နှစ်ယောက်ဝင်တွေ့မယ်။ ခင်ဗျားတို့ တအုပ်ချင်း နှစ်အုပ်ချင်းတောင် မဟုတ် ဘူး။ (၁၇)အုပ်လုံး တခါထဲ ရသွားနိုင်တယ်”
ကိုမြင့်ဆွေမှ ၀မ်းသာအားရနှင့် ကျနော့်အား ဒေါ်ကျော့ကျော့ရုံးခန်းထဲ ခေါ်သွားခဲ့၏။ ဆရာမကြီးအား အတိတ်ကို လှန် ၍ ကိုမြင့်ဆွေမှ ကျနော်နှင့်မိတ်ဆက်ပေးပြီး အကျိုးအကြောင်းပြောပြရာ ဆရာမကြီးမှလည်း ၀မ်းမြောက်စွာဖြင့် ကျနော်တို့အား ယုံယုံ ကြည်ကြည်နှင့် ဆရာမြသန်းတင့်၏၀တ္ထုတိုများပါဝင်သည့် မဂ္ဂဇင်းဂျာနယ်(၁၇)အုပ်လုံးအား နေ့ချင်းပြန် ငှားရမ်းခွင့်ပြုလိုက်ပါ သည်။ ကံကောင်းလေစွ။ ဒေါ်ကျော့ကျော့နှင့်ကိုမြင့်ဆွေတို့ အား ကျေးဇူးအထူးတင် လေစွ။
ကျနော်နှင့် ကိုခင်ဇော်တို့သည် တက္ကသိုလ်စာကြည့်တိုက်မှသည် ပုဂံလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း လှည်း တန်း ဘက်သို့ ငှက်သွင်ပျံကြွမတတ်ခြေလှမ်းများဖြင့် အပြေးလေးလာခဲ့ကြရာ အဓိပတိလမ်းထိပ် တက္ကသိုလ်စာတိုက် ရှေ့တွင် ကျောင်းသားတ ချို့ စုရုံးနေကြကာ ပိတ်ထားသော အဓိပတိလမ်းဝင်ပေါက် အကြီးအသေးနှစ်ခုလုံးကို မကျေ မနပ်နှင့် ပြောဆိုနေသံများ ကြားခဲ့ ကြရ၏။ 
ကျနော်တို့ကား ကျနော်တို့၏ “မြသန်းတင့်” ဈာန်နှင့် လှည်းတန်းက ကော်ပီယာဆိုင်များတွင် ပြေးလိုက်လွှားလိုက်ရှိ နေ၏။
နောက်ရက်ပိုင်းအတွင်း ဇွန်(၂၁)အရေးအခင်း၊ နောက်လပိုင်းအတွင်း သမိုင်းဝင်(၈၈၈၈)အရေးတော်ပုံကြီးဖြစ်လာ လိမ့်မည်ဟု တပြည်လုံး မည်သူက ကြိုတင်သိထားပါမည်နည်း။
“မြသန်းတင့်၏ လက်ရွေးစင်ဝတ္ထုတိုများ(၁)”အတွက် ၀တ္ထုတို(၁၇)ပုဒ်၏မိတ္တူများ တရက်ထဲနှင့် အဆင်ပြေသွားခဲ့ပြီး နောက၊် နောက်ထပ် လုပ်ကြရသည့်ကိစ္စမှာ ထို(၁၇)ပုဒ်အား လက်နှိပ်စက်ရိုက်၍ “စာပေစိစစ်ရေး” သို့ စာမူသုံးစုံတင် ရေးဖြစ်၏။
“မြသန်းတင့်၏လက်ရွေးစင်ဝတ္ထုတိုများ(၁)” အတွက် ဆရာမြသန်းတင့်မှ အတော်ကလေး ဂရုစိုက်၏။ စာအုပ်ထုတ် ခွင့်မရဘဲ “စာပေစိစစ်ရေး”မှ ပယ်ခံရခြင်း မဖြစ်စေရန် ကျနော့်ကို ငဲ့ညှာပြီး ဆရာမှ ဂရုတစိုက် သူ၏ ၀တ္ထုတိုဟောင်း များကို ရွေးချယ်၏။ “ဒါကတော့ ပယ်လောက်တယ်”ဟု ဆရာက ဖယ်လိုက်သည့် ၀တ္ထုတိုအချို့ကို ကျနော်မှ အထွန့် တက်၏။
 “ဆရာ၊ ဒီဝတ္ထုက သိပ်ကောင်းတာပဲ၊ မပယ်လောက်ဘူးထင်တယ်။ ဟိုခေတ် ပါလီမန်ဒီမိုကရေစီခေတ်က လူနေမှု အဖွဲ့အစည်း နဲ့ပဲ ဆိုင်တဲ့ ဥစ္စာ”
“ဘယ်ခေတ်ပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူလူ့အလွှာကို ဝေဖန်ထောက်ပြထားတာဆိုတော့ ဒီခေတ်မှာလဲ သူတို့နဲ့ဆိုင်နေတော့ သူတို့ပယ် မှာပဲ၊ သေချာတယ်” ဟု ဆရာက ရှင်းပြ၏။
ဤသို့ဖြင့် ပြင်ရင်းဆင်ရင်း နောက်ဆုံးစာပေစိစစ်ရေးတင်ရန် အဆင်သင့်ဖြစ်လာသည့်အချိန်မှာ ၁၉၈၈ဇူလိုင်လ နောက်ဆုံး အပတ်ထဲဖြစ်ပြီး မဆလအရေးပေါ်ပါတီညီလာခံခေါ်ကာ ဦးနေ၀င်း၏ “တပ်ဆိုတာ ပစ်ရင် မှန်အောင် တည့်တည့်ပစ်တယ်၊ မိုးပေါ် ထောင်ချောက်တာမပါဘူး” ဟူသည့် ကမ္ဘာကျော်မိန့်ခွန်းချွေသည့်ရက်နား နီးကပ်လာ ခဲ့၏။
ရန်ကုန်မြို့ထဲတွင်လည်း ရွှေဈေး၊ ငွေဈေးနေ့စဉ်ထိုးတက်နေကာ ဈေးဆိုင်များမှာ အလုအယက်ခံရမည်စိုး၍ ပိတ် လိုက်ဖွင့်လိုက် နှင့် ရုတ်ရုတ်သဲသဲ ခဏခဏဖြစ်လာ၏။ ဗိုလ်ချုပ်ဈေးတွင် ဆိုင်ခန်းများမှာ လုယက်ခံရမည်စိုးသဖြင့် ၀ါးရင်းတုတ်ကိုင်၍ ဈေးရောင်းသည့် ဆိုင်များပေါ်လာ၏။
ဤအခြေအနေတွင် “မြသန်းတင့်၏ လက်ရွေးစင်ဝတ္ထုတိုများ(၁)”ကိုထုတ်ဝေရန် အခြေအနေမပေးတော့ပါ။ ဇွန်(၂၁) အရေးအခင်း၊ ဘီဘီစီ၊ ဗိုလ်မှူချုပ်ဟောင်းအောင်ကြီး၏ (၄၁)မျက်နှာစာတမ်း၊ ပြည်နှင့်တောင်ကြီးတို့တွင် အဓိကရုဏ်း များဖြစ်ပေါ်ခြင်း၊ မဆလပါတီညီလာခံတွင် ဦးစိန်လွင် ပါတီဥက္ကဌနှင့် သမတဖြစ်လာခြင်း၊ ဦးနေ၀င်း၏ “တပ်ဆိုတာ ပစ်ရင်မှန်အောင်တည့်တည့် ပစ်တယ်၊ မိုးပေါ်ထောင်ခြောက်တာ မပါဘူး” မိန့်ခွန်း စသည့် လတ်တလောအဖြစ်အပျက် များ တခုပြီးတခု ဆက်တိုက်ဖြစ်ပေါ်လာ ခြင်းနှင့် စစ်အာဏာရှင်စနစ်အောက် တိုင်းပြည်နှင့်လူမျိုး မွဲတေစုတ်ပြတ်လာ ခြင်း စသည့် တဖြည်းဖြည်းစုပေါင်းလာသော အခြေခံအကြောင်းများကြောင့် တတိုင်းပြည်လုံး ပြည်သူလူထုတရပ်လုံး သည် နိုင်ငံ့အရေးဖြစ်သည့် နိုင်ငံတွင်ကောင်းမွန်သော အပြောင်းအလဲသို့ ကူးပြောင်းရေး၊ မဆလ တပါတီ အာဏာရှင် စနစ်ကို တိုက်ထုတ်ပစ်ရေးတို့တွင်သာ ဈာန်ဝင်နေကြကာ အခြား အရေးများကို မစဉ်းစားနိုင်တော့ဘဲ နိုင်ငံရေးဘက် သို့သာ လုံးဝဥဿုံ စိတ်ပါဝင်စားနေကြပြီ ဖြစ်သည်။
ဤအချိန်တွင် စာအုပ်ထုတ်ဝေရေးသည် မဟာ့မဟာစွန့်စားခန်းကြီး ဖြစ်နေလေသည်။ အရောင်းသွက်ရေး ထည့်မစဉ်း စားနှင့်။ စာအုပ်ထုတ်ပြီး မေတ္တလက်ဆောင်ဝေလျှင်ပင် ခေတ္တသိမ်းထားပြီး လောလောဆယ်ချက်ချင်း မည်သူမျှ ဖတ် ကြဦးမည် မထင်ပေ။ ကျနော်အပါအ၀င် မြန်မာနိုင်ငံလူထုတရပ်လုံး၏ဈာန်မှာ နိုင်ငံရေးဖြစ်ပေါ်လှုပ်ရှားနေမှုများ ပေါ် တွင်သာ ကပ်ညိနေကြသည်ဖြစ်၏။
ကျနော်တို့သည် “မြသန်းတင့်၏ လက်ရွေးစင်ဝတ္ထုတိုများ(၁)” ထုတ်ဝေခြင်းအတွက် “ပြည့်ဝ”တွင်လည်း ကိုချစ်ဦးညို ပြောသလို ဆယ်လီဘရိတ်လုပ်ခဲ့ကြပြီးပြီ။ ဆရာမြသန်းတင့်အားလည်း စာမူခ အပြည့်အ၀ ကန်တော့ပြီးပြီ။ လုပ်သင့် လုပ်ထိုက်သည်များကို လုပ်ဆောင်ထားပြီးဖြစ်သဖြင့် “မြသန်းတင့်၏ လက်ရွေးစင်ဝတ္ထုတိုများ(၁)” မထုတ်ဝေနိုင်သေး ခြင်းအတွက် ကျနော်မှ စိတ် စနောင့်စနင်း မဖြစ်။ စိတ်အေးလက်အေး စိတ်ရှင်း၏။ ကျနော်ကိုယ်တိုင်လည်း ၁၉၈၈ ဇူလိုင်လနောက်ပိုင်းမှစ၍ အများပြည်သူနှင့် အတူ နိုင်ငံတွင်ဖြစ်ပျက်နေသည့် အရေးအခင်းများတွင်သာ ဈာန်ဝင်နေ ပြီဖြစ်၏။
 “မြသန်းတင့်၏ လက်ရွေးစင်ဝတ္ထုတိုများ(၁)” မထုတ်ဝေဖြစ်သော်လည်း “မြသန်းတင့်၏ လက်ရွေးစင်ဝတ္ထုတိုများ(၁)” ထုတ်ဝေရေး လှုပ်ရှားခဲ့ကြသော ကျနော်တို့တသိုက်သည် မိသားစုချင်းများပါ ရင်းနှီးခင်မင်ခဲ့ကြ၏။
ကျနော်သည် ငယ်သူငယ်ချင်းမြသန်းစံမှတဆင့် ကိုချစ်ဦးညိုတို့နှင့် ခင်မင်ရင်းနှီးခဲ့ခြင်းဖြစ်သည်။ ကိုချစ်ဦးညိုမှတဆင့် “မြသန်းတင့်၏ လက်ရွေးစင်ဝတ္ထုတိုများ(၁)”ကိုအကြောင်းပြု၍ ဆရာမြသန်းတင့်အား မြသန်းစံနှင့်ကျနော်တို့ သိကျွမ်း ခွင့်ရခဲ့ခြင်း ဖြစ်၏။ “သဘင်”မဂ္ဂဇင်းတွင် ၀တ္ထုတိုလေးများပါစပြုပြီး သူနှင့်နံမည်မနီးရိုးစွဲဖြစ်သည့် စာရေးဆရာလောင်း လျာ ဗိုလ်ကြီးမြသန်းစံအား ဆရာမြသန်းတင့်မှလည်း ခင်မင်ရင်းနှီးခဲ့၏။
ရန်ကန်ုတက္ကသိုလ်ကျောင်းသားဘ၀တွင် စာပေနှင့်ဂီတကို ၀ါသနာပါသည့် မြသန်းစံနှင့် ကျနော်တို့နှစ်ယောက် တွဲမိ ကြ၏။ သူက လှိုင်နယ်မြေသဘာဝသိပံ္ပတက္ကသိုလ် ပထမနှစ်၊ ကျနော်က ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ဒုတိယနှစ် တွင် ကျနော်တို့နှစ်ယောက် ဂစ်တာတွေတကားကားလွယ် ဘတ်(စ်)ကားတွေတိုးစီးပြီး ပလေးဘွိုင်းသိန်းတန်၏ ဂစ်တာ ကျူရှင်ကိုတက်ကြ၏။ ကျနော်က ကိုသိန်းတန်ကျူရှင်တ၀က်တပျက်ဖြင့် မေမြို့သို့ရောက်သွားသဖြင့် ဂီတ ဘက်နှင့် ဝေးသွား၏။
ငယ်ငယ်ကတည်းက ဘေ့စ်ဂစ်တာ ကောင်းစွာတီးတတ်သည့် မြသန်းစံသည် သီချင်းလည်းရေးတတ်ကာ၊ ဖြူသီ၏ “မိုင်ပေါင်း ကုဋေ”စီးရီးတွင် သူ့လက်ရာ သီချင်းသုံးပုဒ်ကိုတွေ့ရ၏။ ၁၉၈၄တွင် ကျနော် ရေတပ်မှ ထွက်ရပြီးနောက် သူ့အား OTS ဗိုလ်သင်တန်းဆင်း ကြည်းတပ်အရာရှိအဖြစ် တွေ့ရသောအခါ ဦးသန့်နှင့်မှိုင်းရာပြည့်တွင် နောက်တန်းကနေ ပါဖူးသည့် သူ့ကို ကျနော်မှ “ယုန်နှင့် အတူပြေးပြီး ခွေးနှင့်အတူ မိုက်သူ”ဟု နောက်လေ့ရှိ၏။
ကျနော်မှ နိုင်ငံခြားကုမ္ပဏီဌာနေ၀န်ထမ်းအလုပ်တွင် အနည်းငယ်အဆင်ပြေနေချိန်တွင် မြသန်းစံသည် ချော်တွင်း ကုန်း ဗဟိုပြည် သူ့ဆက်ဆံရေးတပ်တွင် ရောက်ရှိနေကာ၊ သူမှ ကိုချစ်ဦးညို၏ “လင်္ကာဒီပချစ်သူ”အား စတုတ္ထ အကြိမ် ပြန်ထုတ်၏။ သူများ၏ ထုတ်ဝေခွင့်ကဒ်ကိုငှား၍ ထုတ်ခြင်းဖြစ်၏။ သူမှတဆင့် ကိုချစ်ဦးညို၊ ကိုချစ်ဦးညိုမှ တဆင့် ဆရာမြသန်းတင့်ကို ကျနော်မှ သိ ကျွမ်းခင်မင်ခွင့် ရခဲ့ခြင်းဖြစ်၏။ မြသန်းစံကို အတုယူ၍ ကျနော်မှ “မြသန်းတင့်၏  လက်ရွေးစင်ဝတ္ထုတိုများ”ကို ဆက်တိုက် သုံးအုပ်ခန့်ထုတ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်၏။
၈၈၈၈အရေးတော်ပုံကြီး စခါစတွင်၊ ကျနော့်လက်ထဲသို့ တဆင့်တဆင့်နှင့် ရောက်လာခဲ့သော “စစ်တက္ကသိုလ် ဆရာ ဆရာမဟောင်းများမှ တပည့်စစ်အရာရှိများအား ပြည်သူလူထုနှင့်ပူးပေါင်းကြပါရန် မေတ္တာရပ်ခံစာ”များ တထပ်ကြီးကို၊ ဒီအချိန်ဒီကာလကြီးမှာ ရန်ကုန်မှ မေမြို့တွင် စစ်ဘက်ဆိုင်ရာသင်တန်းတခုသွားတက်မည့် မြသန်းစံအား ကျနော်မှ ထပ်ဆင့်လူကြုံပါးလိုက်၏။ မန္တလးတွင် သူ ခေတ္တနားစဉ် မန္တလေးတွင် ဒီစာတွေကို ဆက်ဖြန့်ပေးမည့် ကျနော့်မိတ်ဆွေ တဦးနှင့်တွေ့ပြီး ထပ်ဆင့်လက်ပြောင်းပေးရန် သူ့ကို အကူအညီတောင်းခြင်း ဖြစ်သည်။ သူက လိုလိုလားလား ယူ သွားပေး၏။ ၈၈၈၈ အရေးတော်ပုံကြီး အစပိုင်းရက်များတွင် သူလဲ ဈာန်အဟောင်းတွေ ခေတ္တပြန်ဝင်ပြီး၊ သူ သဘာဝ သိပံ္ပတက္ကသိုလ်ကျောင်းသားဘ၀ ဦးသန့်နှင့်မှိုင်းရာပြည့်တွင် နောက်တန်းကနေ ပါခဲ့စဉ်၊ သူရေးခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေးကဗျာစာရွက်တွေကို၊  သူ့နေအိမ်အနီး ရန်ကင်း (၁၂)လုံးတန်းက ကားမှတ်တိုင်ကျောက် ထိုင်ခုံတွင် လူခြေတိတ်ချိန် သူက သွားသွားကပ်နေသဖြင့်၊ ကျနော်ကလည်း စစ်တက္ကသိုလ်ဆရာဆရာမဟောင်းများ၏ စာတွေ ကို မန္တလေးသို့ သူနှင့်လူကြုံပါးရဲခြင်း ဖြစ်၏။ ဒီစာရွက်တွေကို ဗိုလ်ကြီးမြသန်းစံ သယ်ဆောင်သွားသဖြင့် လမ်းတ လျှောက်အစစ်ခံရမည့် ဘေးမှလည်း ကင်းဝေးခဲ့၏။
ဤသို့သော မြသန်းစံမှ နောက်ပိုင်းတွင် “ပါပီမ”ကိစ္စတို့ “မဟာ” ကိစ္စတို့တွင် ထဲထဲဝင်ဝင် ပါဝင်လာခဲ့ပြီး၊ န၀တ အချိန်အခါ ဗိုလ်မှူးမြသန်းစံဘ၀တွင် ဗီယက်နမ်သို့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင်အဦးအဖြစ်နှင့် သွားရောက်ခဲ့ပြီး အပြန်၊ စစ်အစိုးရ သတင်းစာများတွင် ၀ါဒဖြန့်ကြီးကြီးကျယ်ကျယ် ဆောင်းပါးတွေ လျှောက်ရေးသောအခါ၊ သူလည်း ရာထူးစည်းစိမ် အကြီးကြီးမဟုတ်ပဲ ခပ်လတ်လတ်နဲ့ တွေ့ရုံရှိသေး အတိတ်ကိုမေ့ကြသူများထဲမှ တယောက်အပါအ၀င် ဖြစ်ပေသတည်းဟု ကျနော်လည်း သဘောပေါက်ခဲ့ရလေသည်။
၂၀၀၉ ခုနှစ်က၊ စင်္ကာပူတွင် သူလာရောက်ပြီး မြန်မာအသိုင်းအ၀ိုင်းအတွင်း မြသန်းစံ၏ ၀ိပဿနာတရားပွဲလုပ်သော အခါ တရားနာပရိဿတ် လူ (၂၀) ပင် မရှိဟု ကြားသိရ၏။ “ပါပီမ”ကိစ္စတို့ “မဟာ”ကိစ္စတို့ရဲ့ အကုသိုလ်က မလွတ် သေးသည်ကိုတွေ့ရသဖြင့် သူ့အတွက် စိတ်မကောင်း ဖြစ်ရသေးသည်။
မြ၀တီရုပ်မြင်သံကြားမှ ဒု-ညွှန်ကြားရေးမှူး officiating (စောင့်ကြည့်ကာလ တစ်နှစ်) ဒု-ဗိုလ်မှူးကြီးမြသန်းစံသည် သူ့ အထက်မှ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့စစ်နင့်ပြည်သူ့ဆက်ဆံရေးညွှန်ကြားရေးမှူးရုံး(ကကပြည်)၏ စစ်ဦးစီးမှူး (ပထမတန်း)လည်းဖြစ် မြ၀တီရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးဖြစ်သူ (ယခု အငြိမ်းစား) ဒု-ဗိုလ်မှူးကြီး မောင်မောင်ဦး (တင်သန်းဦး)၏ နှိပ်ကွပ်ပညာပေးမှုများ ခံနေရသည်ဟု ဂျပန်နိုင်ငံတွင် သူ့ညီ ညီညီစံနှင့်တွေ့စဉ် ကြားသိရ၏။ မခံ နိုင်တော့သည့်အဆုံး၊ စောင့်ကြည့်ကာလ တစ်နှစ်မပြည့်မီ ပုခုံးပေါ်တွင် ဒု-ဗိုလ်မှူးကြီးအပွင့်များတင်ရန် လပိုင်းအလို ၁၉၉၀ အလယ်ပိုင်း ခုနှစ်တခုတွင်၊ ထွက်စာတင်ပြီး တပ်မှ ထွက်သွားခဲ့ပြီဟု ကြားသိရသည်။ ၁၉၉၀ နှောင်းပိုင်းနှင့် ၂၀၀၀ ခုနှစ်များတွင် စာရေးဆရာမြသန်းစံသည် ဘာသာရေးဆောင်းပါးများ ဘာသာရေးစာအုပ်များ ရေးသားထုတ်ဝေ နေခဲ့ကာ၊ သူ၏ အအောင်မြင်ဆုံးထုတ်ဝေရေးမှာ လစဉ်ထုတ် “အပ္ပမာဒ” ဘာသာရေးမဂ္ဂဇင်း ဖြစ်သည်။ မြသန်းစံ၏ မိဘနှစ်ပါးမှာ ၀ိပဿနာတရားသမားများဖြစ်ကြပြီး တွံတေးတောတန်းထဲသို့ မကြာခဏသွားရောက်ကာ ဓူတင်ဆောင် တရားကျင့်ကြံအားထုတ်ကြသည်ကို၊ ကျနော် ငယ်စဉ်က မကြာခဏ တွေ့ကြုံခဲ့ဘူးပါသည်။ မြသန်းစံရေးသားသော ဘာသာရေးစာအုပ်အချို့တွင် ကိုချစ်ဦးညိ၏ အမှာစာကိုလည်း တွေ့ရသည်။ ငယ်သူငယ်ချင်းအတွက် အခုမှ ကျနော် သာဓု ခေါ်နိုင်တော့၏။
“မြသန်းတင့်၏  လက်ရွေးစင်ဝတ္ထုတိုများ” (၁)(၂)(၃)ဟု သုံးအုပ်ခန့်ဆက်တိုက်ထုတ်ရန် စုဆောင်းထားသော ငွေ ယားလေးများသည် ၈၈၈၈အရေးတော်ပုံကာလ တလခွဲလောက်အတွင်း ‘စိန်လွင်ဈေး’ ‘စောမောင်ဈေး’တို့မှ မိသားစု စားရေရိက္ခာများအား ၀ယ်ရခြမ်းရခြင်းဖြင့် ကုန်သွားခဲ့လေပြီ။
၈၈၈၈အရေးတော်ပုံကြီး ဖြိုခွင်းခံရပြီး န၀တအချိန်အခါ ရောက်ရှိလာချိန်တွင်၊ “မြသန်းတင့်၏  လက်ရွေးစင်ဝတ္ထုတို များ (၁)” သည် လေထဲမှာပဲ လေတေလေ အဖြစ်နှင့်သာရှိတော့ရာ၊ ၁၉၉၁တွင် ကျနော် မြန်မာပြည်မှ ထွက်ခွါလာချိန် တွင်လည်း လေတေလေ အဖြစ်နှင့်သာ ပြီးဆုံးသွားခဲ့လေသည်။
         မြန်မာပြည်မှ မထွက်ခွါမီ ဆရာမြသန်းတင့်နှင့် လည်းကောင်း၊ ကိုချစ်ဦးညိုတို့နှင့် လည်းကောင်း၊ ကျနော်မှ ခါတိုင်းလို ပင် တွေ့ဖြစ်နေသေး၏။ ၁၉၈၈ခုနှစ် ဒီဇင်ဘာလတွင် ဆရာ၏အရင်းနှီးဆုံးမိတ်ဆွေ စွယ်စုံရအနုပညာရှင် ကိုဝင်းဦး ကွယ်လွန်သောအခါ ဒေါ်အိုင်ရင်းတင်လှ၏ မေတ္တာရပ်ခံချက်ဖြင့် ဆရာမြသန်းတင့်သည် ဘားလမ်းရှိ စန္ဒာမဂ္ဂဇင်း တိုက်မှ သွားလေသူကိုဝင်းဦး၏ အယ်ဒီတာစားပွဲသို့ ရောက်ရှိလာခဲ့၏။
                    ကိုဝင်းဦးမကွယ်လွန်မီ တ၀က်တန်းလန်းရေးထားပြီး လက်စသတ်မသွားနိုင်သော ကိုဝင်းဦး၏ နောက်ဆုံးစာပေ လက်ရာမှာ ဆရာမြသန်းတင့်နှင့် ဆရာမြသန်းတင့်၏ နှစ်ထပ်တိုက်ကလေးကို မုဒိတာပွားထားသည့်အကြောင်း ဆောင်းပါးဖြစ်၏။ ကျနော်၏ အလုပ်ရုံးခန်းသည် ပန်းဆိုးတန်းလမ်းတွင်ဖြစ်ရာ၊ ဘားလမ်းနှင့်နီးသဖြင့် ဆရာမြသန်းတင့်နှင့် မကြာခဏတွေ့ဖြစ်၏။ အယ်ဒီတာအလုပ်နှင့် စာရေးဆရာအလုပ်သည် သဘောသဘာဝချင်း တခြားစီ ဖြစ် သဖြင့်၊ ဆရာမြသန်းတင့်သည် သူ့မိတ်ဆွေသူငယ်ချင်းကြီး ကိုဝင်းဦး၏ အယ်ဒီတာစားပွဲမှာ ကြာကြာမထိုင်နိုင်ခဲ့ပါ။ ကျနော် မှတ်မိသလောက် ဆရာမြသန်းတင့်သည် စန္ဒာမဂ္ဂဇင်းတိုက်တွင်  ရက်ပိုင်း(သို့မဟုတ်)လပိုင်းသာ အယ်ဒီတာ စားပွဲ ထိုင်ခဲ့ပါသည်။
ဆရာမြသန်းတင့်၏ တရုတ်စာပေမှ ဂန္တ၀င်ဝထ္တုကြီး ဘာသာပြန် “ခန်းဆောင်နီအိပ်မက်” မှ အမျိုးသာစာပေ (ဘာ သာပြန်)ဆု ရရှိခဲ့ပြီးနောက်၊ တကမ္ဘာလုံးရှိ “ခန်းဆောင်နီအိပ်မက်”ကို ဘာသာပြန်ခဲ့သော စာရေးဆရာများနှင့် နှီး နှောဖလှယ်ပွဲ Seminar တစ်ခုလုပ်ရန် တရုတ်နိုင်ငံမှ စာပေစာနယ်ဇင်း အဖွဲ့တစ်ဖွဲ့မှ စီစဉ် ခဲ့ပါသည်။ ဆရာမြသန်း တင့်မှလည်း ဖိတ်ကြားခံရသဖြင့် တရုတ်နိုင်ငံသို့သွားရောက်ရန် ပတ်(စ်)ပို့ လျှောက်ရမည့် ကိစ္စပေါ်လာရာ၊ ပတ်(စ်) ပို့ပွဲစားများနှင့် သိကျွမ်းသည့် ကျနော့်အား၊ “ကိုသောင်းညိမ်း ကျနော့်ကို လိုအပ်ရင် လုပ်ပေးဦးနော်” ဟုပြောရာ၊ န၀တ အသိုင်းအ၀ိုင်းမှတဆင့် ပတ်(စ်)ပို့ မလျှောက်ချင်သော ဆရာ၏ရည်ရွယ်ချက်ကိုသိသည့် ကျနော်မှ “ စိတ်ချပါ ဆရာ”ဟု ခေါင်းညှိတ်ခဲ့၏။ သို့သော် ၁၉၉၁တွင် ကျနော် မြန်မာပြည်မှ ထွက်ခွါလာချိန်ထိ ဆရာမြသန်းတင့်မှလည်း ပတ်(စ်)ပို့ကိစ္စ ထပ်မပြောတော့ပါ။
နောက်ပိုင်းတွင် ဆရာ၏ဆွေမျိုးသားချင်းတဦးနှင့် ဂျပန်နိုင်ငံတွင် တွေ့ဆုံစဉ်၊ ဆရာမြသန်းတင့်၏ “ခန်းဆောင်နီ အိပ်မက်” တရုတ်ပြည်ခရီးစဉ် ပျက်သွားရသည့်အကြောင်းကို ကြားသိခဲ့ရလေသည်။ န၀တနှင့်မပတ်သတ်ချင်သည့် ဆရာမြသန်းတင့်၏ “ခန်းဆောင်နီအိပ်မက်” နှီးနှောဖလှယ်ပွဲ ခရီးစဉ်သည် န၀တ ၏လူလည်ကျမှုကြောင့် ပျက်ပြယ် သွားခဲ့ရလေသည်။ န၀တသည် ဆရာမြသန်းတင့်အား တရုတ်ပြည်မှ ဖိတ်ကြားခြင်းကို သိရှိသွားသည့်အခါ၊ “ခန်း ဆောင်နီအိပ်မက်” နှီးနှောဖလှယ်ပွဲအား န၀တသြဇာခံ “စာပေနှင့်စာနယ်ဇင့်အဖွဲ့” ၏ ကိုယ်စားလှယ်အဖွဲ့ဖြင့် တက် ရောက်ရန် အကြံအဖန်လုပ်လေတော့၏ ။ ဆရာမြသန်းတင့်မှာ န၀တကိုယ်စားလှယ်အဖွဲ့ထဲမှ အဖွဲ့ဝင်တဦး အနေ နှင့်သာ လိုက်ပါရန်နှင့် ကိုယ်စားလှယ်အဖွဲ့အား “ထီလာစစ်သူ” မှ ဦးဆောင်ရန် စီစဉ်၏။
“ခန်းဆောင်နီအိပ်မက်” နှီးနှောဖလှယ်ပွဲအား သူတို့ ဖိတ်ကြားသည့် ဆရာမြသန်းတင့်အပါအ၀င် အစိုးရတရပ်၏ စာပေနှင့်စာနယ်ဇင်းအဖွဲ့မှ တက်ရောက်မည်ဟု ဆိုသဖြင့် တရုတ်ဘက်မှ ငြင်းစရာအကြောင်းမရှိဟု လက်ခံလိုက် သည် ဟုဆို၏ ။
သို့ရာတွင် န၀တ၏ ၀င်ရောက်လူလည်ကျခြင်းကို ဆရာမြသန်းတင့်မှ လက်မခံခဲ့ပေ။ မိမိသည် ကျန်းမာရေးလည်း မကောင်း၊ နှီးနှောဖလှယ်ပွဲအချိန်တွင်လည်း အခြားကိစ္စများနှင့် မအားမလပ်သဖြင့် နှီးနှောဖလှယ်ပွဲ မတက်နိုင် ကြောင်း၊ န၀တ၏ “ခန်းဆောင်နီအိပ်မက်”နှီးနှောဖလှယ်အဖွဲ့တွင် မိမိ မပါဝင်နိုင်ကြောင်း အလိမ္မာသုံး၍ ငြင်းဆိုခဲ့ ကြောင်း၊ ဆရာ၏ဆွေမျိုးသားချင်းက ကျနော့်အား ပြောပြပါသည်။
ဆရာမြသန်းတင့် တရုတ်ပြည်သို့လိုက်ပါရေး န၀တမှ နှစ်ခါသုံးခါ ချော့မော့ဖျောင်းဖျ လာသော်လည်း၊ ဆရာမှ သူ၏ ငြင်းဆိုမှုကို အလျှော့မပေးခဲ့ပေ။ နောက်ဆုံးတွင် န၀တသည် ဆရာမြသန်းတင့်မပါဝင်သည့် ထီလာစစ်သူ ဦးဆောင် သော “ခန်းဆောင်နီအိပ်မက်” နှီးနှောဖလှယ်ပွဲ မြန်မာကိုယ်စားလှယ်အဖွဲ့အား တရုတ်ပြည်သို့ စေလွှတ်ခဲ့ရာ ဆရာမြသန်းတင့် မပါသဖြင့် တရုတ်တို့မှ အံသြမကျေမနပ်ဖြစ်ကြ ပြီး၊ န၀တ ကိုယ်စားလှယ်အဖွဲ့မှာလည်း နှီးနှောဖလှယ် ပွဲတွင် တရုတ်တို့မှ ချောင်ထိုးခံထားရသဖြင့် ကသိကအောက်ဖြစ်ကာ အရှက်ကွဲခဲ့ရသည်ဟု “ခန်းဆောင်နီ အိပ်မက်” နှီးနှောဖလှယ်ပွဲပြန် န၀တ၏ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်တချို့မှ ၄င်းတို့နှင့် ခင်မင်သော စာပေလောကသားများ အား ၀န်ခံပြောကြားကြောင်း ဆရာ့ဆွေမျိုးသားချင်းက ကျနော့်ကို ပြန်ပြောပြခဲ့ပါသည်။
ကျနော်သည် ဆရာမြသန်းတင့်နှင့် ဆုံကြုံခဲ့ရသည်မှာ သုံးနှစ်နီးပါးခန့်သာ ဖြစ်သဖြင့်၊ ဆရာနှင့်စပ်လျဉ်းသည့် ကျနော် ဆရာမြသန်းတင့်နှင့်အတွေ့အကြုံမှာ လျှပ်တပြက်ခန့်မျှသာရှိပါသည်။ ထိုလျှပ်တပြက်ကလေးသည် ခဏလေးပင် ဖြစ်သော်လည်း တိုင်းပြည်နှင့်လူထုမှ လေးစားချစ်ခင်ကြည်ညိုသည့် စာရေးဆရာကြီးတစ်ဦးနှင့် ကြုံဆုံခဲ့ရသည့် ကာလငယ်လေးအဖြစ် သာမန်လူတစ်ဦးသာဖြစ်သည့် ကျနော်မှ အမြဲ ဂုဏ်ယူမိနေလေတော့သည်။
                    ရိုးသားသော ဖြူစင်သော၊ ဘ၀တစ်လျှောက်လုံး ယုံကြည်ချက်တစ်ခုတည်းနှင့် စာရေးခြင်းအလုပ်ကိုသာ စိုက်လိုက် မတ်တတ် လုပ်ဆောင်သော၊ တိုင်းပြည်နှင့်လူမျိုးအတွက် တာဝန်ကြေသည့် ဟိုမှာဘက်ကိုလွန်နေသော ၁၉၉၈ခုနှစ် ဖေဖေါ်ဝါရီ(၁၇)ရက်နေံတွင် ကွယ်လွန်သွားခဲ့သည့်ဆရာ မြသန်းတင့်သည် ကောင်းရာသုဂတိ၌ မုချရောက်ရှိနေ သည်ဟုလည်း အစဉ်ထာဝရ စိတ်ချလက်ချ ယုံကြည်လျှက် ရှိနေပါသည်။
                   တဆက်ထဲမှာပဲ၊ နဂိုမူလ ကိုယ်ခံအားအသင့်အတင့်ရှိပါလျှက်၊ မူလကိုယ်ခံအား လျော့နည်းကျဆင်းရောဂါရသွား သလို ဖြစ်သွားရသော ငယ်သူငယ်ချင်း မြသန်းစံအတွက် စိတ်မကောင်းလဲ ဖြစ်နေရလေသည်။
၈၈၈၈အရေးတော်ပုံကြီး (၂၂)နှစ်အချိန်အခါမှာ၈၈၈၈နှင့်ဆက်နွယ်ခဲ့သော အဟောင်းတွေအသစ်ဖြစ်ပြီး ပြန်ပေါ်လာ သမျှ တွေးတောဆင်ခြင်မိရာ ရောက်တတ်ရာရာများ မျှဝေလိုက်ခြင်းသာ ဖြစ်ပါသည်။
(ဆောင်းပါးရှင် သော်ညိမ် သည် ယခုအခါ ဗီအိုအေမြန်မာပိုင်းအစီအစဉ်မှ အသံလွှင့်သတင်းထောက် ရော်နီညိမ်း ဖြစ်ပါသည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts