>Burmese in Aurora to host Waso Robe Offering

>

ကော်လိုရာဒို၊ အော်ရိုရာမှာ ဝါဆိုသင်္ကန်း ကပ်လှူပွဲ ကျင်းပမည်

မိုးမခအထောက်တော် (ဒင်းဗား)

သြဂုတ် ၄၊ ၂၀၁၀

ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့မှာ တည်ထားကိုးကွယ်သည့် ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်း ကပ်လှူပွဲကို လာမည့် သြဂုတ်လ ၇ ရက်၊ ၂၀၁၀ ပြည့်နှစ် စနေ့နေမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
“အခုလာမယ့် စနေ့နေမှာ ကျင်းပမှာဖြစ်ပါတယ်။ သံဃာတော်များကို စုပေါင်းနေ့ဆွမ်းနဲ့ ကပ်လှူပူဇော်မှာဖြစ်ပြီးတော့ နေ့လည် ၁ နာရီမှာ ဝါဆိုသင်္ကန်း ကပ်လှူပွဲ နဲ့ အနုမောဒနာတရားပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ရပ်နီး ရပ်ဝေးက ဓမ္မမိတ်ဆွေအပေါင်းကိုလည်း ဖိတ်ကြားပါတယ်” လို့ ဓမ္မပါလကျောင်းရဲ့ ကပ္ပိရကာရက အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဝါဆိုသင်္ကန်း ကပ်လှူလိုသူများအနေနဲ့ သင်္ကန်းတစုံလျှင် ဒေါ်လာ ၅၀ နှုန်း၊ ဧကသီ တထည်ကို ဒေါ်လာ ၃၀ နှုန်း၊ သင်းပိုင်းတထည်ကို ဒေါ်လာ ၂၀ နှုန်းဖြင့် ဓမ္မပါလဘုန်းတော်ကြီးကျောင်း တည်ရှိရာ 1725 Elmira St, Aurora, CO 80010 (ဖုန်းနံပါတ် – 303-343- 3691) သို့ လာရောက် ကပ်လှူပူဇော်နိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောပါတယ်။
ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းကို ဇန်နဝါရီလ ၁၀ ရက် ၂၀၀၉ ခုနှစ်မှာ အိမ်တလုံးငှားရမ်းပြီး ဘုန်းတော်ကြီးကျောင်းအဖြစ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ လစဉ်ကျောင်းငှားရမ်းခနဲ့ အခြား အသုံးစရိတ်များ လစဉ် ဒေါ်လာ ၁,၃၀၀ ဝန်းကျင် ကုန်ကျပြီး အဲဒီအလှူငွေကို ဗုဒ္ဓဘာသာ မိသားစုများထံမှ လစဉ်အလှူခံငွေ ကောက်ခံနေရတာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ကျောင်းဆောင် ဝယ်ယူရေးကိစ္စကို မေးမြန်းကြည့်ရာ …
“ကျနော်တို့ဆီမှာ ကျောင်းဝယ်ယူဖို့အတွက် မတည်ထားတဲ့ အလှူငွေ ထိုက်သင့်သလောက်တော့ ရရှိနေပါပြီ။ ကျောင်းကို အဖွဲ့အစည်း Theravada Sasanarekkhita Society,Colorado (TSSC) အနေနဲ့ ဝယ်ယူဖို့ စဉ်းစားထားကြတော့ ကျနော်တို့အဖွဲ့အစည်းရဲ့ သက်တမ်းက နည်းသေးလို့ ဘဏ်မှာ ငွေချေးတဲ့ လုပ်ငန်းစဉ်က နည်းနည်း အခက်အခက် ရှိနေပါတယ်။ ဒါကြောင့် အခြားနည်းလမ်းတွေကို ရှာကြံလုပ်ဆောင်နေပါတယ်၊ မကြာခင်မှာ ဝယ်ယူနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်”
လို့ ဘဏ္ဍာရေးမှူး တာဝန်ယူထားတဲ့ ဦးစိုးနိုင် က ရှင်းပြပါတယ်။
ဒါအပြင့် သာသနာရေးလုပ်ငန်းများ အခုထက်ပိုမို လုပ်ဆောင်သွားနိုင်ရန်အတွက် နောက်ထပ် ဘုန်းတော်ကြီးတပါးကို ထပ်မံပင့်ဆောင်ဖို့ ကပ္ပိရကာရကအဖွဲ့က စီစဉ်လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts