>car without license

>

ဝစ်သောက်ကား လိုင်စင်ဝင်ခွင့်ပြုသော်လည်း ဈေးမြင့်၍ စောင့်ကြည့်နေသူ များနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၃၊ ၂၀၁၀


ရန်ကုန်မြို့ သင်္ဃန်းကျွန်း အခွန်ဦးစီးရုံးအနီး ရာဖြတ်ခံယူရန် ရပ်ထားသည့် လိုင်စင်မဲ့ကားတစီး၊
(ဓာတ်ပုံ – မိုးမခ)


စစ်အစိုးရ၏ ငွေရှာနည်းသစ်တခု ဖြစ်သည့် လိုင်စင်မဲ့ကားများအား အခွန်ငွေ ၈၅ ရာခိုင်နှုန်း ပေးဆောင် စေပြီး လိုင်စင်ထုတ်ပေးသည်မှာ နှစ်ပတ်နီးပါး ရှိလာသော်လည်း ကားလက်ဝယ်ရှိသူ အတော်များများမှာ စောင့်ကြည့်နေကြဆဲ ဖြစ်သည်ဟု ရန်ကုန်နှင့် နယ်မှ ကားပိုင်ရှင်များက ပြောသည်။

စစ် အစိုးရအခွန်ရာဖြတ်အဖွဲ့ ဖြတ်သည့် ဈေးနှုန်း အများစုမှာ ပြင်ပပေါက်ဈေးနှင့် သိပ်မကွာသည့် အပြင် အချို့သော မိုဒယ်များမှာ ပြင်ပဈေးထက် မြင့်နေသည့် အတွက် ကားအရှုံးခံရမည့် အဖြစ်မျိုးပင် ကြုံနိုင်သောကြောင့် စောင့်ကြည့်နေကြခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့မှ ကားဝယ်ရောင်း တဦးက ပြောသည်။

ရန်ကုန်မြို့ မြို့တွင်း မြို့နယ်များ အတွက် ၀စ်သောက်ကား ရာဖြတ်အဖွဲ့ ရုံးထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ် အခွန်ဦးစီးမှူးရုံး တ၀ိုက်၌ ကားပိုင်ရှင်များ၊ ကားပွဲစားများနှင့် ၀ယ်ရောင်းများ နေ့စဉ် လာရောက်ပြီး လိုင်စင်ဝင်သည့် ကားများ၏ ရာဖြတ်နှုန်းကို စောင့်နားထောင်နေသည်ကို တွေ့မြင်ရသည်။

အချို့သော ကားပိုင်ရှင်များက ကားရာဖြတ်အဖွဲ့သို့ ကားမိုဒယ်နှင့် အမျိုးအစားကို ပြောပြီး မည်မျှ ကျသင့်နိုင်သည်ကို မေးမြန်းသည့်အခါ အဆိုပါ အဖွဲ့က ကားယူလာရန်သာ ပြောပြီး ကားမပါလျှင် တန်ဖိုးမဖြတ်နိုင်ဟု ပြန်ပြောကြောင်း ကားဝယ်ရောင်းများထံမှ သိရသည်။

လိုင်စင်ချပေးသည့် ဇူလိုင် ၂၃ ရက်နေ့မှ ၃၀ ရက်အတွင်း သင်္ဃန်းကျွန်း အခွန်ရုံးသို့ လာရောက် အခွန်ဆောင်သည့် ကားစီးရေမှာ ၅၀ အောက်သာ ရှိခဲ့ပြီး အစိုးရ မျှော်လင့်ထားသည်ထက် သိသာစွာ လျော့နည်းလျက် ရှိသည်ဟု ထိုရုံးမှ ၀န်ထမ်းတဦးကပြောသည်။

ရန်ကုန် တမြို့လုံး အတိုင်းအတာဖြင့် ဆိုလျှင် ၀စ်သောက်ကား စီးရေ ရာဂဏန်းကြီးပိုင်းမျှ ရှိနိုင်သည်ဟု ၀ယ်ရောင်းများက ခန့်မှန်းကြရာ ယခု လာရောက်သည့် ပမာဏသည် လက်ဝယ်ရှိသည့် ကား အရေ အတွက်ထက် သိသိသာသာ လျော့နည်းနေသည်ဟု ရန်ကုန်မှ ကားဝယ်ရောင်းများက ခန့်မှန်းကြသည်။

ယခုကဲ့သို့ လိုင်စင်မဲ့ကားများ အခွန် ဆောင်စေပြီး လိုင်စင်ချပေးမည့် သတင်း တိတိ ကျကျ မထွက်ပေါ်မှီကတည်းက အစိုးရ အရာရှိကြီးများနှင့် နီးစပ်သူ အချို့က လိုင်စင်ပေးမည့် သတင်းကို ကြိုတင် ရရှိထားပြီး ဖြစ်ကာ ကရင်နှင့် မွန်ပြည်နယ်တိုမှ တဆင့် လိုင်စင်မဲ့ကားများ ၀ယ်ယူ ခဲ့ကြသည်ဟု ရန်ကုန်မှ ကားဝယ်ရောင်းများက ပြောသည်။

ထို့ပြင် ယခုရက်ပိုင်း၌ အခွန် ရာခိုင်နှုန်းကို လျှော့ချလိမ့်မည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည့်အတွက် စောင့်ကြည့်သူ ပိုများလာသည် ဟုလည်း ကားဝယ်ရောင်းများက ပြောဆိုကြသည်။

ယခုလက်ရှိ ပေးဆောင်ရန် သတ်မှတ်ထားသော ၈၅ ရာခိုင်နှုန်း အစား ၆၅ သို့မဟုတ် ၅၀ ရာခိုင်နှုန်းထိ လျော့ချလိမ့်မည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်ဟု ကားဝယ်ရောင်းများက ဆိုသည်။

ယခုလက်ရှိ ရာဖြတ် သတ်မှတ်နေသည့် ဈေးနှုန်းများမှာ ပြင်ပ ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် သဘာဝ မကျသည့် ကားဈေးများနှင့် နီးစပ်နေသည့် အတွက် သာမန် ၀င်ငွေဖြင့် ကားဝယ်စီးလိုသူများ အဖို့ အလှမ်း ဝေးနေဆဲဖြစ်သည်ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူ တဦးက “အခုလို လွန်ခဲ့တဲ့ ၁၅ နှစ်က ထုတ်တဲ့ တပတ်ရစ် ဂျပန်ကား တစီးကို သိန်း ငါးရာ လောက် တန်ဖိုးဖြတ်တော့ သိန်း လေးရာကျော်ဆောင်ရမယ့်သဘော ၊ ကားဖိုးက သိန်း ၅၀ ကို တတ်နိုင်ဦးတော့ အခွန်သိန်း လေးရာကျော်တော့ မတတ်နိုင်သေးဘူးဗျ၊ ၀စ်သောက်ကား လိုင်စင်ချပေးမယ် ဆိုတော့ ကားများ ၀ယ်စီးနိုင်တော့ မလား မျှော်လင့်ပေမယ့် ကားဖိုးပဲ တတ်နိုင်တယ် ၊ လိုင်စင်ဖိုး မတတ်နိုင်သေးဘူးဗျ” ဟုပြောသည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနှင့် ဗုဒ္ဓဘာသာ ကရင် လက်နက်ကိုင် အဖွဲ့က စောင့်ကြပ်သည့် အခြားဂိတ်များကိုပါ နယ်နိမိတ် ပြဿနာကြောင့် မြန်မာ စစ်အစိုးရက တရားဝင် ပိတ်ထားသော်လည်း အချို့သောညများတွင် တာဝန်ကျ အစောင့်များအား ငွေပေးပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်မှ မြ၀တီသို့ ကားအုပ်စုလိုက် ဖြတ်သန်းမှုများ ရှိသည်ဟု မြ၀တီမှ လာသော သတင်းများအရ သိရသည်။

ညဘက်တွင် ကားစီးရေ ၁၀ စီး ၁၅ စီးကို ကားရှေ့မီး ပိတ်ပြီး မောင်းနှင် ဖြတ်သန်းကြသည်ဟု သိရသည်။

မြ၀တီမှ ပြန်လာသော အခြား လုပ်ငန်းရှင် တဦးကလည်း နယ်စပ်ဂိတ်များ ပိတ်ထားသော်လည်း ညဘက် ကားများ ၀င်ရောက်နေခြင်း၊ သောင်ရင်း မြစ်ကို ဖြတ်ပြီး သယ်ယူခြင်းများ ရှိသည်ဟု မြ၀တီမြို့ခံများက သိရှိ ပြောဆိုကြောင်းလည်း ပြောပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts