>To Burmese Cowboys without any guns – from Burma Reader inside Burma

>

သေနတ်မရှိတဲ့ မြန်မာပြည်ကောင်းဘွိုင်တွေ သို့
မိုးမခစာဖတ်သူ တဥိး – ရန်ကုန်
ဇူလိုင် ၂၄၊ ၂၀၁၀
ကိုယ်က ဗမာပြည်တွင်းက သတင်းငတ်နေတဲ့ ပြည်သူတွေကြားထဲက ပြည်သူတစ်ယောက်ပါ။
မောင်ရစ်ဆောင်းပါး ကို ပရော့စီ နှစ်ထပ်ခံပြီးဖတ်လိုက်ရတဲ့အခါ တခုခုတုံပြန်ချင်တဲ့ စိတ်က တားမရလို့ ၀ာတိုလေးတစောင်ကောက်ရေးလိုက်ရပါတယ်။ ညနေရောက်လာမဲ့ သတင်းလွှာထဲမှာ ပါချင်မှပါမှာမို့ ရုံးအားရက် ကြိုးစားချက်ရဲ့ အမြတ်လို့သဘောထားပြီးရေးမိတာပါ။
တကယ်တော့ ကိုယ်တို့ပြည်သူတွေဟာ အသွားအလာ ကိုသာအထိန်းချုပ်ခံနေရတာမဟုတ်၊ မျက်စေ့တွေ နားတွေ ကိုပါ အလိုမတူဘဲ အတင်း အပိတ်ခံထားကြရသူတွေပါ။ အမြဲတန်းလိုလို အချင်းချင်း တိုးတိုးတိတ်တိတ် ပရော့စီတွေမျှ၊ အင်မတန်လေးအောင် နှေးအောင် ဖန်ဆင်းပေးထားတဲ့ အင်တာနက် ကြီးကို ကြိုးစားကျော်ခွ website လေးတစ်ခုပွင့်ရင်ဘဲ သိန်းဆုပေါက်သလို ၀မ်းသာရ။
ပွင့်ပါပြီတဲ့၊ ဒေါက်တာလွမ်းဆွေလိုမျိုးကျတော့ သူတစ်ခုတည်းမရ အပြည့်အစုံ သိနိုင်ဖို့ ထပ်ပြီး ကျော်ရ ခွရပြန် နဲ့ သံသရာကလည်နေတာ။ တွမ်ဘရောင်းကလဲမဆိုးလှပါဘူး၊ ဒါပေမဲ့ ရွေးချယ်ခွင့်မရှိ သူသိစေချင်တာလေးဘဲ ကွက်ပြီးပို့တော့ စိတ်ထဲမှာ စစ်အစိုးရက ပေးတဲ့သတင်းတွေပေါ်မှာ ခံစားရတဲ့ ဖီလင်မျိုး တစ်ခါတစ်လေ ဖြစ်မိတယ်။ ဘားမားနက်ကျပြန်တော့ ဘိုလိုဖြစ်နေပြန်နဲ့ ကိုယ်တို့မှာ ပြည့်စုံတဲ့ ခံစားချက်မျိုးကို မပေါ်တော့ဘူး။
ဒီလိုနဲ့ ကြားတစ်ချက် မကြားတစ်ချက်နေလာလိုက်ရတာ ၂၀၀၉ ကျတော့မှ အသိတယောက်စီစဉ်ပေးလို့  မိုးမခ သတင်းလွှာကို စပြီးရခဲ့တယ်။ ၀န်ခံရရင် အတော်ပြည့်စုံသွားသလို ခံစားခဲ့ရတယ်။ ဒီအထိသတင်းများ နေ့စဉ် ရလိုပါက ဂျီးဒေါ် နွားကျောင်းသား kowin2001@gmail.com သို့ တောင်းယူပါ။ဆိုတဲ့ စာတန်းလေးက မပါသေးပါဘူး။
ကိုယ်ဆိုရင် အတော်ကို ဒုက္ခပေးခဲ့တာ။ ပို့သူဆီရောက်မှန်းမရောက်မှန်းမသိ အတင်း reply လုပ်လုပ်ပြီး လိုချင်တာတွေ လျှောက်တောင်းတာဘဲ။ သူတို့ပိုက်ဆံမရဘဲ စေတနာ့ဝန်ထမ်းလုပ်နေတာကိုတောင် မသိဘဲနဲ့လေ။
ကိုယ်ကံကောင်းဖို့ ကံဆိုးရှာတဲ့ နွားကျောင်းသားတွေက ရအောင်ရှာပေးကြပြန်တယ်။ တကယ်တော့ တစ်ဖက်နဲ့တစ်ဖက် ဘယ်သူဘယ်ဝါဆိုတာတောင်သိနေကြတာမဟုတ်ဘူးလေ။ သူတို့ဒီလိုပို့ပေးနိုင်ဖို့အတွက် ပြည်တွင်းမှာ အသက်ဖက်နဲ့ထုပ်ပြီး ကြီးတော်နွားထက်ဆိုးတဲ့ ဂေါ်ဇီလာကြီး ကျောင်းနေရရှာတဲ့ ပြည်တွင်းကသတင်းသမားတွေကိုလဲ အလေးအမြတ် ပြုကြရပါတယ်။
ပြင်ပ က သတင်းသမားတွေ ဘယ်လောက်စွမ်းစွမ်း အခက်အခဲထဲက စွန့်စား အထောက်တော်တွေ ဗလပွေ ကြားထဲက အင်တာနက်ကဖေးတွေက တစ်ဆင့် အားလုံးသိအောင် ကြိုးစားပို့ပေးနေကြရတဲ့ သူတွေမို့ သူတို့ရဲ့ အရင်းအနှီးက ကြီးမားလွန်းပါတယ်။ တန်ဖိုး မဖြတ်ဝံ့အောင်ပါဘဲ။
ဒီတော့ လေဘာတီမမြရင်ရဲ့ သီချင်းလေးလိုလေ – “အလွန်တရာကျေးဇူးတင်ပါသည် …”  လို့ မလုံလောက်မှန်းသိပေမဲ့ ဟစ်လို့သာကြွေးကြော်လိုက်ချင်ပါတော့တယ်။
ကျေးဇူးဥပကာရတင်ရှိပါကြောင်း ၀ိုင်းတော်သားအပေါင်းတို့… … … …
လေးခွလေးတွေ သားရေမညောင်းစေကြောင်း ဆုမွန်ကောင်းလဲတောင်းမိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts