>Than Shwe and Jim Webb

>

မိုးမခတောထဲက သတင်း အပိုင်းအစများ
ပေါတာကြီး နဲ့ ဂျင်ဝက်
အဝေးကြည့်မှန်ပြောင်း
ဇူလိုင် ၂၃၊ ၂ဝ၁ဝ


ဂျင်ဝက် ပြောင်းပြီလား

ဗိုလ်ချုပ်ကြီးများအုပ်ချုပ်တဲ့ မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့တဲ့ ဥပဒေ သက်တမ်းတိုးရေးကို မနေ့က အမေရိကန် အထက်လွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။ မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၉၉ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ တောင်ပြိုကမ်းပြို အနိုင်ရ အတည်ပြုတာလို့ သတင်းတွေက ဆိုပါတယ်။

ကန့်ကွက်သူ တဦး ဘယ်သူ ဆိုတာ မသိရသေးပါ။ ထူးခြားတာကတော့ ထောက်ခံသူတွေထဲမှာ Jim Webb လဲ ပါဝင်သတဲ့ လို့ VOA မြန်မာပိုင်း သတင်းတပုဒ်က ဆိုပါတယ်။ အဲဒီ သတင်းမှာ မစ္စတာ ဂျင်ဝက်ကို အခုလို နာမ၀ိသေသနနဲ့ တွေ့ရပါတယ်။

“မြန်မာနိုင်ငံကို ဒဏ်ခတ်မှုတွေ အလုပ်မဖြစ်ဘူးလို့ အရင်က ဝေဖန် ပြောဆိုခဲ့ပြီးတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ ဗာဂျီးနီးယား ပြည်နယ်ရဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ်”

ဟိုက် – ရှာလဘတ်ရည်၊ ကြံရည်၊ မကျည်းဖျော်ရည်၊ – – – ။ ဒါဆို – ဂျင်ဝက်ကြီး အရမ်း အရမ်း ပြောင်းလဲနေပါလား။ ဘာကများ သူ့ကို ထိုသို့ ပြောင်းလဲအောင် လုပ်လိုက်လေသနည်းလို့ တွေးစရာပါ။ ကိုယ်ကလည်း မြန်မာ့အရေး ကျွမ်းကျင်သူ မဟုတ်တော့ တွေးလေ အဖြေမရလေပါပဲ။

မြန်မာပြည် သပွတ်အူ နိုင်ငံရေးကို ဖြေရှင်းပေးလိုသူ ဂျင်ဝက်က ပေါတာကြီးကို ရှိတ်ဟန်း လုပ်နေပုံ


ဗိုလ်ချုပ်အောင်ဆန်းထက် သာချင်တဲ့ ပေါတာကြီး

စတုတ္ထမဏ္ဍိုင်သမားတွေ ချစ်ကြတဲ့ ပေါတာကြီးက စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်သူလား


အဝေးကြည့်မှန်ပြောင်း မြင်ကွင်းထဲ ၀င်လာသူကတော့ ပေါတာကြီးပဲ ဖြစ်ပါတယ်။

ပေါတာကြီးက “စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်သူ ဖြစ်လို” ဆိုတဲ့ မိုးမခ အင်တာနက် သတင်းမှာ ရေးထားပါတယ်။ အဲဒီသတင်းမှာ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ရဲ့ ပေါတာကြီးနဲ့ ပတ်သက်တဲ့ အမြင်လည်း တွေ့ရပါတယ်။ ပေါတာကြီးက သူဟာ ဗိုလ်ချုပ်အောင်ဆန်းထက် သာလွန် သတဲ့လေ။ အဲဒီ သတင်း ဖတ်ပြီး မနေ့တနေ့ကမှ နေပြည်တော်က ပြန်လာတဲ့ မိုးမခ အမာခံ တဦးက ဟောသလို ပြောလေရဲ့။

“ဒီလူ ဗိုလ်အောင်လင်းထွဋ် အတော် နောက်သည်ပင်၊ ကိုယ်တို့ အကြီးအကဲ ၀ပြဲပြဲကြီး ကို ဘယ်ဘ၀ ရောက်အောင် ပို့သည်သာ မသိ၊ သူ့ခမြာ လူယုတ်ကြီး ဖြစ်ရရှာပြီ။ ရှင်းပြပါမည် မရှုပ်ရအောင်ပါ။ ဘုရင့်နောင်တို့ အလောင်းဘုရားတို့ စသည်ဖြင့် ပုံတူ ထုထားတဲ့အရုပ်ကြီးတွေကို ကြပ်ပြေးဝင်ပေါက်မှာ ထားပါသည်။ လူရုပ်ကြီးတွေတွေ့လျှင် နေပြည်တော်ရောက်ပြီလို့ ကိုယ်တို့ဆိုလေ့ရှိ၏။ စာနဲ့ရေးတော့ ဘယ်သကောင့်သားက လက်ဆော့သည်မသိ လူယုတ်ကြီးတွေဖြစ်သွားရှာတော့သည်။ အခုဟိုလူကြီးက ဘုရင်ရူးလို့ ဘာနိုင်ငံကြီး ဆိုလား ထူထောင်ပါလျှင် သူတို့ နောက်က တန်းစီပြီး တစ်ရုပ် တိုးရ တော့မည်။ ထိုအခါ သန်းရွှေ လူယုတ်ကြီး ဖြစ်လေပြီ။ အရောက်ပို့သည် ဆိုသော ဘန်းစကားကို သတိရစရာ”

“သည်မျှနှင့် မရပ်ချေသေး။ ကိုယ်တို့ ဗိုလ်ချုပ်က သူ့ကိုမမီလို့ ဟိုလူကြီးက ပြောလေ သေးကြောင်း ဆိုလာပြန်၏။ ယုံပါသည်။ ဖြစ်ကို ဖြစ်နိုင်ပါသည်။ အမှန်တရား ဖြစ်ကြောင်း သက်သေ ပြပါဦးမည်။ အရာရာ ၀ပြောသော နိုင်ငံတော်ကြီးကို သည်မျှ မွဲပြာကျအောင် အောက်တန်း နောက်တန်း အကျဆုံး ရောက်ရအောင် ဗိုလ်ချုပ်အောင်ဆန်း သာမက ဘယ်မင်း အဆက်ဆက်မှ မတတ်နိုင်ခဲ့။ သွေးထွက်အောင် မှန်ပေ၏။ သူ့ကျမှ အောင်မြင်စွာ ကျဆုံးအောင် ဆောင်ရွက်နိုင်၏။ ဗိုလ်သန်းရွှေ လုပ်သလို မည်သူမျှ မလုပ်နိုင်ပါတကား”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts