ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ငြိမ်းချမ်းရေးကိုရှေးရှုသည့် ပန်းပွင့်လေးများ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇွန် ၁၁၊ ၂၀၁၃

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော စစ်ပွဲများ၊ မျိုးဖြုတ်သတ်ဖြတ်ခြင်းများ ရပ်ဆိုင်းကြစေရန်၊ သံဝေဂ ရကြစေရန်နှင့် မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးဖိနှိပ်မှုအရေး၌ သေဆုံးသွားကြရသော လူသားများ အတွက် ရည်ရွယ်ချက်၍ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ ရှေ့ မြက်ခင်းပြင်ကြီးတွင် အရိုးတုပေါင်း တစ်သန်းကျော်အား ခင်းကျင်းပြသထားသည့် သရုပ်ဖော်အနုပညာ လှုပ်ရှားမှုတစ်ရပ်အား ကျောင်းသား/သူများ၊ အနုပညာရှင်များ၊ လူသားချင်းစာနာမှု တက်ကြွလှုပ်ရှားသူ များတို့သည် ဇွန် (၈) ရက်နေ့မှ (၁ဝ) ရက်နေ့အထိ စုပေါင်းပြုလုပ် ပြသထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းလှုံ့ဆော်မှု အခမ်းအနားကြောင့် အရိုးစုတစ်ခုတိုင်းသည် လူသားခြင်းမသတ်ဖြတ်အောင် လှုံ့ဆော်ပါ လိမ့်မည်။ အရိုးစုတစ်ခုတိုင်းသည် ဖိနှိပ်သတ်ဖြတ်ခံရမှုကို ကိုယ်စားပြုလိမ့်မည်။ အရိုးစုတစ်ခုတိုင်းသည် ဖိနှိပ်သူအာဏာပိုင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ပြတော့မည်။ အရိုးစုတစ်ခုတိုင်းသည် တရားမျှတမှုကို တောင်းဆိုတော့မည် ဖြစ်တော့သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ၉.၆.၂ဝ၁၃ (တနင်္ဂနွေနေ့) နံနက် (၉းဝဝ) နာရီအချိန်တွင် ကချင်ဒေသ တစ်ကျော့ပြန်စစ် (၂) နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံအဖြစ် တိုင်းရင်းသား ညီအစ်ကို မောင်နှမ များအားလုံးနှင့် နှစ်ဖက်စစ်သည်များအားလုံး ရည်စူး၍ လွမ်းသူ့ပန်းခွေချခြင်းအား ရန်ကုန်မြို့ မြို့တော် ခန်းမနှင့် လွတ်လပ်ရေးကျောက်တိုင်အရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ငြိမ်းချမ်းရေးသင်္ကေတအား အောင်သပြေခက်များနှင့် နှင်းဆီပန်းပွင့်အနီများဖြင့် စီချယ်ပြီး ဂျိုးဖြူငှက်အား စံပယ်ဖြူအပွင့်များဖြင့် ထုံမွှန်း၍ သရုပ်ဖော်ထားပြီး စစ်၏ဆိုးကျိုးကြောင့် ကျဆုံး ခဲ့ကြရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးနှင့် နှစ်ဖက်သောစစ်သည်များအား ရည်စူး၍ ဖန်တီးထားသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “ငြိမ်းချမ်းရေးလွမ်းသူ့ပန်းခွေ”အား ဥက္ကဋ္ဌ ဦးကျော်သူ နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့မှ မြို့တော်ခန်းမအရှေ့ရှိ လွတ်လပ်ရေး ကျောက်တိုင်အရှေ့သို့ သယ်ဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။ ၄င်းအခမ်း အနားတွင်လည်း ပြည်တွင်း/ပ အဖွဲ့အစည်းများ၊ လူတန်းစားပေါင်းစုံနှင့် ငြိမ်းချမ်းရေးအား လိုလားကြသော ပြည်သူလူထုအပေါင်းတို့၏ ပန်းစည်းများ၊ ပန်းခွေများ၊ ပန်းခြင်းများလာရောက် ပို့ဆောင်ခဲ့ကြသည်။ ထိုမြောက်မြားစွာသော ပန်းပွင့်များထဲမှ ပန်းတစ်ပွင့်တိုင်းသည် … “ပန်းတစ်ပွင့်တိုင်းသည် လူသားတို့သွေး ချောင်းစီးမှုမဖြစ်ပွားရန် လှုံ့ဆော်ပါလိမ့်မည်။ ပန်းတစ်ပွင့်တိုင်းသည် ဖိနှိပ်သတ်ဖြတ်ခံရမှုကို ကိုယ်စားပြု လိမ့်မည်။ ပန်းတစ်ပွင့်တိုင်းသည် ဖိနှိပ်သူအာဏာပိုင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ပြတော့မည်။ ပန်းတစ်ပွင့်တိုင်းသည် တရားမျှတမှုကို တောင်းဆိုတော့မည် ဖြစ်တော့သည်။ ပန်းတစ်ပွင့်တိုင်းသည် ငြိမ်း ချမ်းရေးကို တောင်းတနေလိမ့်မည်။”

အခမ်းအနားသို့ တတက်ရောက်ချီးမြှင့်ပေးရန် ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာသို့ ငြိမ်းချမ်း ရေးအတွက် လမ်းလျှောက်ချီတက်ခဲ့ကြသော ငြိမ်းချမ်းရေးလူငယ်အဖွဲ့မှ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ယင်း ငြိမ်းချမ်းရေး လမ်းလျှောက်လူငယ်အဖွဲ့အား ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာသို့ ချီတက်လမ်းလျှောက် စဉ်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လမ်းခရီးတစ်လျှောက်၌ အစစအရာရာ အဆင်ပြေချောမွေ့စေရန် အလှူငွေ (၁ဝ) သိန်းကျပ်၊ ဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခြင်း၊ ချီတက်ရာလမ်းတ လျှောက်ရှိ မြို့နယ်၊ ဒေသခံ လူမှုရေး အသင်းအဖွဲ့များနှင့် ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးခဲ့သည့်အပြင် ဦးကျော်သူ၏ အယူသီးမှုပပျောက်ရေး လူမှုရေးဟောပြောပွဲခရီးစဉ်အတွင်း မန္တလေးမြို့တွင် ထပ်မံ၍ ဆုံတွေ့ခဲ့ပြန်ရာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့နှင့်တိုက်ဆိုင်ခဲ့ရာ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ကြသော လူငယ်များနှင့်အတူ “ကံတက်ကုန်းပရဟိတ ဘုန်းတော်ကြီးကျောင်း”၌ ဦးကျော်သူ ကိုယ်တိုင်သွေးလှူဒါန်းခဲ့ပြီး ငြိမ်းချမ်းရေးလူငယ်အဖွဲ့အား ထပ်မံ၍ အလှူငွေ (၁ဝ) သိန်းကျပ် နှင့် ခရီးဆက်ရာလမ်းတလျှောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ငြိမ်းချမ်းရေးအား မြတ်နိုးသည့် ဆရာဝန်များ လိုက်ပါကူညီပေးရန် စီစဉ်ပေးခဲ့သည်။ မန္တလေးမှ ကချင်ပြည်နယ်သို့ ခရီးမနှင် မှီ နံနက်အစောပိုင်း၍ ငြိမ်းချမ်းရေးလူငယ်အဖွဲ့သားတို့သည် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး အား ဦးခိုက်ကန်တော့ပြီးနောက် ဦးကျော်သူနှင့်အတူ အောင်မြေနင်း၍ ဂျိုးဖြူငှက်များ ဘေးမဲ့လွှတ်ကာ ငြိမ်းချမ်း ရေးအတွက် ဆုတောင်းခဲ့ကြသည်။ ထို့အပြင် ၂ဝ၁၃ ခုနှစ်၊ မဟာသင်္ကြန်ရက်များအတွင်း၌ မြန်မာပြည် ကြီး ငြိမ်းချမ်းရေးရရှိရေးအတွက် ရည်စူးအာရုံပြုလျှက် မြင့်မြတ်သော ရဟန်းဘောင်သို့ ချီးမြှင့်နိုင်ခဲ့သည်။ ယခုအခါ ၄င်းငြိမ်းချမ်းရေးလူငယ်အဖွဲ့နှင့် ထပ်မံ၍ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)အနေဖြင့် ၂ဝ၁၂ ခုနှစ်အတွင်း ကချင်ပြည်နယ် စစ်ဘေးသင့် ပြည်သူများအတွက် ကချင်ပြည် နယ်သို့ (၃) ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး အလှူငွေ သိန်း (၁ဝဝဝ) ကျော်ခန့်အား လှူဒါန်းခဲ့ပြီးဖြစ် သည်။

 
ကချင်ဒေသ တစ်ကျော့ပြန်စစ် (၂) နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ ငြိမ်းချမ်းရေးဆုတောင်း မေတ္တာပို့ လမ်းလျှောက်ခြင်းအခမ်းအနားအား နံနက် (၁ဝးဝဝ) နာရီအချိန်မှစတင်၍ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံလမ်းအတိုင်း ကမ်းနားလမ်းမှတဆင့် အလုံမြို့နယ်၊ သစ်တောလမ်းရှိ “ဇောတနာရာမစာသင်တိုက်”သို့ ငြိမ်းချမ်းရေးလူငယ်များ၊ ရဟန်းသံဃာတော်များ၊ တပ်မတော်သား(ငြိမ်း) များ၊ ငြိမ်းချမ်းရေးလိုလားသော အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများတို့မှ ပန်းစည်းပန်းခွေ များနှင့်အတူ ငြိမ်းချမ်းရေးအတွက် လမ်းတလျှောက်၌ မျက်နှာများအား မိတ်ကပ်ဖြူများဖြင့် သွေးစီး ကြောင်းများဖော်ကြူး၍ ပလပ်စတစ်ပုံးများ၊ သံပုံးများအားတီးခတ်၍ သရုပ်ဖော်အနုပညာပြကွက်များ၊ ငြိမ်းချမ်းရေးအား ရှေးရှုသော စာတမ်းပါဆိုင်းဘုတ်များဖြင့် စည်းကမ်းတကျ “ဇောတနာရာမစာသင်တိုက်” သို့ စီတန်းလမ်းလျှောက်ခဲ့ကြသည်။ မွန်းတည့် (၁၂းဝဝ) နာရီအချိန်မှ စတင်၍ ငြိမ်းချမ်းရေးဆုတောင်း ခြင်း၊ တပ်မတော်နှင့် KIA တို့မှကျဆုံးသွားကြသော နှစ်ဖက်တပ်သားများအတွက် ဆုတောင်းအမျှဝေခြင်း တို့အား ကျင်းပပြုလုပ်ခဲ့ချိန်၌ ကောင်းကင်ကြီးတစ်ခုလုံး ထစ်ချုံးညှို့မှောင်၍ မကြေအညှိုးတို့ဖြင့် ရွာဖြိုး တော့မည့်အလား ဟန်ပြပြီးခါမှ မိုးဒေဝါသည် ငြိမ်းချမ်းရေးကို ရှေးရှုသည့်အသွင်ဖြင့် မရွာတော့ပဲ အေးချမ်း ရုံမျှ အုံ့ဆိုင်းခဲ့လေတော့သည်။ ထိုကဲ့သို့ ထစ်ချုန်းပြီး သည်းကြီးမဲကြီး ရွာချတော့မည့် မိုးသားတိမ်တိုက် တို့သည် ရပ်တန့်သွားသကဲ့သို့ အမိမြန်မာပြည်ကြီးတွင် လူသားအပေါင်းမိသားစုများအား ဒုက္ခပင်လယ်ဝေ စေခဲ့သော စစ်ပွဲကြီးများလည်း ထာဝရ ရပ်တန့်သွားမည်ဆိုပါက …. ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts